လယ်သမားခေါင်းဆောင်ကြီး ဂဠုန်ဆရာစံ၏ အာဂသတ္တိ


နယ်ချဲ့ဗြိတိသျှတို့က ဆရာစံကို လယ်သမားသူပုန်ခေါင်းဆောင်ဟု ကင်ပွန်းတပ်၏။ မျိုးချစ်တို့က ဆရာစံကိုလယ်သမား တော်လှန်ရေးခေါင်းဆောင်ဟု အသိအမှတ်ပြုကြ၏။ နယ်ချဲ့ကိုလိုနီအစိုးရ၏ မတရားဖိနှိပ်ချုပ်ချယ်မှုများကို လယ်သမားတို့ဘက်မှ မားမားမတ်မတ်ရပ်တည်၍ ဦးဆောင်လှုပ်ရှားခဲ့ သူမှာ လယ်သမားခေါင်းဆောင်ကြီး ငါးမည်ရဆရာစံပင်ဖြစ်၏။ ထိုအချိန်ကလယ်သမားနှင့် ဆရာစံ၊ ဆရာစံနှင့် လယ်သမားတစ်သားတည်းဖြစ်၏။ ခွဲမရသောနှစ်ကိုယ့်တစ်စိတ်ဖြစ်၏။ လယ်သမားအရေး တိုက်ပွဲဝင် ခဲ့သည့် ဆရာစံနှင့် တောင်သူလယ်သမားတော်လှန်ရေးကြီးမှာ အမှန်ပင်စိတ်ဝင်စား ဖွယ် ကောင်းသော သမိုင်းဝင်လှုပ်ရှားမှုကြီးတစ်ခုဖြစ်ပေသည်။

ကမ္ဘာ့သမိုင်းတွင် ၁၉၂၉-၃၀ ကာလသည် ဥရောပ၌ ကမ္ဘာ့စီးပွားပျက်ကပ်ကျရောက်ချိန်ဖြစ်၏။ ထိုစီးပွားပျက်ကပ်၏ ဂယက်မြန်မာနိုင်ငံသို့လည်း ရိုက်ခတ်ခဲ့၏။ ဆန်စပါးဈေးအလွန် ကျဆင်းခြင်း၊ ငွေကြေးဖောင်းပွမှုနှုန်းမြင့်မားခြင်း၊ အစိုးရ၏လူခွန်၊ လယ်ခွန်နှင့် ချစ်တီးတို့၏ မတရားအတိုးဒဏ်စ သည့် ဖိစီးမှုများကြောင့် တောင်သူလယ်သမားတို့၏ ဘဝချွတ်ခြုံကျခြင်းတို့ သည် မြန်မာနိုင်ငံ၌ တောင် သူလယ်သမားတော်လှန်ရေးကြီး ပေါ်ပေါက်ရန် အကြောင်းရင်းခံများ ဖြစ်ခဲ့၏။ ထိုအခြေအနေမျိုးတွင် အရင်းရှင်တို့၏ စတီးဘရားသားကုမ္ပဏီ၊ ဘလုပ်ဘရားသားကုမ္ပဏီ၊ အယ်လာမင်အာရိကင်ကုမ္ပဏီနှင့် အင်္ဂလိပ်လိုဘားမားကုမ္ပဏီတို့သည် လယ်သမားတို့အပေါ် ကုပ်သွေးစုပ်အမြတ်ထုတ်ရန်အတွက် အချင်းချင်းပူးပေါင်းပြီး ဘူလင်ဂျာပူးလ်ခေါ် ဆန်စပါးရောင်းဝယ်ရေးအသင်းကြီးကို ဖွဲ့စည်းတည် ထောင်လိုက်ကြသည်။

အရင်းရှင်တို့၏ အမျိုးမျိုးသော မတရားဖိနှိပ်မှုများကြောင့် ချွန်ခြုံကျနေသော တောင်သူလယ်သမားတို့ ၏ ဘဝအခြေအနေကို လေ့လာစုံစမ်းရန်အတွက် ဦးစိုးသိမ်းဂျီစီဘီအေ အမှုဆောင်တစ်ဦးဖြစ်သူ ဦးရာ ကျော် (ခေါ်) ဆရာစံအား တာဝန်ပေးအပ်လိုက်၏။ ဆရာစံသည် လယ်သမားတို့၏ ဘဝအခြေအနေ မှန်ကိုစုံစမ်းရန်အတွက် သာယာဝတီခရိုင်၊ ဖျာပုံခရိုင်၊ ပြည်ခရိုင်၊ ကသာခရိုင်၊ ရွှေဘိုခရိုင်၊ မုံရွာခရိုင်၊ သရက်ခရိုင်၊ အင်းစိန်ခရိုင်များသို့ သွားရောက်ခဲ့၏။ ကျေးရွာများအထိ ကွင်းဆင်းလေ့လာစုံစမ်းခဲ့၏။ လယ်သမားတို့အပေါ်လူချွန်၊ သဿမေဓခွန်ကောက်ခံရေးနှင့် စပ်လျဉ်း၍ စစ်ဘက်၊ နယ်ဘက်အရာရှိ များ၏ မတရားအနိုင်ကျင့်ပြုမူနေပုံများကို မျက်ဝါးထင်ထင်တွေ့မြင်နေခဲ့ရ၏။

ဆရာစံသည် လယ်သမားပြဿနာများကို စုံစမ်းလေ့လာစစ်ဆေးပြီးနောက် အောက်ပါအချက်အလက် များ ပါဝင်သောအကြံပေးအစီရင်ခံစာတစ်ရပ်ကို ဦးစိုးသိမ်းဂျီစီဘီအေသို့ တင်သွင်းခဲ့သည်။ (၁) လူချွန် နှင့် သဿဓမဓခွန်များ အတင်းအကျပ် ကောက်ခံမှုကို တညီတညွတ်တည်းခုခံကာကွယ်ရန်၊

(၂) လယ်သမားတစ်အိမ်ထောင်သုံး ဝါးနှင့်သစ်များ အခမဲ့ထုတ်ယူသုံးစွဲခွင့်ပြုရန်၊ ဤသို့မပြုလုပ်ရဟု ပိတ်ပင်ထားသည့် သစ်တောဥပဒေကို အကြမ်းမဖက်ခုခံတိုက်ဖျက်ရန်တို့ဖြစ်သည်။

ဆရာစံ၏ အထက်ပါအကြံပြုချက်ကို ဦးစိုးသိမ်းဂျီစီဘီအေက လက်မခံခဲ့ပေ။ ထို့ကြောင့်ဆရာစံသည် နယ်ချဲ့တို့အား နာကြည်းမုန်းတီးမှုခံစားချက် ပြည့်နှက်နေသော တောင်သူလယ်သမားများကို စည်းရုံး သိမ်းသွင်းလျက် လယ်သမားတော်လှန်ရေးကြီးကို ဆင်နွှဲရန်ကြိုးပမ်းအားထုတ်ခဲ့ပေသည်။ ခံစားချက် ပြင်းခန်လျက်ရှိသော တောင်သူလယ်သမားတို့သည် ဆရာစံ၏စည်းရုံးလှုံ့ဆော်မှုအောက်သို့ အလွယ် တကူပင်ရောက်ရှိလာကြ၏။ ဆရာစံကဂဠုန်တပ်ဖွဲ့ဝင်များကို အောင်မြင်စွာစည်းရုံးသိမ်းသွင်းနိုင်ခဲ့၏။ ဂဠုန်တပ်သားများ၏ လက်မောင်းနှင့် ပခုံးတို့တွင် ဆေးမင်များထိုးပေးခဲ့၏။ ဂဠုန်တပ်သားများ စိတ်ဓာတ်တက်ကြွလာအောင် စည်းရုံးခဲ့၏။ ဂဠုန်တပ်ဖွဲ့ဝင်များကို နှစ်မျိုးခွဲထား၏။ "က" ဂဠုန်နှင့် "ခ" ဂဠုန်ဟူ၍ဖြစ်၏။

"က" ဂဠုန်တပ်သားများမှာ ရှေ့တန်းမှတိုက်ခိုက်ရသူများဖြစ်၏။ လက်နက်ကိုင်တိုက်ပွဲဝင်ရုံသာမက သစ်တောကြိုးဝိုင်းများအတွင်းသို့ ဝင်ရောက်ပြီး သစ်၊ ဝါးများခုတ်ယူခြင်းဖြင့် နယ်ချဲ့အစိုးရကို အာဏာ ဖီဆန်ကြရန် ဖြစ်၏။ "ခ" ဂဠုန်တို့မှာ နောက်တန်းတပ်သားများဖြစ်၏။ နောက်တန်းမှနေ၍ စားနပ် ရိက္ခာစုဆောင်းခြင်း၊ ရှေ့တန်းစစ်မျက်နှာအတွက် လိုအပ်သောကူညီပံ့ပိုးမှုများကို နောက်တန်းမှ ဆောင်ရွက်ပေးရသူများဖြစ်၏။ ထို့အပြင် "က" ဂဠုန်တပ်သားများ တိုက်ပွဲတွင် ကျဆုံးသွားလျှင်သော် လည်းကောင်း၊ ထောင်ဒဏ်အပြစ်ပေးခံရလျှင်သော်လည်းကောင်း ၎င်းတပ်သားနှင့် ဆိုင်သည့်ကျန်ရစ် သူ မိသားစုများကိုတာဝန်ယူ ထိန်းသိမ်းစောင့်ရှောက်ပေးရသူများဖြစ်၏။ ဆရာစံသည် တောင်သူ လယ်သမားတော်လှန်ရေးအတွက် ဂဠုန်တပ်ဖွဲ့များ၏ လှုပ်ရှားဆောင်ရွက်မှုများကို လျှို့ဝှက်သိပ် သည်းစွာ စီစဉ်ဆောင်ရွက်ခဲ့၏။

ဆရာစံ၏ စည်းရုံးရေးနှင့်နည်းဗျူဟာကောင်းမွန်မှုကြောင့် ထိုအချိန်က ရွာလူကြီးများနှင့် စုံထောက် များကပင် ဂဠုန်တပ်တို့၏သတင်းအစအနကို မရရှိခဲ့ပေ။ ဆရာစံသည် သာယာဝတီခရိုင်နှင့် အင်းစိန် ခရိုင်အရှေ့နယ်စပ်ရှိ ပဲခူးရိုးမတောင်ညိုစခန်းတွင် ၎င်းနှင့်ရင်းနှီးကျွမ်းဝင်သော ဂဠုန်တပ်ဖွဲ့ခေါင်း ဆောင်များနှင့်အတူ နေထိုင်ပြီးစီမံဆောင်ရွက်ခဲ့၏။ ပထမဆုံးဥပုသ်ကြီး ၄၅ ရက်ဝင်၏။ အဓိဋ္ဌာန် ဖြင့်ကျင့်၏။ မိမိကိုယ်မိမိ သိဒ္ဓိတင်ပြခြင်းဖြစ်၏။ ထို့နောက် အလံတောင်ဒေသကို အခိုင်အမာ ခြေကုပ် စခန်းပြု၍ ဗုဒ္ဓရာဇာမြို့ဟုသမုတ်၏။ မြို့ကိုပန္နက်ရိုက်၍ စနစ်တကျတည်၏။ ထို့နောက် မင်းမြောက် တန်ဆာငါးပါးကိုဝတ်ဆင်ပြီး "သုပဏ္ဏကဂဠုနရာဇာ" ဟူသောဘွဲ့ဖြင့် ဘိသိက်ခံ၏။ ဂဠုန်တပ်ဖွဲ့၏ ဘုရင်အဖြစ် ခံယူလိုက်ခြင်းဖြစ်၏။ ထို့နောက်ရှေးခေတ် မြန်မာမင်းတို့၏ လုပ်နည်းလုပ်ဟန်များအ တိုင်း မြို့ဝန်များ၊ စစ်သည်များ၊ ဆိုင်ရာတပ်မှူး၊ ဗိုလ်မှူးများခန့်အပ်ပြီး ဂဠုန်တပ်ဖွဲ့များဖွဲ့စည်းခဲ့ ကြောင်းတွေ့ရ၏။ ဆရာစံဤသို့ပြုလုပ်ခဲ့ခြင်းမှာ ပဒေသရာဇ်ခေတ်ကို အသက်သွင်းလို၍ မဟုတ် ကိုလိုနီခေတ် သူ့ကျွန်ဘဝသို့ရောက်နေသော တောင်သူလယ်သမားများ ကျွန်စိတ်ပျောက်၍ သခင် စိတ်ပျောက်၍ သခင်စိတ်ပေါက်ရန်နှင့် စိတ်ဓာတ်တက်ကြွလာစေရန် စိတ်ဓာတ်စစ်ဆင်ရေး နည်းဗျူ ဟာ (Psychological Warfare) တစ်ရပ်အနေဖြင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း လေ့လာတွေ့ရှိရ၏။

ဖားရွှေကျော်တိုက်ပွဲ၊ အလံတောင်တိုက်ပွဲ၊ ဒေးဒရဲထန်းတောရွာတိုက်ပွဲ၊ ပြည်ဝက်ထီးကန်တိုက်ပွဲတို့ သည် ဆရာစံဦးဆောင်ခဲ့သော တောင်သူလယ်သမားအရေးတော်ပုံကာလက ပေါ်ပေါက်ခဲ့သောထင် ရှားသည့် တိုက်ပွဲများဖြစ်ကြ၏။ တိုက်ပွဲတိုင်းမှာလိုပင် နယ်ချဲ့တပ်သားတို့က လက်နက်ကြီး၊ လက် နက်ငယ်မျိုးစုံဖြင့်တိုက်၏။ ဆရာစံ၏ဂဠုန်တပ်သားများက နှစ်လုံးပူးသေနတ်အနည်းငယ်နှင့် တုတ်၊ ဓား၊ လှံ၊ ဒူးလေးစသည့်ရှိသမျှသော လက်နက်များဖြင့် ပြန်လည်တိုက်ခိုက်ခဲ့သည်ကို တွေ့ရ၏။ ရွပ်ရွပ်ချွံချွံ အသေခံတိုက်ခိုက်ခဲ့သည်ကို တွေ့ရ၏။ အချို့တိုက်ပွဲများတွင် မျက်နှာဖြူအရာရှိများကပင် အံ့သြယူကြရ၏။ ယခုခေတ်ကြယ်ငါးပွင့် ကုမ္ပဏီမှ ဖားရွှေ့ကျော်၊ ရေတိုက်ရွာ၊ ထန်းတောရွာ စသော သင်္ဘောကြီးများ၏ အမည်များသည်ဆရာစံ၏ တောင်သူလယ်သမားတော်လှန်ရေးတွင် အရေးပါခဲ့ သောရွာကြီးများကို ဂုဏ်ပြုမှည့်ခေါ်ထားခြင်းဖြစ်ကြောင်း သိနိုင်၏။

တောင်သူလယ်သမားတော်လှန်ရေးကာလတွင် ဆရာစံသည် ရုပ်ဖျက်၍လည်း ခရီးနှင်ခဲ့ဖူး၏။ ရဟန်း ဝတ်ဖြင့်လည်း ခရီးဆက်ခဲ့ဖူး၏။ အရှင်ဉာဏဟူသောဘွဲ့ဖြင့် ရဟန်းဝတ်ပြီးတော်လှန်ရေးလျှို့ဝှက်ခရီး ကိုနှင်ခဲ့ဖူး၏။ ရဟန်းဝတ်ဖြင့် အစိုးရဂတ်တဲအနီးထိရောက်ခဲ့ပြီး မိမိအားဆုငွေငါးထောင်ကျပ် ထုတ် ထားသည့်ကြေညာချက်ကို ရဲဝံ့စွာဖတ်ရှုခဲ့သူဖြစ်၏။ ဆရာစံ၏ဌာနချုပ်ဖြစ်သော အလံတောင်စခန်း သည် ပဲခူးတိုင်း၊ သာယာဝတီခရိုင် အရှေ့ဘက် ၁၅ မိုင်ခန့်အကွာ ပဲခူးရိုးမစခန်းဖြစ်၏။ အလံတောင် ကိုဗဟိုပြု၍ နယ်ပယ်အနှံ့သို့ တော်လှန်ရေးတိုက်ပွဲများကို ဖြန့်ကြက်စေခဲ့၏။

ဆရာစံဦးဆောင်သော တောင်သူလယ်သမား တော်လှန်ရေး၏အားနည်းချက်များမှာ လူထုစိတ်ဓာတ် တက်ကြွရန် ပဒေသရာဇ်ပုံစံဖြင့် ချီတက်သဖြင့် ရန်သူတို့ကအလွယ်တကူမြင်တွေ့နိုင်ခြင်း၊ တစ်နေရာ တည်းတွင်ခိုင်မာသော အင်အားကိုစုစည်းနိုင်ခြင်းမရှိဘဲ ဒေသအလိုက် ရရာလက်နက်များဖြင့် တိုက် ခိုက်ရခြင်း၊ ဂဠုန်တပ်များစစ်ချီရာတွင် နဂါးကိုဂဠုန်သုတ်သည့် အရုပ်ပါသောအလံ" ကိုလွှင့်ထူပြီး အောင်စည်အောင်မောင်းများ ခြိမ့်ခြိမ့်ညံတီးခတ်၍ စစ်ချီခြင်းကြောင့် ရန်သူ့ထံသတင်းရောက်လွယ် ခြင်း၊ အချိန်ယူစည်းရုံးနိုင်မှုမရှိခြင်း တို့ဖြစ်သည်။

မည်သို့ဆိုစေကာမူ ဆရာစံ၏ တောင်သူလယ်သမားတော်လှန်ရေးကြောင့် နယ်ချဲ့အစိုးရကို အထိတ် တလန့်ဖြစ်စေခဲ့ပြီး အစိုးရအပြောင်းအလဲကိုဖြစ်စေခဲ့ပေသည်။ နောက်ဆုံးတွင် ၁၉၃၁ သြဂုတ်လ ၂ ရက်တွင် ဆရာစံကိုဖမ်းဆီးခဲ့ပြီး သြဂုတ် ၂၈ ရက်တွင် ကြိုးပေးစီရင်ခဲ့ပေသည်။ ဆရာစံကမိမိအား ပြစ်ဒဏ်ချမှတ်ကြောင်း သိလိုက်သည်နှင့် "ဒီလိုအပြစ်ပေးမယ်ဆိုတာ သိပြီးသားပဲ၊ ၁၅ ကြိုးပေးပါစေ၊ မကြောက်ပါဘူး" ဟု ရဲရဲတောက်ပြောခဲ့ကြောင်း သိရသည်။ သူ၏ရှေ့နေများက အယူခံဝင်ပေးသည် ကိုပင်လက်မခံဘဲ "တော်လှန်ရေးအတွက် အသက်ပေးသွားသော ရဲဘော်များနှင့်အတူ သေလိုပြီ" ဟူ၍အယူခံကိုပယ်ခဲ့ကြောင်း တွေ့ရသည်။ ကြိုးစင်မတက်မီ ညတွင်သံဝေဂကဗျာကို ကိုယ်တိုင်ရေးခဲ့ ပြီးနံနက်လင်း၍ ကြိုးစင်တက်ခါနီးတွင်လည်း အနီးရှိလူများကို ပြုံးရွှင်စွာကြည့်၍ "အမျိုးဘာသာ၊ သာသနာ၊ ပညာကြီးပွားရာကြီးပွားကြောင်း၊ ဆောင်ရွက်လို့အခုလိုကြုံတွေ့ရတာပဲ။ သုခလို့မှတ်ပါ တယ်။ ဖယ်ပေးကြ၊ ငါ့ဟာငါတက်မယ်" ဟူ၍ သူ့ကိုဖေးမဆွဲယူသူများကိုပင် ဖယ်ရှားစေပြီး ကြိုးစင် ပေါ်သို့ ရဲရဲဝင့်ဝင့်တက်သွားကြောင်း သိရှိရပေသည်။ အာဂသတ္တိထူးနှင့် ခေါင်းဆောင်တစ်ဦးပင် ဖြစ် တော့၏။ ထို့အပြင် "သွားပြီ၊ ဖြစ်လေရာဘဝမှာ အင်္ဂလိပ်ကိုနိုင်ရတဲ့ ကိုယ်ဖြစ်ပါစေ" ဟူ၍ ဆုတောင်း သွားခဲ့ပေသည်။ ဆရာစံကားမရှိတော့ပြီ။ ဆရာစံနှင့် ၎င်းဦးဆောင်ခဲ့သော လယ်သမားတော်လှန်ရေး ကြီးက မြန်မာ့သမိုင်းတွင် အမြဲထွန်းလင်းနေမည်သာ ဖြစ်သည်။ ယနေ့ခေတ်လယ်သမားတို့၏ လူမှုဒုက္ခအထွေထွေကို လယ်သမားတော်လှန်ရေးခေါင်းဆောင်ကြီး လာရောက်ကယ်တင်ပေးပါဦး ဟူ၍ တိုင်တည်မိချင်ပါတော့သည်။ ။

7Day Daily
No.312, March.2, 2014

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...