ထီးကိုဆောင်းကြပါ


နရီမင်း

ဤကဲ့သို့ ခေါင်းစဉ်တပ်လိုက်ပြီ ဆိုသည်နှင့် လူအများက ကျွန်တော့်ကို အာဆာဟိ၊ ယာမားစူး၊ နီကိုအစရှိသော ခေတ်မီလှပသည့် ဒီဇိုင်းဆန်းများနှင့် ထီးများကိုင်ဆောင်လျက် လူရောထီးပါ လှုပ်ရမ်းပြတတ်သော မော်ဒယ်ကလေးများကဲ့သို့ ထီးကြော်ငြာတော့မည်ဟု ထင်ကြပေလိမ့်မည်။ မည်သည့်ကုမ္ပဏီကမှ ကျွန်တော့်ကို တရားဝင် ကမ်းလှမ်းထားချက်များ မရှိသောကြောင့် (အနည်းဆုံး ယခုလောလောဆယ်တွင်) ကြော်ငြာဆောင်းပါး ရေးစားရန် အစီအစဉ် မရှိသေးပါ။ မည်သည့်ကုမ္ပဏီကမှ ကြော်ငြာခ တစ်ပြားတစ်ချပ်မှ မရလင့်ကစား စေတနာ့ဝန်ထမ်း ထီးကြော်ငြာ ဆောင်းပါးကို သင်တို့၏ ကျန်းမာရေးအလို့ငှာ ကျွန်တော် ရေးသားပါတော့မည်။

မိုးရွာလျှင် ထီးဆောင်းရမည်ကို လူတိုင်းသိကြပါသည်။ မိုးရွာလျှင် ပါလာသမျှ ပစ္စည်းအားလုံးနှင့်တကွ တစ်ကိုယ်လုံးရွှဲရွှဲ စိုသွားမည်ဆိုသည့် လတ်တလော ပြဿနာအတွက် ကျွန်တော်တို့ ထီးဆောင်းကြပါ သည်။ (ကျွန်တော်တို့သည် လတ်တလော ပြဿနာများကိုသာ လက်မလည်အောင် ဖြေရှင်းနေရသဖြင့် “နောင်ခါလာ နောင်ခါဈေး” ဆိုသကဲ့သို့ နောင်ကျ မှ ဖြစ်ပေါ်လာမည့် ပြဿနာများကို ထည့်သွင်းစဉ်းစားရန် အချိန်မရ တတ်ကြပါ)

ကျွန်တော်အပါအ၀င် (အထူးသဖြင့် စိတ်ရှုပ်မခံချင်ကြသော) ယောက်ျားလေး အများစုသည် နေပူလျှင် ထီးဆောင်းရကောင်းမှန်း မသိတတ်ကြပါ။ အမှန်တကယ်တွင် နေအန္တရာယ်သည် နောင်အခါတွင် မှ ဖြစ်ပေါ်လာနိုင်သော ပြဿနာ အမျိုးအစားတွင် ပါဝင်သောကြောင့် ထီးမိုးပေးမည့် မိန်းကလေးတစ်ဦး အနားတွင်မရှိပါက ယောက်ျားလေးများသည် နေအန္တရာယ်ကို သိသည့်တိုင် သူရဲကောင်းဆန်စွာ လျစ်လျူပြုပစ် လိုက်ကြပါသည်။

ကျွန်တော် အသေအချာ ပြန်စဉ်းစား ကြည့်မိသောအခါ မိုးအန္တရာယ်သည် လတ်တလော ပြဿနာ တက်သည်မှလွဲ၍ နေအန္တရာယ်လောက် ကြီးမားခြင်းမရှိကြောင်း တွေ့ရှိရပါသည်။ အကယ်၍ အလွန်သည်းထန်သော မိုးမဟုတ်ပါက စိုနိုင်သောပစ္စည်းများကို ကြွပ်ကြွပ်အိတ်နှင့် လုံအောင်ထုပ်လျက် မိုးရွာထဲ လမ်းလျှောက်ရခြင်းမှာ အရသာတစ်မျိုး ရှိပါသည်။ အိမ်ပြန်ရောက်လျှင် ဆီးကြိုပွေ့ဖက်မည့်သူ ရှိသူများ အဖို့ဆိုလျှင် ထို့ထက်ပင် အရသာရှိနိုင် ပါသေးသည်။ “ဟယ် … ကိုကို မိုးတွေ မိလာတယ်။ လာမြန်မြန် အင်္ကျီလဲ။ ကော်ဖီပူပူလေး သောက်လိုက်” ဟူသည့် စကားသံက နွေးထွေး အချမ်းပြေစေ ပါလိမ့်မည်။

မည်သို့ပင် ဆိုစေကာမူ မိုးကြိုးပစ်လျှင် ထန်းလက်ဖြင့်ကာ၍ မရသော်လည်း နေရောင်အား ထီးဖြင့်ကာ၍ ရပါသည်။ သင်၏ အရေပြားအား လာရောက်ထိတွေ့သော နေရောင်ကို အိုဇုန်းလွှာ အပေါက်ထဲမှ ယိုကျလာသော နေရောင်မဟုတ်ဟု မည်သူမျှ အတပ်မပြောနိုင်ပါ။ ထို့ကြောင့် သင်သည် နေပူထဲသွားလျှင် (အဆာဟိပဲဖြစ်ဖြစ်၊ ယာမားစူးပဲဖြစ်ဖြစ်၊ နီကိုပဲဖြစ်ဖြစ်၊ ယုတ်စွအဆုံး ပုသိမ်ထီး၊ အိမ်တော်ရာ ထီးပဲဖြစ်ဖြစ်) ထီးတစ်လက်လက်ကို ဆောင်းခြင်းဖြင့်…

သို့သော် (အနည်းဆုံး) နေပူထဲမှ ပြန်လာပြီး ခေါင်းကိုက်ဖူးသူ၊ နှာစေးဖူးသူများအဖို့ နေပူမိခြင်းသည် မိုးမိလာခြင်းကဲ့သို့ အရသာခံစရာ မကောင်းကြောင်း ကောင်းကောင်းသိနိုင် ပါလိမ့် မည်။ နေပူမိခြင်းကြောင့် နောင်အခါဖြစ်ပေါ် လာနိုင်သည့် ဆိုးကျိုးသည်ကား ခေါင်းကိုက်၊ နှာစေးခြင်း ထက်ပင် အဆရာထောင်မက ဆိုးရွားလှပေသည်။ ဤသို့ နေအန္တရာယ်အကြောင်း ကျွန်တော် တွေးဖြစ်သွားသည်မှာ သတင်းဆောင်းပါး တစ်ပုဒ်တွင် ပါဝင်လာသော အောက်ပါစာပိုဒ်ကို ဖတ်မိသောကြောင့်ဖြစ်သည်။

“၁၉၈၅ ခုနှစ်က ဗြိတိသျှလူမျိုး အန္တာတိတ်ဒေသ လေ့လာရေး အဖွဲ့ဝင်များသည် တောင်ဝင်ရိုးစွန်းတစ်ဝိုက် အိုဇုန်းဓာတ်မရှိသော ဟင်းလင်းပြင် အပေါက်တစ်ခုကို တွေ့လာခဲ့ကြသည်။ ထိုအဖွဲ့သည် ၁၉၈၇ ခုနှစ်တွင် အန္တာတိတ်စက်ဝိုင်းသို့ ဒုတိယအကြိမ် သွားရောက်ကာ ကမ္ဘာပတ်လည်တွင် အိုဇုန်းဓာတ်များ ပါးလွှာပျောက်ကွယ် သွားပုံကို အသေးစိတ် လေ့လာခဲ့ကြပြန်သည်။ သြဂုတ်လမှ စက်တင်ဘာလအထိ သူတို့သည် တိုင်းထွာရေး ကိရိယာများ တပ်ဆင်ထားသော လေယာဉ်များကို အထက်အိုဇုန်း အလွှာထဲသို့ စေလွှတ်ကြည့်ခဲ့သည်။ ယင်းသို့ လေ့လာကြည့်လိုက်သည့် အခါတွင် အိုဇုန်းဓာတ်သည် ရက်သတ္တပတ် အနည်းငယ် အတွင်းတွင် ရာခိုင်နှုန်း ၅၀ ခန့် ကျဆင်းနေသည်ကို တွေ့ရသည်”

အောက်ဆီဂျင်မော်လီကျူး တစ်ခုတွင် အောက်ဆီဂျင်အက်တမ် နှစ်ခုပါဝင်သောကြောင့် O2 ဟုခေါ်ကြောင်း ကျွန်တော်တို့ သိကြပါသည်။ သို့သော် အိုဇုန်းဓာတ် မော်လီကျူးတစ်ခု သည် အောက်ဆီဂျင်အက်တမ် သုံးခုဖြင့် ဖွဲ့စည်းထားသည်။ အဆိုပါ အိုဇုန်းအလွှာသည် ကမ္ဘာမြေကြီး၏ အထက် ၁၀ မိုင်ခန့်အကွာတွင် တိမ်လွှာထုကြီးအဖြစ် ဖုံးအုပ်ထားသည်။ ယင်းကို “စထရာတိုစဖီးယား” အလွှာဟု ခေါ်ပါသည်။ နေမှလာသော အပူရှိန်ဖြာထွက်မှုနှင့် ခရမ်းလွန်ရောင်ခြည်များ ကမ္ဘာမြေပြင်ပေါ်သို့ တိုက်ရိုက်ကျမလာအောင် ယင်းအလွှာကြီးက ကာကွယ်ပေးထားသည်။ ယင်းအိုဇုန်းလွှာသာ ခံမနေခဲ့ပါလျှင် နေရောင်ခြည် ဖြာထွက်မှုနှင့် ခရမ်းလွန်ရောင်ခြည်တို့သည် ကျွန်တော်တို့အပေါ်သို့ တိုက်ရိုက်ကျရောက်ပြီး သေစေနိုင်သော အရေပြား ကင်ဆာရောဂါကို ဖြစ်ပေါ်စေလိမ့်မည်ဖြစ်သည်။ ကျွန်တော်တို့ အသက်ဇီဝ၏ အနှစ်ချုပ်ဖြစ်သော “ဒီအင်အေ” မော်လီကျူးတို့တွင် အပြောင်းအလဲများ ဆိုးဆိုးရွားရွား ဖြစ်ပေါ်လာမည် ဖြစ်သောကြောင့်ပင်။

အသံထက်မြန်သည့် ဂျက်လေယာဉ်တို့မှ ထုတ်လွှတ်သော နိုက်ထရိုဂျင်အောက်ဆိုက် ဓာတ်ငွေ့ကြောင့် လည်းကောင်း၊ (ယခင်က) အဲယားကွန်း၊ ရေခဲသေတ္တာများကို အသုံးပြုရာမှ ထွက်ပေါ်လာသော CCl3F၊ CClF2၊ CClF3 နှင့် CF4 ဓာတ်ငွေ့များကြောင့် လည်းကောင်း၊ တောမီးလောင်ခြင်းမှ ထွက်ပေါ်လာသော မီးခိုးများကြောင့် လည်းကောင်း၊ နျူကလီးယား စမ်းသပ်မှုများကြောင့် လည်းကောင်း အိုဇုန်းလွှာများ ပျက်စီးနိုင်ပါသည်။ အကယ်၍ နျူကလီးယားစစ်ပွဲကြီး တစ်ခုသာ ဖြစ်ခဲ့လျှင် အိုဇုန်းလွှာတစ်ခုလုံး ပျက်စီးသွားပြီး အကာအကွယ်မဲ့ နေရောင်ထဲတွင် ကျွန်တော်တို့ လူသားမျိုးနွယ်တစ်ရပ်လုံး ကိစ္စတုံးသွား ရပေတော့မည်။ (လူသားတို့အား သူတို့ကိုယ်တိုင်၏ မိုက်မဲမှုကပင် နိဂုံးဆီသို့ ပို့ဆောင်ပေးနိုင်သည် မဟုတ်ပါလား)

မည်သို့ပင် ဆိုစေကာမူ မိုးကြိုးပစ်လျှင် ထန်းလက်ဖြင့်ကာ၍ မရသော်လည်း နေရောင်အား ထီးဖြင့်ကာ၍ ရပါသည်။ သင်၏ အရေပြားအား လာရောက်ထိတွေ့သော နေရောင်ကို အိုဇုန်းလွှာ အပေါက်ထဲမှ ယိုကျလာသော နေရောင်မဟုတ်ဟု မည်သူမျှ အတပ်မပြောနိုင်ပါ။ ထို့ကြောင့် သင်သည် နေပူထဲသွားလျှင် (အဆာဟိပဲဖြစ်ဖြစ်၊ ယာမားစူးပဲဖြစ်ဖြစ်၊ နီကိုပဲဖြစ်ဖြစ်၊ ယုတ်စွအဆုံး ပုသိမ်ထီး၊ အိမ်တော်ရာ ထီးပဲဖြစ်ဖြစ်) ထီးတစ်လက်လက်ကို ဆောင်းခြင်းဖြင့် သင့်၌ ပညာဥာဏ် အမြော်အမြင် ရှိကြောင်း ပြသ သင့်ပါသည်။

ပုစွန်သာမက မိကျောင်းပါ သေလောက်အောင် ပူပြင်းနေသော နေရောင်အောက်၌ ကတ္တရာလမ်းများ သည်ပင်လျှင် “ဆာဗေဒို ဒါလီ” ၏ ပန်းချီကားထဲမှာ နာရီများကဲ့သို့ အရည်ပျော်ကျ နေကြသည်။

EMG

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...