ရဲရိုပင်
မြန်မာနိုင်ငံအရပ်ရပ်၌ အထူးသဖြင့် မိုးများသော ဒေသများ၌ ပေါက်ရောက်လေ့ရှိသော ရဲရိုပင်ကို စားသုံး၍ရသော အရွက်နှင့် အသီးတို့ကြောင့် လူသိများသည်။ ယင်းသည် နီပါးဆေးပင်မျိုးတွင် ပါဝင်၍ နီပါးကြီးဟုလည်း ခေါ်ဝေါ်ကြလေသည်။
ရဲရိုရွက်သည်လည်း ဆေးဖက်ဝင်သည်ဟု ဆိုကြသည်။ အရသာခါးသော်လည်း လေနိုင်သော အရွက်တမျိုး ဟု ဆိုကြသည်။ ငခူ၊ငရံ့ စသည့် ငါးတမျိုးမျိုးကို ရဲရိုရွက်နုဖြင့် ငါးပေါင်းထုတ် လုပ်စားလေ့ရှိကြရာ ရဲရိုရွက်၏ ခါးသက်သက် အရသာကြောင့် ငါးပေါင်းထုတ်သည် ပို၍ အရသာ ထူးကဲသည်။ ထို့ကြောင့် မြန်မာ ငါးပေါင်းထုတ်တွင် ရဲရိုရွက်သည် မပါမဖြစ်သော ပစ္စည်းတရပ်ဖြစ်သည်။ ငါး ပုဇွန် စသည် တမျိုးမျိုးနှင့် ရဲရိုရွက်ကို ငါးပေါင်းကြော်ကြော်၍လည်း စားသုံးကြသည်။ ရဲရိုရွက်နုကလေးများကို မီးအုံး၍၄င်း၊ ရေနွေးဖျော၍၄င်း အတို့အမြှုပ် ပြုလုပ်၍လည်း စားသုံးကြလေသည်။
ရဲရိုရွက်နှင့် အသီးတို့တွင် ပါဝင်သော အာဟာရဓာတ်များသည် အတူတူလိုပင် ဖြစ်သည်။ ယင်းတို့တွင် ဗီတာမင်စီဓာတ်၊ ကလိုရီဓာတ်၊ ရေငွေ့ဓာတ်တို့ တော်တော်များများပါဝင်၍ ထုံးဓာတ်နှင့် သတ္ထုဓာတ်တို့ အတော်အသင့် ပါသည်။ ကာဗိုဟိုက်ဒရိတ်နှင့် ပရိုတင်းဓာတ်များလည်း အနည်းငယ်စီပါသည်။ ထို့ကြောင့် ရဲရိုရွက်သည် အရသာခါး၍ အသီးသည် အနံ့ပြင်းသော်လည်း အင်အားဖြစ်စေသော အရွက်နှင့်အသီးဟူ၍ ဆိုနိုင်သည်။
မြန်မာဆေးကျမ်းများအလိုမှာ ရဲရိုရွက်သည် ခါး၏။ စဉ်းငယ်ပူ၏။ လေကိုရွှင်စေတတ်၏။ သွေးကို တက်ကြွစေတတ်၏။ ၀မ်းကိုလည်းရွှင်စေတတ်၏။
ရဲရိုသီးသည် ပူစပ်သော အရသာရှိ၏။ စဉ်းငယ်လည်းချဉ်၏။ သွေး သည်းခြေ လေ သလိပ်တို့ကိုနိုင်၏။ အစာမကျေသော အနာ၊ လေလှိုက်တက်သော အနာ၊ လေပူနာ၊ သည်းခြေ လှုပ်ရှားထကြွသော အနာတို့ကို နိုင်၏။ ရဲရိုသီးမှည့်ကို ထန်းလျက်နှင့် နယ်၍ တညဥ့်သိပ်ထားပြီးသည့်နောက် ကောင်း စွာ ခေါက်၍ ဆားအနည်းငယ်ထည့်ပြီးလျှင် သုံးဆောင်ပါက ၀မ်းဖော ၀မ်းရောင်၊ ရင်ကယ်ရောဂါ များ ပျောက်ကင်း၍ ရင်ချောင်စေသည်။ ချောင်းဆိုးသော် ပျားရည်နှင့် နယ်၍ စားသုံးက လျင်မြန် စွာ ပျောက်စေတတ်သည်ဟု ဆိုလေသည်။
MOI Webportal Myanmar
မှတ်ချက်။ မြန်မာ့စွယ်စုံကျမ်း အတွဲ ၁၁ မှ ကောက်နုတ်ဖော်ပြပါသည်။