သူလိုဆရာတစ်ဦး
ဘဝတွင် အမှတ်ထင်ထင် ထဲထဲဝင်ဝင် ရင်းနှီးသူများရှိတတ်ကြပါသည်။ ထိုကဲ့သို့သော ပုဂ္ဂိုလ်များ ရရှိခြင်းသည် စိတ်ချမ်းမြေ့စရာ ကျေနပ်စရာကောင်းပါသည်။ ဆရာဦးသန်းထွတ်မှာ ကျွန်တော့်အ တွက် အဓိပ္ပာယ်ရှိသော ထိုပုဂ္ဂိုလ်မျိုး ဖြစ်ပါသည်။ ဆရာ့ကို ရင်းနှီးရုံမကလေးစားချစ်ခင်ပါသည်။ ဆရာက (၁၉၃၅) ခုနှစ်ဖွား ဖြစ်ပါသည်။ (၇၈) နှစ်တင်းတင်းပြည့်ပြီး ဖြစ်ပါသည်။ ကျွန်တော့်ထက် (၅) နှစ်ကြီးသူ ဖြစ်ပါသည်။ အနေရိုးရှင်းသူ၊ မာန်မာနမထောင်လွှားသူ၊ မိမိကိုယ်ကိုယ် နှိမ့်ချနေတတ်သူ ဖြစ်ပါသည်။ ဆရာတစ်ဦးလို အစ်ကိုလိုသဘောထားပါသည်။ ဆရာကတော့ ကျွန်တော့်ကို ညီတစ် ယောက်လို အပေါင်းအသင်းရောင်းရင်းလို ဆက်ဆံပါသည်။
တူညီမှု ကိုက်ညီမှုများတွေ့ရလျှင် သဘောကျတတ်သည်မှာ လူ့သဘောသဘာဝဖြစ်ပါသည်။ ဒေါက် တာသိန်းလွင်၊ ဦးကျော်ဝင်း (အားကစားအရာရှိ) တို့နှင့်အတူ ရန်ကုန်ဆိပ်ကမ်းဈေးတွင် ဈေးဝယ်ဖူးပါ သည်။ ဒေါက်တာသိန်းလွင်နှင့် ကျွန်တော်စကားပြောလျှင် 'အဝှာ' ဟုပါတတ်ပါသည်။ ဈေးသည်အမျိုး သမီးကြားသွားပြီး "အညာသားတွေ" ဟု အသံကျယ်ကျယ်ဖြင့် ပြောပါသည်။ ရုတ်တရက်ကြောင်သွား သလိုဖြစ်သော်လည်း အညာသားအခေါ်ခံရခြင်းကို သဘောကျပါသည်။ ဦးကျော်ဝင်းက ဈေးသည်ကို "ခင်ဗျားကကော ဘယ်ကလဲ" ဟုမေးပါသည်။ "ကျွန်မကအဝှာလေ အညာကပါ" ဖြေပါသည်။ အား လုံးအားရပါးရ ဝိုင်းဖွဲ့ရယ်မိကြပါသည်။ ဤသို့အညာသားပိုးဝင်သော ကျွန်တော်သည် ဦးသန်းထွတ်၏ ပုံစံကြည့်ပြီး ပညာသားဟုအထင်ရှိပါသည်။ မေးကြည့်သောအခါ မော်ကျွန်းသားဖြစ်ကြောင်း သိရပါ သည်။
"အဖေ ဦးဘဆင်က မော်ကျွန်းသား၊ အောက်သားပါ။ အမ (အမေကို ခေါ်ခြင်းဖြစ်ပါသည်။) ဒေါ်ရွှေဥက စစ်ကိုင်းမြို့နယ်ဆားတောင်ရွာသူ အညာသူ" ဟု ဆရာကပြောပါသည်။ "အညာသူရဲ့ သားဖြစ်မှတော့ အညာသားပုံပေါက်နေတာပဲ" ဟု ကိုယ်လိုချင်သည့်ဘက်ကို တွေးလိုက်ပါသည်။ ပို လည်းခင်သွားပါသည်။
ဆရာ၏ထူးခြားချက်တစ်ခုမှာ အဖြစ်အပျက်များကို စိတ်ဝင်စားဖွယ်ဖြစ်အောင် ဇာတ်အိမ်ဖွဲ့ပြောတတ် ခြင်း ဖြစ်ပါသည်။ "Art of Speaking" စကားပြော အနုပညာမြောက်သူ ဖြစ်ပါသည်။ အမွှမ်းတင်စရာ ချီးကျူးဂုဏ်ပြုစရာ အကြောင်းဖြစ်လာလျှင် အခြားပုဂ္ဂိုလ်များကို ဥပမာပေးပြောပါသည်။ အားနည်း ချက် ချွတ်ယွင်းချက်အကြောင်းနှင့် တိုက်ဆိုင်လာလျှင် သူ့အကြောင်းကိုဥပမာပေးပြောပါသည်။ တပည့်များကို ဆုံးမရာတွင်ပင် သူ့ကိုယ်သူသရော်၍ မှားတတ်ပုံကိုဝန်ခံပြောဆို ဆုံးမတတ်ပါသည်။ သူတစ်ပါးအထင်ကြီးမှ နေတတ်သူ မဟုတ်၊ မိမိဘဝကိုအရှိအတိုင်း ပကတိအတိုင်း စိတ်ကိုအရောင် မဆိုးဘဲကြည်လင်စွာ နေတတ်သူဖြစ်သည်။ နားထောင်သူများက ဆရာ့ကို မထင်မသေးပါ။ လေးစား အားကျပြီး ပို၍နှစ်ခြိုက်သဘောကျကြပါသည်။
ဆရာက သူ့အားနည်းချက်ကို ဥပမာပေးကာ ပြောဆိုဆုံးမပုံကို ဦးမြင့်ဆွေ (အငြိမ်းစား ကထိက) ကပြောဖူးပါသည်။ "ကျွန်တော် M.Ed သုတေသနခေါင်းစဉ်ကို ပါမောက္ခထံနှစ်ကြိမ်တိတိ တင်ပြပါ တယ်။ နှစ်ကြိမ်လုံးပယ်ချခံရပါတယ်။ စိတ်ဓာတ်တော်တော်ကျသွားပါတယ်။ တစ်နေ့ဆရာဦးသန်း ထွတ်နဲ့ တွေ့ပါတယ်။ သူကကျွန်တော့်ခေါင်းစဉ်ပယ်ချခံရတာကြားပြီး သုတေသနဆိုတာ ဘယ်လိုနား လည်လဲလို့ မေးပါတယ်"။ သူ့ Thesis ဘုန်းကြီးကျောင်း ပညာရေးကိုစာအုပ်ရိုက်ပြီးသည့်အခါ ဒေါက် တာသန်းထွန်းကို ပေးပါသည်။ ဒေါက်တာသန်းထွန်းက သူ့မိတ်ဆွေကို "ဦးသန်းထွတ် စာအုပ်ဖတ် ကြည့်တယ်။ စာအုပ်မရိုက်ခင် ကျုပ်ကိုဖတ်ခိုင်းရင် ဒီလိုဆုတ်ပစ်မယ်" ပြောပါသည်။ "ငါကလည်းငါပဲ။ ဘုန်းကြီးကျောင်းပညာရေးကို ဘုရားပွင့်တဲ့အချိန်က စရေးတာ။ မိုးမဆုံး၊ ရေမဆုံးကျယ်မကျယ်ပေါ့။ သုတေသနလုပ်ရင် အတိုင်းအတာရှိရမှာပေါ့။ လောဘကြီးပြီး အားလုံးပါချင်လို့မရဘူး။ ကိုယ်နိုင်တဲ့ဝန် နဲ့အကျိုးပြုစေမယ့် ခေါင်းစဉ်ကိုစဉ်းစားရွေးကွ" ဟုဆုံးမပါသည်။ ဆရာပြောမှ ဉာဏ်လမ်း ပွင့်သွားပါ သည်။ နောက်တစ်ကြိမ်ပါမောက္ခ တင်ပြသောအခါ ခွင့်ပြုချက်ရသွားပါသည်။
ဆင်းရဲပြီး ပညာမတတ်ပေမဲ့ ပညာတတ်တက္ကသိုလ်ဆရာတစ်ဦးထက် သတ္တိရှိတဲ့အမျိုးသမီးတစ် ယောက်အကြောင်းကို ဆရာကချီးကျူးပြောပြဖူးပါသည်။ လွန်ခဲ့သည့် နှစ် (၃၀) ခန့်က ဆရာတို့က မိသားစုလှိုင်ဆရာများ ရိပ်သာမှာနေခဲ့ကြပါသည်။ နံနက်တိုင်းလိုလို အိမ်အတွက်ဆရာက ဈေးဝယ်နေ ရပါသည်။ မိုးဖြိုင်ဖြိုင်ရွာနေသော ဇူလိုင်လနံနက်ခင်းနေ့တစ်နေ့က ဖြစ်ပါသည်။ ဆရာဈေးဝယ်သွားရာ လမ်းတွင် လူများဝိုင်းအုံကြည့်နေသောနေရာသို့ သွားကြည့်ပါသည်။ မွေးကင်းစကလေးတစ်ဦးကို ဝိုင်းကြည့်ခြင်းဖြစ်ပါသည်။ စွန့်ပစ်ခံရသောကလေး ဖြစ်ပါသည်။ ဝိုင်းအုံကြည့်နေသော်လည်း ကလေး ကိုတာဝန်ယူမည့်သူမရှိပါ။ သူ့စိတ်က မွေးစားလိုက်ချင်ပါသည်။ အိမ်ရှိကလေး (၆) ယောက်ကို ကျွေးမွေးပြုစုရသော မနိုင်မနင်းစီးပွားရေး အခြေအနေကသူ့စိတ်ကို တွေဝေစေပါသည်။ လက်မလှုပ် နိုင်သလို နှုတ်လည်းမပွင့်နိုင်ပါ။ ထိုအချိန်တွင် ကန်စွန်းရွက်ရောင်းသော ဈေးသည် အမျိုးသမီး ရောက် လာပါသည်။ "ကလေးလေးတော့်။ ချစ်စရာလေး။ ကျွန်မမွေးမယ်" ပြောပြောဆို ဆို ပွေ့ချီလိုက်ပါ သည်။ မိဘစိတ်၊ ကြင်နာစိတ်အပြည့်ရှိသည့်သူ ဖြစ်ပါသည်။ တွေဝေမှုမရှိ သတ္တိရှိသူမိခင်တစ်ဦး ဖြစ်ပါ သည်။ ဆင်းရဲခြင်းကို မကြောက်ရွံ့သူ ဖြစ်ပါသည်။ သူ့တွင် ကလေး(၃)ယောက် ရှိပါသည်။ ဆရာ့မှာ ကြီးမားသော စိတ်ဖိစီးမှု ဖြစ်ရပါသည်။ မိမိအားနည်းချက်အတွက် ယူကျုံးမရဖြစ်ရပါသည်။ နောက် ရက်များတွင် ကန်စွန်းရွက်မှာ ဆရာ့အတွက်မဝယ်မဖြစ် ဟင်းလျာဖြစ်လာပါသည်။ တစ်နေ့တွင် ဆရာနှင့်ဆရာ့မိတ်ဆွေတို့သည် ကန်စွန်းရွက်သည်ထံသွားပြီး ကလေးအတွက်လက်ဆောင်ပေးကြပါ သည်။ ကန်စွန်းရွက်သည်က သူ့မွေးစားသမီးကို နာမည်ကောင်းကောင်း မှည့်ပေးရန်တောင်းဆိုပါ သည်။ ဆရာတို့မိတ်ဆွေတစ်စုက ဇူလိုင်လမိုးဖြိုင်ဖြိုင်ရွာချိန် လှိုင်မှာမွေးသည့်သမီးလေးကို "ခင်မိုး လှိုင်" ဟုအမည်ပေးကြပါသည်။ ဆရာသည် လှိုင်မှရန်ကုန်တက္ကသိုလ်ဝင်း ပြောင်းသွားရသောအခါ ခင်မိုးလှိုင်နှင့် အဆက်ပြတ်သွားပါသည်။ ယခုအခါ အသက် (၃၀) နှစ်အရွယ် ခင်မိုးလှိုင်တစ်ယောက် ဘဝကိုမည်သို့ ဖြတ်သန်းမည်ကို မသိတော့ပါ။
ရိုးစင်းမှုနှင့် နှိမ်ချတတ်မှုကို လူများကအကောင်းမြင်တတ်ပါသည်။ အချို့လူများက အညံ့ဟုမြင်ပါ သည်။ အတွေးအမြင်မတူတတ်ကြပါ။ ဆရာလည်းဤသဘောသဘာဝကို မကြာခဏဆိုသလို ကြုံ တွေ့ရပါသည်။ ပုဂ္ဂိုလ်တစ်ဦးက ဆရာ့ကို "ဒီသာပါမောက္ခ" ဟုခေါ်ပါသည်။ ရုတ်တရက် သဘောမ ပေါက်ပါ။ သုံးကြိမ်မျှ အခေါ်ခံရမှ သဘောပေါက်ပါသည်။ "ဒိဿပါမောက္ခ" ဟုမခေါ်ဘဲ "ဒီသာပါ မောက္ခ" ခေါ်ခြင်းကို နားလည်သွားပါသည်။ "ဒီတက္ကသိုလ်မှာသာ ပါမောက္ခပါ" ဟုဆိုလိုခြင်း ဖြစ်ပါ သည်။ ဆရာကစိတ်မဆိုးသော်လည်း အတော်ခံစားခဲ့ရဟန် တူပါသည်။ ဆရာသည် မြန်မာစာသင်ပြ နည်း ဘာသာရပ်ကို အမှန်တကယ်ပိုင်နိုင်သူ ဖြစ်ပါသည်။ တက္ကသိုလ်သက်တမ်းတစ်လျှောက် ယူခဲ့ရ သည့် ဘာသာတွဲများတွင် မြန်မာစာကို အစဉ်တစိုက်ယူခဲ့ပါသည်။ ဇော်ဂျီ၊ မင်းသုဝဏ်၊ ဦးဧမောင်၊ ဦးမောင်မောင်ကြီး၊ ဦးကျော်ရင်၊ ဦးလှရွှေ၊ ဒေါ်သန်းဆွေ၊ ဒေါ်ခင်စော၊ ဒေါ်အုန်းခင်တို့၏ လက်ထွက် ဖြစ်ပါသည်။ မန္တလေး၌ တာဝန်ထမ်းဆောင်စဉ်က ရွှေဥဒေါင်း၊ ဦးသောဘိတ (ရွှေကိုင်းသား)၊ လူထု ဦးလှ၊ လူထုဒေါ်အမာ၊ ဦးမောင်မောင်တင်၊ ဒေါက်တာသန်းထွန်းတို့နှင့် ရင်းနှီးခွင့်ရပြီး စာပေဟောပွဲ၊ စာတမ်းဖတ်ပွဲတို့တွင် ပါဝင်ခဲ့သည်။ အဆင့်မြင့်ပညာ တက္ကသိုလ်များတွင် သုတေသနစာတမ်းများ ဖတ်ခဲ့သည်။ သင်ရိုးညွှန်းတမ်း သင်ရိုးမာတိကာနှင့် ကျောင်းသုံးကော်မတီ တာဝန်ကိုထမ်းဆောင်ခဲ့ သည်။ မြန်မာနိုင်ငံ စာတတ်မြောက်ရေး၊ ဗဟိုကော်မတီ၊ သက်ကြီးစာပဒေသာ ပြုစုရေးဆပ်ကော်မတီ အတွင်းရေးမှူးတာဝန်ယူပြီး စာအုပ်များစွာ ရေးသားခဲ့သည်။ မိမိတက္ကသိုလ်အတွက် ရပ်တည်အကျိုး ပြုခဲ့သည်။ ပညာရေးနယ်ပယ်အတွက် ရပ်တည်အကျိုးပြုနိုင်ခဲ့သည်။ ဒိဿပါမောက္ခ စစ်စစ်ဖြစ်ပါ သည်။
လူ့သဘောလူ့မနော မတူညီတတ်မှုမှာ အဆန်းမဟုတ်ပါ။ တူညီတတ်သလို မတူညီမှုရှိတတ်ပါသည်။ တူညီသည့်စကားပင်လျှင် မတူညီသော အဓိပ္ပာယ်သက်ရောက်တတ်ပါသည်။ စကားတူသော်လည်း အသံနှင့်အမူအရာဟန် မတူပါကအဓိပ္ပာယ်မတူညီတော့ပါ။ ထိုသက်ရောက်မှုမျိုးကို ဆရာကြုံဖူးပါ သည်။
"ကျွန်တော် တက္ကသိုလ်သထုံလမ်းမှာ စာရေးဆရာမင်းကျော်နဲ့ ဆုံတတ်ပါတယ်။ သူကပညာတန် ဆောင် စာရေးဆရာကြီးပါလားဆိုပြီး နှုတ်ဆက်တတ်ပါတယ်။ သူကကျောင်းဆရာလုပ်ခဲ့ဖူးသလို ပညာတန်ဆောင်မှာ ဆောင်းပါးတော်တော်များများ ရေးခဲ့ဖူးပါတယ်။ သူ့အသံက ကြည်လင်နေပါ သည်။ အမူအရာကလည်း ကြည်ကြည်နူးနူးပါ။ ပညာတန်ဆောင် စာရေးဆရာလို့ အခေါ်ခံရတာ ကြည်နူးစေပါတယ်။ တစ်ခါကမိတ်ဆွေတစ်စုနဲ့ ဘီအီးဒီစားသောက်ဆိုင် ထိုင်နေကြတုန်း ဧည့်သည် တစ်ယောက် ရောက်လာပါတယ်။ ထိုင်နေတဲ့မိတ်ဆွေက သူ့ကိုကျွန်တော်တို့နဲ့ မိတ်ဆက်ပေးပါတယ်။ ကျွန်တော့်ကိုမိတ်ဆက်ပေးတော့ ပညာတန်ဆောင် စာရေးဆရာလားလို့ ပြောပါတယ်။ သူ့အသံနဲ့ အမူအရာက အထင်မြင်သေးပုံ အထင်းသားပေါ်လွင်ပါတယ်။ စဉ်းစားမိပါတယ်။ ပညာတန်ဆောင်ဟာ မြန်မာနိုင်ငံမှာ လစဉ်အုပ်ရေအများဆုံးထုတ်တာ၊ အခြေခံပညာရေးကို အကျိုးပြုတာမသိလို့ ဖြစ်မှာပါ။ ဘာပဲဖြစ်ဖြစ် ပညာတန်ဆောင်စာရေးဆရာဆိုတာ ကျွန်တော်ကတော့ ဂုဏ်ယူတယ်" ဟုဆရာက သူ့ခံစားချက်ကို ပြောပြပါသည်။
ပညာတန်ဆောင် စာရေးဆရာခေါ်ထိုက်ပါသည်။ ပညာ့တန်ဆောင်တွင် ဆောင်းပါးအများဆုံး ရေးသူ များတွင် တစ်ဦးအပါအဝင်ဖြစ်ပါသည်။ ၁၉၉၄ ခုနှစ်မှ ၂၀၁၁ ခုနှစ်အတွင်း ထုတ်ဝေခဲ့သော ပညာတန် ဆောင်အထူးထုတ်စာအုပ် (၂၉) အုပ်ခန့်တွင် ဆရာတစ်ဦးတည်းက (၈) အုပ်ရေးသားပြုစုခဲ့ပါသည်။ အများဆုံး ရေးသားပြုစုသူ ဖြစ်ပါသည်။ (၅) အုပ်မှာမြန်မာ့ပညာရေးသမိုင်းတွင် မှတ်တိုင်စိုက်ထူခဲ့ သည့် ပညာရှင်ပုဂ္ဂိုလ်ကြီးများ ဖြစ်ပါသည်။ တန်ဖိုးကြီးမားသည့် အတ္ထုပ္ပတ္တိစာအုပ်များ ဖြစ်ကြပါသည်။
ပညာ့တန်ဆောင်တွင် အတ္ထုပ္ပတ္တိများရေးသားသလို အခြားစာအုပ်တိုက်များတွင်လည်း ထင်ရှားသည့် ပုဂ္ဂိုလ်များ အတ္ထုပ္ပတ္တိကိုရေးသားခဲ့ပါသည်။ ရဲထွတ်နီ (စာတည်းမှူး) က ဆရာအကြောင်း ဆောင်းပါး ရေးရာတွင် "အတ္ထုပ္ပတ္တိပြုစုသူ၏ အတ္ထုပ္ပတ္တိရုပ်ပုံလွှာ" ဟု ရေးခဲ့ပါသည်။ အတ္ထုပ္ပတ္တိကို စိတ်ဝင်စားမှု၊ ကြည်ညိုသော ပုဂ္ဂိုလ်များကိုတစ်နည်းတစ်ဖုံ ကျေးဇူးဆပ်လိုမှုတို့က အတ္ထုပ္ပတ္တိများကို ရေးနိုင်ခြင်းဖြစ် ပါသည်။ ဤစိတ်ကိုမျိုးစေ့ချပေးသူမှာ ဆရာ့အဘွားဒေါ်ထူးဖြစ်ပါသည်။ ကလေးဘဝတွင်အဘွား၏ အိပ်ရာဝင်ပုံပြင်များကို စွဲမက်ခဲ့ပါသည်။ သုဝဏ္ဏသာမ၊ ရှင်မောဂ္ဂလန်ဇာတ်တော်ကြီးများ၊ ငမိုးရိပ်၊ ရှင်မွေးလွန်း၊ မင်းနန္ဒာ၊ ရွှေဂျိုးဖြူမူလခဲ၊ မောင်ပေါက်ကျိုင်း ဇာတကတို့မှာ ဆရာ့အသည်းစွဲဖြစ်ပါသည်။ အဘွား၏အိပ်ရာဝင်ပုံပြင်များကို စွဲမက်မှုသည် အတ္ထုပ္ပတ္တိရေးသားခြင်းအတွက် မျိုးစေ့ချပေးခြင်းဟု ဆိုရပါမည်။
အတ္ထုပ္ပတ္တိ များစွာရေးခဲ့သော်လည်း ဆရာ့အတ္ထုပ္ပတ္တိဖြစ်သော "လောကကြီးမှာ လွမ်းစရာ" စာအုပ်ပါး ပါးလေးကို ဖတ်ဖူးပါသည်။ "သူလိုဆရာတစ်ဦး" ၏ အတ္ထုပ္ပတ္တိဖြစ်သော ဆရာကိုယ်တိုင်ရေး အတ္ထုပ္ပ တ္တိကိုဖတ်ဖူးချင်ပါသေးသည်။
ပညာတန်ဆောင် မဂ္ဂဇင်း
အတွဲ(၆၃)၊ အမှတ်(၁)၊ ဇန်နဝါရီလ၊ ၂၀၁၄ ခုနှစ်