လူငယ်နှင့်စာပေ
ယနေ့လူငယ်နောင်ဝယ်လူကြီးဆိုတဲ့ စကားအတိုင်းဒီကနေ့လူငယ်များသည် လာမည့်အနာဂတ်ကာလ တွင်တိုင်းပြည်၏ ကိစ္စအဝဝကို ပခုံးပြောင်းတာဝန်ယူရမည့် မျိုးဆက်သစ်များပင်ဖြစ်သည်။
"ကလေးကောင်းမှလူကြီးကောင်းမယ်" ဟု ဆရာတော်အရှင်ဆန္ဓာဓိက မိန့်တော်မူသလိုပင် အနာဂတ် တိုင်းပြည်ကောင်းဖို့ ကောင်းမွန်သောဉာဏ်ပညာ၊ ကြီးသောအတွေးအခေါ်၊ မျှတသောလူ့အဖွဲ့အစည်း တစ်ရပ်ပေါ်ပေါက်ရန်မှာ အရေးကြီးဆုံးလိုအပ်ချက်ပင် ဖြစ်သည်။ ဤအချက်များသည်စာပေမှတစ်ပါး အခြားမရှိပါ။ ဒါကြောင့်လူငယ်တွေမှာ စာဖတ်ချင်စိတ်ရှိဖို့အရေးကြီးသည်ဟု ဆရာမမသီတာ (စမ်းချောင်း) ကမှတ်ချက်ပြု ပြောကြားခဲ့သည်။
"ဘယ်ခေတ်ပဲရောက်ရောက် စာပေကလူငယ်တွေအတွက် အရေးပါတယ်။ ဖျော်ဖြေရေးအနေနဲ့ပဲဖြစ် ဖြစ် ဗဟုသုတရှာဖို့ပဲဖြစ်ဖြစ် စာပေကအကောင်းဆုံးပဲ။ စာပေမှာတော့ အသိပညာပိုင်းဆိုင်ရာစာပေတို့ ဖျော်ဖြေရေးစာပေတို့စသဖြင့်ပေါ့။ အမျိုးမျိုးရှိတဲ့အထဲက ကိုယ့်စိတ်မျက်စိပေါ်မူတည်ပြီး ရွေးချယ်နိုင် တယ်။ စာပေဖတ်ခြင်းကပဲ အတွေးအခေါ်တွေ ရနိုင်တယ်။ ဒါကြောင့်လူငယ်တွေကို ဒီထက်ပိုပြီးဖတ် စေချင်တယ်။ တိုင်းပြည်အနာဂတ် ဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာက တိုင်းပြည်ငြိမ်းချမ်းမှ အကောင်းဆုံးနေ ရာကို ရောက်မှာ။ ဒီလိုကောင်းဖို့ဆိုရင် နိုင်ငံသားတိုင်း စိတ်ကူးကောင်းဖို့ အတွေးအခေါ်ကောင်းဖို့ လိုတယ်။ အဲဒီလိုလူ့အဖွဲ့အစည်းမျိုးကို ထူထောင်နိုင်အောင် စာပေကိုပိုမိုလေ့လာဖို့လိုတယ်" ဟု ဆရာမ မသီတာ (စမ်းချောင်း) ကမှတ်ချက်ပြုပြောကြားခဲ့သည်။
"ဒီနေ့ခေတ်မှာ စာဖတ်တဲ့အပိုင်းကိုပြောရင် နှစ်ပိုင်းရှိတယ်လို့ပြောရမယ်။ စာအုပ်ဖတ်တဲ့သူနဲ့ Online media ကနေဖတ်တဲ့သူပေါ့။ စာအုပ်ဖတ်တဲ့လူငယ်တွေရဲ့ လက်ရှိစာဖတ်နှုန်းကိုကြည့်ရင် အားမရဘူး။ တခြားတိုင်းပြည်တွေမှာဆိုရင် အုပ်ရေးငါးသန်းလောက်အထိ ရောင်းရတာတွေရှိတယ်။ အဲဒီစာအုပ်ကို ကျွန်တော်တို့နိုင်ငံမှာထုတ်ရင် အုပ်ရေ ၅၀၀ လောက်ကိုအသည်းအသန်ရောင်းရတယ်။ ဒါကိုကြည့် ခြင်းအားဖြင့် စာဖတ်အားအတော်နည်းနေသေးတယ်ဆိုတာကို တွေ့နိုင်တယ်။ လူငယ်တွေဟာ ကျောင်းစာတွေနဲ့ တခြားဖျော်ဖြေရေး အစီအစဉ်တွေမှာ အချိန်ကုန်နေကြတယ်။ သူတို့အပေါ် စာပေ လွှမ်းမိုးနိုင်မှုနှင့် ပတ်သက်၍ မြတ်မိခင်စာပေထုတ်ဝေရေးမှ ကိုကျော်ကျော်က သုံးသပ်ပြောကြားခဲ့ သည်။
စာပေသည် ခေတ်အဆက်ဆက်ကို လှမ်းမြင်နိုင်သော ပြတင်းများဖြစ်ပြီးအနာဂတ်လှပရေးကိုလည်း ဆောင်ကြဉ်းပေးနိုင်ကြောင်း ဆရာချစ်ဦးညိုက "ဒီခေတ်မှမဟုတ်ဘူး။ စာပေကခေတ်အဆက်ဆက်မှာ အရေးပါတယ်။ စာပေဆိုတာသက်ဆိုင်ရာ ပညာရှင်တွေက သူတို့ရဲ့အတွေးအခေါ်တွေ အကြံဉာဏ် တွေ၊ သူတို့ခံစားခဲ့ရတာတွေ၊ သူတို့အတွေ့အကြုံတွေကို စာရေးပြီးမှတ်တမ်းတင်ထားတာ။ အတိတ် ကဖြစ်ခဲ့တဲ့ဟာတွေကို စာပေကပဲတစ်ဆင့်သိနိုင်တာ။ ကာလသုံးပါးကိုလေ့လာနိုင်တာ စာပေပဲ။ ဒါကိုမလေ့လာဘူးဆိုရင် အတိတ်မဲ့တဲ့လူဖြစ်သွားမယ်။ အတိတ်ကိုသိမှ ပစ္စုပ္ပန်ကောင်းမယ်။ ပစ္စုပ္ပန် ကောင်းမှ အနာဂတ်လှမယ်။ လူငယ်တွေစာဖတ်ချင်လာအောင် လူကြီးတွေကလုပ်ပေးရမယ်။ ပတ်ဝန်းကျင်ကောင်းတွေ ဖန်တီးပေးရမယ်" ဟု သုံးသပ်ပြောကြားခဲ့သည်။
အလိမ္မာစာမှာရှိသော်ငြားလည်း စာပေဖတ်ရှုသည့် ယဉ်ကျေးမှုနှင့် ကင်းကွာနေသော လူ့အဖွဲ့အစည်း တစ်ရပ်ပေါ်ပေါက်လာခြင်းနှင့် ပတ်သက်၍ဆရာမင်းခက်ရဲက "ယေဘုယျပြောရင် စာပေကလူငယ်ကို မလွှမ်းမိုးနိုင်ဘူး။ ဒါပေမဲ့ကျောင်းသင်ခန်းစာမှာ သင်ရတဲ့ဝတ္ထု၊ စကားပြေစာပေကတော့ လွှမ်းမိုးတယ်။ လွတ်လပ်တဲ့ပြင်ပစာပေနဲ့ ပြောရင်တော့ လူငယ်တွေပဲမဟုတ်ဘူး။ လူကြီးတွေပေါ်မှာလဲ စာပေက မလွှမ်းမိုးနိုင်ဘူး။ လူကြီးတွေရော၊ လူငယ်တွေရော၊ နိုင်ငံရေးသမားတွေရော စာမဖတ်ကြဘူး။ အဲဒါ ကြောင့်နိုင်ငံရေးမှာ လက်လွတ်စပယ်ပြောတာတွေ ဖြစ်လာတာ" ဟုယင်း၏အမြင်ကို ပြောကြားခဲ့ သည်။
ဓားသည် သွေးမှထက်သကဲ့သို့ အသိဉာဏ်ကိုလည်း စာပေဖြင့် အမြဲသွေးပေးရမည်ဖြစ်သည်။ သို့မှ သာစဉ်းစားချင့်ချိန်နိုင်သည့် စွမ်းရည်များမြင့်မားလာမည်ဖြစ်သည်။ ယင်းကြောင့်အနာဂတ်တွင် လူကြီး ဖြစ်လာမည့် လူငယ်များကို စာပေဖတ်ရှုသည့် အလေ့အထများ ဖြစ်ပေါ်လာစေရန် ပြုစုပျိုးထောင်ပေး ရန်လိုကြောင်းကို ဆရာမမသီတာ (စမ်းချောင်း) က "လူငယ်တွေ စာဖတ်အားနည်းတာ ပညာရေးစနစ် နဲ့လဲဆိုင်တယ်။ ပညာရေးစနစ်ကသင်ခန်းစာကို အလွတ်ကျက်ရတာ။ အလွတ်ကျက်တာတောင် အကုန်ကျက်စရာမလိုဘူး။ အဲဒီနည်းနဲ့ စာမေးပွဲအောင်ဘွဲ့ရဆိုတော့ စာဖတ်တဲ့အလေ့အထမရှိခဲ့ဘူး။ သင်ခန်းစာတစ်ခုသင်တာနဲ့ စာကြည့်တိုက်သွားပြီး စာအုပ်တွေရှာဖတ်ပြီးရင် ကိုယ့်အတွေးနဲ့ကိုယ် ပြန်ရေးရင် အမှတ်ကောင်းပေးတဲ့စနစ်နဲ့သွားရင် လူငယ်တွေစာပေအပေါ်မှာ ပိုပြီးတော့စီးမျောလာ မယ်။ ဒီလိုအလေ့အထက မရှိခဲ့တော့တွေးခေါ်ရတဲ့အလုပ်ကို လူငယ်တွေမလုပ်ချင်ကြတော့ဘူး။ လွယ်လွယ်နဲ့ပဲ သွားချင်နေကြတယ်။ ဖျော်ဖြေရေးစာပေတချို့တော့ လွှမ်းမိုးမှုရှိပါတယ်" ဟုအကြံပြု ပြောကြားခဲ့သည်။
"စာဖတ်အားနည်းတော့ ကိုယ်တိုင်တွေးခေါ်နိုင်စွမ်း နည်းသွားတယ်။ ဖြစ်စဉ်တွေအပေါ်မှာ သူများ ပြောတာ အမှန်ပဲလို့ထင်ပြီး ဆင်ခြင်မှုအားနည်းလာကြတယ်" ဟု စာပေလေ့လာမှုအားနည်းခြင်း ကြောင့်ဖြစ်ပေါ်နိုင်သော ဆိုးကျိုးတစ်ခုကိုထောက်ပြ ပြောဆိုခဲ့သည်။
လူငယ်များးစာဖတ်အားကောင်းလာစေရန် လူငယ်များအပေါ် လွှမ်းမိုးနိုင်သော ခေါင်းဆောင်များက လမ်းပြရန်လိုကြောင်းကိုလည်း ကိုကျော်ကျော်က တိုက်တွန်းပြောကြားခဲ့သည်။
The Flower News Journal
Vol.10, No.7, Feb.11-17, 2014