Sperm Whale



ကမ္ဘာမှာ အကြီးဆုံး ဦးနှောက် ပိုင်ရှင် ဖြစ်တဲ့ Sperm Whales တွေ အကြောင်း သိကောင်းစရာ တွေကို ဒီဆောင်းပါးမှာ တင်ပြ ဆွေးနွေး ထားပါတယ်။ ဖတ်ကြည့် ပါဦးနော်။

ဒီဝေလငါးတွေ အကြောင်း စပြောမယ် ဆိုရင် သူ့တို့ကို ဘာလို့ "Sperm Whales" လို့ခေါ်ကြလဲ ဆိုတာက စပြောမှ ပြည့်စုံမယ် ထင်ပါတယ်။ သူတို့ နာမည်မှာ ပါတဲ့ "Sperm" ဆိုတာရဲ့ စာလုံးအရှည် ကတော့
"Spermaceti" ဖြစ်ပါတယ်။ "Spermaceti" ဆိုတာ ဆီလိုလို အရည်တစ် မျိုး ဖြစ်ပြီး ဦးခေါင်းပိုင်းက Blowhole ရဲ့ အောက်ဘက် မှာရှိတဲ့ Spermaceti Organ မှာ ရှိပါတယ်။ အဲဒီ အရည်တွေ ကိုတော့ အေးတဲ့ ရေ လွှာကို သွားတဲ့အခါ ခဲစေပြီး အအေးဓာတ်ကို လျှော့တဲ့ အခါမှာ သုံးပါတယ်။ ဒီဝေလငါး တွေဟာ အရောင်အနေနဲ့ မီးခိုးရောင် ရင့်ရင့်ကနေ အမည်းရောင် စသည်ဖြင့် ခပ်မှောင်မှောင် အရောင်မျိုး ပိုင်ဆိုင် ကြပါတယ်။ အရွယ်အစား အနေနဲ့ ပြောရင် ဒီ Sperm Whale တစ်ကောင်ဟာ သုံးထပ်တိုက်၊ လေးထပ်တိုက် လောက်တောင် ရှည်ကြ ပါတယ်။ ပျမ်းမျှအရ အရွယ် ရောက်ပြီးသား ဒီဝေလငါး အထီးဟာ ပေ ၅၀ ကနေ ပေ ၆၀ (မီတာ အားဖြင့် ၁၇ မီတာ ကနေ ၂၀ မီတာ) အထိရှိပြီး အလေးချိန် ကတော့ တန် ၄၀ ကနေ တန် ၅၀ အထိ လေးပါတယ်။ ဝေလငါး အ မတွေ ကတော့ အထီးတွေထက် အရွယ်နည်းနည်း ငယ်ပေမယ့် အမတွေဟာ ၃၃ ပေကနေ ပေ ၄၀ အထိ ရှည်ပြီး အလေးချိန် အနေနဲ့ ၁၄တန် ကနေ ၁၈ တန်အထိ လေးပါတယ်။



အထက်က စစခြင်း ပြောခဲ့တဲ့ စကား တစ်ခွန်း ရှိပါတယ်။ ကမ္ဘာ့ အကြီးဆုံး ဦးနှောက် ပိုင်ရှင် တွေပါလို့။ မှန်ပါတယ်။ သူတို့ ဦးနှောက်နဲ့ ကျွန် တော်တို့ ဦးနှောက် ယှဉ်ရင် လိမ္မော်သီးနဲ့ ဖရဲသီး ယှဉ်ထား သလိုပါပဲ။ သူတို့ ဦးနှောက် သက်သက်ကြီး တိုင်းတာရင် ပေါင်နှစ်ဆယ် (တစ်နည်း အားဖြင့် ၉ ကီလို) လောက်ကို လေးပါတယ်။ ဒီအရွယ်အစား ဦးနှောက်ဟာ ဒီဝေလငါးတွေ ပါဝင်တဲ့ ကမ္ဘာ ပေါ်က နို့တိုက် သတ္တ၀ါ အုပ်စုထဲမှာ တင်မက ဘယ်သတ္တ၀ါနဲ့ ယှဉ်ယှဉ် အကြီးဆုံး ဖြစ်ပါတယ်။ သူ့မှာ မျက်လုံးတို့၊ နားတို့လည်း ရှိပါတယ်။ ဒါ့အပြင် ဝေလငါးရဲ့ သင်္ကေတ ဖြစ်တဲ့ ရေတွေ မှုတ်ထုတ်တဲ့ Blowhole ဟာ သူတို့ ဆီမှာတော့ S ပုံစံနဲ့ ၂၀ လက်မကျယ်ပြီး ဦးခေါင်းဆုံး အပိုင်းရဲ့ လက်ဝဲဘက် ခြမ်းမှာ ရှိပါတယ်။ ဒီဝေလ ငါးမျိုးမှာ ကြီးမားတဲ့ ဦးခေါင်းနဲ့ လိုက်တဲ့ ကြီးမားတဲ့ ပါးစပ် ရှိပါတယ်။ ပါးစပ်ရဲ့ အပေါ်ပိုင်း မေရိုးမှာတော့ သွားအစား အောက်မေ ရိုးက သွားတွေနဲ့ အံဝင် ခွင်ကျ အချိုင့် လေးတွေ ရှိပါတယ်။ ၁၆ ပေရှည်တဲ့ အောက်မေးရိုး မှာတော့ တစ်ခုကို ၂ ပေါင်လောက်ထိ လေးပြီး ၇ လက်မလောက် ရှည်တဲ့ သွားပေါင်း ၅၀ ကနေ ၆၀ အထိ ရှိပါတယ်။ ဦးခေါင်းပိုင်းနဲ့ နောက်ဘက် မှာတော့ ၅ ပေရှိပြီး ၃ ပေ ကျယ်တဲ့ ရေ ယက်တံ တွေရှိပြီး သူ့ကိုယ်လုံးရဲ့ နောက်ဘက်ဆုံး မှာတော့ V ပုံစံ အချိုင့်နဲ့ ပဲ့ထိန်းတဲ့ ၁၆ ပေဗြက်ရှိတဲ့ အမြီး ရှိပါတယ်။



အကောင်ကြီးပြီး မြန်မြန်မကူး နိုင်ဘူး လို့တော့ မထင်လိုက် ပါနဲ့။ သူတို့ ရေပြင်မှာ အေးဆေး ကူးရင် တစ်နာရီ ၃ မိုင်ကနေ ၉ မိုင်အထိ ကူး နိုင်ပြီး အားကုန် ထုတ်သုံးပြီ ဆိုရင်တော့ တစ်နာရီ ၂၁ မိုင်ကနေ ၂၇ မိုင် အထိတောင် ကူးနိုင်တဲ့ ဝေလငါးတွေ ဖြစ်ပါတယ်။ အစာစားတဲ့ သ ဘာဝ အနေနဲ့ ပေ ၃၂၈၀ (မီတာ အားဖြင့် ၁၀၀၀ မီတာ) အထိ အလွန်ဆုံး မိနစ် ၉၀ အချိန်ယူ ငုပ်ပြီး ပြည်ကြီး ငါးတွေ ရှာစား တတ်တယ် ဆို ပေမယ့် သူ့အစာ ထဲမှာ ငါးတွေလဲ ပါပါတယ်။ တစ်ချို့ဆို ငါးမန် တွေတောင် စားပစ်တယ်လို့ ဆိုပါတယ်။ မဖြစ်နိုင် စရာတော့ မရှိပါဘူး။ သူ့ရဲ့ ကြီးမားတဲ့ ပါးစပ် ပေါက်ကြီးဟာ ငါးမန် တစ်ကောင် ၀င်လို့ ဆန့်ပြီး တစ်နေ့ စားရင် ၁ တန်လောက်ကို စားလို့ပါ။ နေထိုင်တဲ့ ဒေသ အနေနဲ့ ရေပူရေအေး မရွေး ကျယ်ပြောတဲ့ သမုဒ္ဒရာ မဆို ကူးလူး နေထိုင်ပြီး ကမ်းခြေ ဘက်ကိုတော့ လာလေ့လာထ မရှိပါဘူး။ သဘာဝ အနေနဲ့ အုပ် စုလိုက် နေတဲ့ သဘာဝ ရှိပြီး သူတို့ ဝေလငါးအုပ် ကိုတော့ Pods လို့ခေါ်လေ့ ရှိပါတယ်။ ဒီအုပ်စု တစ်စုမှာ အများစု အားဖြင့် မိခင် ဝေလ ငါးတွေနဲ့ ရင်သွေး ဝေလငါး တွေသာ အများဆုံး ပါဝင်ပါတယ်။ နို့တိုက် သတ္တ၀ါ တွေရဲ့ အလေ့အထ အရ မိခင် ဝေလငါး တွေဟာ သူတို့ရဲ့ ရင်သွေး တွေကို သေချာ လေ့ကျင့် သင်ကြား ပေးပေမယ့် အထီး ဝေလငါး တွေကတော့ တစ်အုပ်စု ကနေ တစ်အုပ်စု ပြောင်းရင်း နောက် ဆုံး အီကွေတာ ဘက်ကို မျိုးပွားဖို့ ဦးတည် သွားပါတယ်။



တစ်ကမ္ဘာလုံးမှာ ဒီ Sperm Whale ဝေလ ငါးကောင်ရေ ၂ သိန်းရှိပြီး ကွယ်ပျောက်မယ့် အန္တရာယ် ရှိတဲ့ မျိုးစိတ်အဖြစ် သတ်မှတ်ထားပါ တယ်။ သက်တမ်း အရ အနှစ် ၇၀ ကျော်နေတဲ့ သတ္တ၀ါတွေ ဖြစ်ပေမယ့် တန်ဖိုးရှိတဲ့ ခန္ဒာကိုယ် အစိတ်အပိုင်းတွေ ရလိုမှုဖြင့် လူတွေရဲ့ တရား လွန် အမဲလိုက် မှုကြောင့် သက်တမ်းစေ့ နေရလေ့ မရှိပါဘူး။ ယခု အခါမှာတော့ အမဲလိုက်နှုန်း လျော့ကြ လာပြီး ကောင်ဦးရေ တဖြည်း ဖြည်း ပြန်တိုးတက် လာနေပြီ ဖြစ်ပါတယ်။ ဒီဝေလငါး တွေနဲ့ ပတ်သက်တဲ့ စာပေ အနေနဲ့ စာရေးသူ သိသလောက် ကတော့ Herman Melville ရေးတဲ့ Moby Dick ဟာ ထင်ရှားပြီး Anime တွေမှာတော့ One Piece သူရဲကောင်း ဖြစ်တဲ့ WhiteBeard ကြီးရဲ့ သင်္ဘော နာမည်ဟာ Moby Dick ဖြစ်ပါတယ်။



ကမ္ဘာ့ တိရစ္ဆာန် တွေရဲ့ ဇီဝဖြစ်စဉ်နဲ့ လည်ပတ်မှု တွေဟာ သဘာဝအလျောက် သူ့ဘာသာသူ မျှတနေပါတယ်။ အဲဒီလို မျှတ နေတာကို လူတွေ က အစာအဖြစ် ဖမ်းဆီး စားသောက်တာ နဲ့တင် နှောက်ယှက်တာ လုံလောက် သင့်ပါပြီ။ လောဘနဲ့ ဖမ်းဆီး သတ်ဖြတ် နေမယ် ဆိုရင် တော့ လူသား တွေဟာ သဘာဝရဲ့ ထာဝရ တရားခံ တွေအဖြစ် ကျင်လည်ရာ ကမ္ဘာကြီးရဲ့ တစ်သက်တာ မှတ်တမ်းမှာ မှတ်တမ်း တင်ခံရ တော့မှာ ဖြစ်ကြောင်း တင်ပြရင်း နိဂုံးချုပ် အပ်ပါတယ်။



Images from touringsrilanka, wakpaper, langmanduoduo, prweb, nationalgeographic. Source: animals.nationalgeographic.com, enchantedlearning.com.

Author Paing Hmu Ko
MYMC

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...