ပုခင်လွှဲသောလက်ပိုင်ရှင်များသတိ
ပုခက်လွှဲသောလက်သည် ကမ္ဘာကိုလွှမ်းမိုးနိုင်တယ်ဆိုပေမယ့် လက်တိုင်းတော့မဟုတ်လောက်ဘူး။ အဖိုးတန်တဲ့လက်တွေကို ရည်ညွှန်းတာဖြစ်နိုင်တယ်။ ခပ်ညံ့ညံ့လက်တွေတော့ပါမယ်မထင်။ အသိ ဉာဏ်ပညာမြင့်မားတဲ့ မိခင်တွေရဲ့ ပုခက်ထဲကရင်သွေးကသာ ကမ္ဘာကြီးအတွက် အသုံးဝင်တဲ့လူသား ဖြစ်နိုင်လို့ပါပဲ။
မြန်မာ့ရုပ်ရှင်ရွှေခေတ်က အကယ်ဒမီမင်းသမီး ဒေါ်ဆွေဇင်ထိုက်ဆိုရင် မြန်မာပြည်တစ်လွှားမသိသူမရှိ လောက်ပါဘူး။ တစ်မူထူးခြားတဲ့သရုပ်ဆောင်ဟန်နဲ့ အသံကြောင့်လည်းးထင်ရှားပါတယ်။ အဲဒီ မင်းသမီးဟာ ငယ်နုစဉ်ကအလှနဲ့တာဝန်ကျေခဲ့သလို အရွယ်ကလေးရလာတော့လည်း သတင်းကြီးတဲ့ မင်းသမီးဘဝကနေ ပြည်သူ့အကျိုးပရဟိတလုပ်ငန်းတွေကို တက်ကြွစွာဦးဆောင်ပါဝင်နေတဲ့ မျိုးချစ် စိတ်ဓာတ်ပြင်းထန်သူ ပညာတတ်မြန်မာအမျိုးသမီးတစ်ဦးအဖြစ် မြင်တွေ့ရပြန်ပါတယ်။
မြန်မာအမျိုးသမီးတွေကို ပညာတတ်စေချင်တယ်။ အသိဉာဏ်ပညာတွေ မြင့်မားစေချင်တယ်။ တန်ဖိုး ရှိတဲ့မြန်မာအမျိုးသမီးတွေ ဖြစ်စေချင်တယ်။ အဲဒီစေတနာကြောင့် မင်းသမီးကစာပေဟောပြောပွဲတွေ ကတစ်ဆင့် မြန်မာမိန်းမတို့ရဲ့ခံယူချက်ကို ပြုပြင်ပေးတာတွေ့ရပါတယ်။ ငယ်ငယ်တုန်းက ပိတ်ကား ဖြူဖြူပေါ်ကတစ်ဆင့် အားကျငေးမောခဲ့ရတဲ့ ရွှေမင်းသမီး၊ အခုစာပေဟောပြောပွဲတွေမှာ ဘယ်သူနဲ့မှ မတူတဲ့အသံနေအသံထားနဲ့ မြန်မာအမျိုးသမီးထုအတွက် အဖိုးတန်တဲ့အတွေးအခေါ်တွေ၊ ပညာနဲ့ ယှဉ်ပြီးပြောသွားတဲ့ အယူအဆတွေကို ကြားရပြန်တော့ တန်ဖိုးကြီးတဲ့ရွှေမင်းသမီးဆိုပြီး အံသြအားကျ မိပါတယ်။
စာပေဟောပြောပွဲတစ်ခုမှာ အကယ်ဒမီဆွေဇင်ထိုက်က အဖိုးတန်ပုခက်လွှဲသောလက်ပိုင်ရှင်များအ ကြောင်း ပြောသွားခဲ့ပါတယ်။ သူတို့မျိုးရိုးထဲက အမျိုးသမီးငါးဦးအကြောင်းပါ။ အတုယူစရာကောင်းလို့ မျှဝေလိုက်ပါရစေ။ မင်းသမီးကသူ့အဘွားရဲ့ မိခင်ကအစပြောပါတယ်။
အဲဒီပထမအမျိုးသမီးက စာမဖတ်တတ်ပါ။ မိန်းကလေးဆိုတာ စာတတ်စရာမလို။ အချိန်တန်ရင် အိမ်ထောင်ပြု။ အိမ်ထောင်ထိန်းသိမ်းမှုနိုင်နင်းရန်ရပြီဆိုတဲ့ခေတ်မှာ လူဖြစ်ရတဲ့အတွက်ကျောင်းမနေ ဖူးပါ။ ဒါပေမဲ့စာသိပ်တတ်ချင်ရှာသတဲ့။ ငါမနေခဲ့ရပေမယ့် ငါ့ကလေးတွေကို ကျောင်းထားတယ်ဆိုတဲ့ စိတ်အခံနဲ့ ကလေးတွေကိုတော့ ကျောင်းထားတယ်။ ဒုတိယအမျိုးသမီးက ဆွေဇင်ထိုက်ရဲ့ အဘွား။ မိခင်ရဲ့ကောင်းမှုကြောင့် ကျောင်းနေရတယ်။ စာတတ်တယ်။ ဒါပေမဲ့မိန်းကလေးပဲ သေစာရှင်စာတတ် တော်ရောပေါ့ဆိုတဲ့ အယူအဆအားကြီးနေတဲ့ ခေတ်ဆိုတော့ကျောင်းပြီးအောင် မနေဘဲထွက်လိုက်ရ တယ်။
တတိယအမျိုးသမီးက ဆွေဇင်ထိုက်ရဲ့အမေ။ ကံကောင်းသူဆိုပါတော့။ ပညာသိပ်တတ်ချင်ရှာတဲ့ မိခင်က ကလေးတွေပညာရေးအတွက် ရွာကနေမြို့ပေါ်ကို ပြောင်းနေတယ်။ အဲဒီမြို့ကနေ အင်္ဂလိပ် လူမျိုးတွေအုပ်ချုပ်တဲ့ခရစ်ယာန်သာသနာပြုကျောင်းမှာ သူမကိုကျောင်းစထားပြီး ပညာကိုဆက်သင် စေတယ်။ မိခင်ရဲ့မေတ္တာကြောင့် ခေတ်ပညာတတ်ဖြစ်ခွင့်ရခဲ့တယ်။ စတုတ္ထမျိုးဆက်ကတော့ မင်း သမီးကိုယ်တိုင်။ ပညာရဲ့တန်ဖိုးကိုနားလည်တဲ့ မိခင်ကြောင့်ပညာတတ်ဖြစ်ခဲ့ပေမယ့် ဆွေဇင်ထိုက်က မတင်းတိမ်ဘူး။ ဘာသာစကားကိုလည်း တစ်မျိုးမကတတ်ချင်တယ်။ ဒီထက်အဆင့်မြင့်တဲ့ ဒီပလိုမာ တွေလည်းရချင်တယ်။ ငွေလိုတယ်။ အိမ်ကိုတောင်းရမှာ အားနာတဲ့အတွက် ရုပ်ရှင်ဝင်ရိုက်တယ်။ ရုပ်ရှင်မင်းသမီးလုပ်လို့ရတဲ့ ငွေနဲ့ကျောင်းတွေဆက်တယ်။ ကျူရှင်တွေတက်လုပ်ခဲ့ရတယ်။ ရှုတင်တစ် ဖက်၊ ကျောင်းစာတစ်ဖက် ကြိုးစားရုန်းကန်ခဲ့တဲ့အတွက် အခုလိုပညာတတ်မြန်မာအမျိုးသမီးဘဝကို သူပိုင်ဆိုင်နိုင်တာတဲ့။ ဇရာကြောင့်အရင်လောက်မလှပေမယ့် ပညာကြောင့်သူလှနေဆဲပဲ။
နောက်ဆုံးမျိုးဆက်ကတော့ ဒေါ်ဆွေဇင်ထိုက်ရဲ့သမီး။ မင်းသမီးလက်ထက်က ကိုယ့်တိုင်းပြည်တွင်း မှာပဲရလာတဲ့အခွင့်အရေးကို အသုံးချခဲ့ပေမယ့် သူ့သမီးကိုတော့ နိုင်ငံရပ်ခြားတိုင်းပြည်တွေမှာ ကျောင်းထားတယ်။ အမေတစ်ခုသမီးတစ်ခုဘဝပေမယ့် သမီးကိုကမ္ဘာပေါ်က အဆင့်အတန်းမီတဲ့ ပညာရပ်တွေကို သင်ယူတတ်မြောက်စေတယ်။ ဘယ်လောက်များအားကျအတုယူစရာကောင်းလိုက် ပါသလဲ။ အကယ်ဒမီဆွေဇင်ထိုင်ရဲ့ Generation ကိုဂရပ်စာရွက်ပေါ်ဆွဲချလိုက်ရင် နိမ့်ကျသွားတာမရှိ ဘဲ အတက်မျဉ်းတွေကိုပဲ တွေ့ရလိမ့်မယ်။
ပုခက်လွှဲတဲ့လက်များ အမြော်အမြင်ကြီးစွာ ဂျင်းမ်ငါးဆက်ကို တစ်ဆင့်ထက်တစ်ဆင့် မြင့်သထက်မြင့် အောင် မောင်းနှင်တွန်းတင်သွားလိုက်တာ သမီးတွေအားလုံး အမေတွေထက်သာသွားလေရဲ့။ အဲဒါမှ အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေးကြိုးပမ်းမှုအစစ်။ ပညာတတ်ဖြစ်ဖို့ဆိုတဲ့နေရာမှာ သူများနဲ့ဂုဏ်တု ဂုဏ်ပြိုင်လုပ်ဖို့မဟုတ်။ အတန်းတိုင်းဆုယူဖို့ မဟုတ်။ သမီးကိုအမေကျောင်းပို့တာလည်း သူများနဲ့ဂုဏ် ပြိုင်ကြွားဖို့မဟုတ်။ မိမိကိုယ်ကိုယ်ကောင်းအောင်ကြိုးစားပြီး မိမိသမီးကိုပါကောင်းအောင်ထိန်း ကျောင်းနိုင်ခဲ့သော အမေများ။
ခေတ်ကိုအပြစ်မပြော။ စနစ်ကိုလက်ညှိုးမထိုး။ အဓိကပညာတတ်တစ်ယောက်ဖြစ်ဖို့ အခုခေတ်အမေ များအားကျအတုခိုးစေချင်လို့ပါ။ ကဲ…ဒါဆိုအခုအမေတွေ သားသမီးကိုဘယ်လိုထိန်းကျောင်းသလဲ တစ်ချက်လောက်ကြည့်လိုက်ကြရအောင်။ ကျွန်မသမီးလေးဆယ်တန်းအောင်ခဲ့တဲ့ ရန်ကုန်မြို့လယ်က မိန်းကလေးသီးသန့် အထက်တန်းကျောင်းဟာ သိပ်စည်းကမ်းကြီးပါတယ်။ ရန်ကုန်မြို့ရဲ့ ဆယ်တန်း အောင်ချက်အကောင်းဆုံး စာရင်းဝင်ကျောင်းကြီးတစ်ကျောင်းပါ။
အဲဒီကျောင်းရဲ့ ကျောင်းသူတွေဟာပုံစံတစ်မျိုးတည်းကျောင်းဝတ်စုံ၊ ပုံစံတစ်မျိုးတည်း ခြေညှပ်ဖိနပ်၊ ဆံပင်အရောင်လုံးဝမဆိုးရ။ အနွေးထည်ထပ်ဝတ်ရင်လည်း ဂျင်းဂျာကင်မဝတ်ရ။ ပြိုင်ဆိုင်မှုတွေနည်း နိုင်သမျှနည်းအောင် ရှေးပဝေသဏီကတည်းက ချမှတ်ခဲ့တဲ့စည်းကမ်း။ အဲဒီတော့စာကိုပဲ အပြိုင်ကြိုး စားပြီးဆယ်ကျော်သက်ဘဝကတည်းက သရုပ်ပျက်ယဉ်ကျေးမှုနဲ့ မနီးစပ်အောင်ကာကွယ်ပြီးသားပေါ့။
ကျောင်းကတည်းကသမီးလေးတွေ ကျောင်းစည်းကမ်းနဲ့အညီယဉ်ကျေးစွာ ပညာသင်နေချိန်။ ကျောင်း အပြင်ကကျောင်းပို့၊ ကြိုလာတဲ့အမေတွေကတော့ မျက်စိရှက်စရာ ဖလန်းဖလန်းထ။ ပြီးခဲ့တဲ့ ၂၂ ရက် ထုတ် 7Day သတင်းစာမျက်နှာဖုံးမှာ အဲဒီလိုမလုံ့တလုံဝတ်စားဆင်ယင်တဲ့ မိဘတွေကို စည်းကမ်း ထုတ်ပြီးတားမြစ်တော့မယ်ဆိုတဲ့ သတင်းပါလာတယ်။ ပြောင်းပြန်ခေတ် 'မိဘမကောင်းသားသမီး ခေါင်း'ပေါ့. မိဘအနေအထိုင်မတတ်ရင် သားသမီးအရှက်ရတော့မယ်။ ဘယ်နှယ့်လုပ်ကြမလဲ။
အဲဒီလိုရှက်ကြောပြတ်ပြီးတော့ကာ မလုံ့တလုံဝတ်နေကြတာ။ အဲဒီလိုမပေါ်တပေါ်ဝတ်စားဆင်ယင်မှု ဟာအလှတရားလို့ ဘယ်ခေတ်မှာမှ အချီးမွမ်းမခံခဲ့ရဘူး။ အဲဒီလိုဝတ်တာမျိုးကိုပြောင်စရာ၊ နောက် စရာ၊ ကဲ့ရဲ့စရာလို့တောင် အမြင်ခံရတာ။ သူ့ခေတ်နဲ့သူဆိုတာကို လက်ခံပါတယ်။ ဒါပေမဲ့ခေတ်ဆန် ခြင်းနဲ့သရုပ်ပျက်ခြင်းလောက်တော့ ခွဲခြားသိသင့်တာပေါ့။
ခေတ်မီမီ ကမ္ဘာကြည့်ကြည့်မြင်ဆိုတဲ့နေရာမှာ သူများနိုင်ငံက လူတွေပညာတတ်သလို ကိုယ်လည်း တတ်ဖို့၊ သူတို့တော်သလို ကိုယ်လည်းတော်ဖို့ကို ဆိုလိုတာ။ ဗိုလ်ချုပ်ပြောသလို တလွဲဆံပင်ကောင်း ဖို့မှမဟုတ်တာ။ မိခင်ဟာသမီးအတွက် မော်ဒယ်ဆိုတာကို မမေ့ပါနဲ့။ မိခင်ရဲ့ပြုမူလှုပ်ရှားမှုမှန်သမျှ သမီးကအမှန်ဆိုပြီးလိုက်လုပ်မှာ။ ဒီနေ့အချိန်မှာ အဖိုးတန်တဲ့ပုခက်လွှဲတဲ့လက်တွေလိုနေပါတယ်။ ပျက်စီးနိမ့်ကျသွားတဲ့တိုင်းပြည်ရဲ့ နှစ်ဆက်စာလောက် လူ့စွမ်းအားအရင်းအမြစ်တွေနေရာမှာ ထူးချွန် ထက်မြက်သူတွေမြန်မြန်အစားဝင်နိုင်မှ တိုင်းပြည်အနာသက်သာပါလိမ့်မယ်။ ဒေါ်ဆွေဇင်ထိုက်က သူ့အမေနဲ့အဘွားတွေရဲ့ တန်ဖိုးကိုသတိရတမ်းတကျေးဇူးတင်သလို ကိုယ့်အမွေကိုဆက်ခံသူတွေဆီ က ကျေးဇူးစကားကိုကြားချင်ရင်တော့ ပုခက်လွှဲသောလက်ပိုင်ရှင်များ သတိကြီးကြီးထားရပါလိမ့်မယ်။
7Day News Journal
Vol.12, No.47, Jan.29, 2014