မန်းတွင် ကွန်ပျူတာဆော့ဖ်ဝဲသုံးစွဲမှု ပိုမိုတွင်ကျယ်လာပြီး အသုံးပြုသူများအနေဖြင့် သေချာစွာ စိစစ်ဝယ်ယူ သုံးစွဲရန်လိုဟုဆို
အတွဲ (၁၅)၊ အမှတ် (၁၂)
မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ စီးပွားရေးနှင့် သက်ဆိုင်သည့် လုပ်ငန်းနယ်ပယ်များတွင် ကွန်ပျူတာဆော့ဖ်ဝဲစနစ် သုံးစွဲမှုမှာ ယခင်နှစ်များထက်စာလျှင် ပိုမိုတိုးပွားလာပြီး အသုံးပြုသူများ အနေဖြင့် သေချာစွာ စိစစ်ဝယ်ယူသုံးစွဲရန်လိုကြောင်း သိရသည်။
“မန္တလေးက လွန်ခဲ့တဲ့ ၆ လ တစ်နှစ်လောက်ကစပြီး မိုဘိုင်းဖုန်း အရောင်းဆိုင်တွေ အတော်တော်များများ ဆော့ဖ်ဝဲသုံးလာကြတယ်။ တခြား အရောင်းအဝယ်ဆိုင်ရာ ကုမ္ပဏီတွေ တော်တော်များများလည်း ဘားကုတ်တွေနဲ့ သုံးလာကြတာပေါ့။ ပစ္စည်းထိန်းသိမ်းတာတွေကအစ ကွန်ပျူတာဆော့ဖ်ဝဲစနစ်ကို သုံးလာကြတယ်။ ဆေးကုမ္ပဏီတွေတောင်မှ နောက်ပိုင်း ဆော့ဖ်ဝဲတွေနဲ့ ရောင်းလာကြတယ်။ ဆော့ဖ်ဝဲရေးသားတဲ့သူတွေလည်း များလာတယ်လို့ ယူဆတယ်။ ဆော့ဖ်ဝဲလုပ်ငန်းအသေးတွေ များလာတာလည်း တွေ့နေရတယ်။
ကြီးကြီးမားမား ဆော့ဖ်ဝဲလုပ်ငန်းတွေလည်း အသစ်ပေါ်လာနေကြတယ်။ ဆော့ဖ်ဝဲလုပ်ငန်းတွေ များလာနေသလိုပဲ သူတို့ဘက်က ဈေးကွက်ရှာဖွေရေးလုပ်လာတဲ့အခါ ဝယ်ယူသုံးစွဲမယ့် Customer ဘက်ကလည်း သတိထားစဉ်းစား ရွေးချယ်ဖို့ လိုအပ်လာမယ်။ ဆော့ဖ်ဝဲက ရောင်းလိုက်ပြီးရင် ပြီးမသွားသေးဘူး။ နောက်ပိုင်း Follow Up ဝန်ဆောင်ပေးမှုကလည်း အမြဲရှိနေမှ။ တကယ်ရေရှည် ရပ်တည်မယ့် ကုမ္ပဏီဟုတ်မဟုတ်။ သုံးလေးနှစ်လောက်လုပ်ပြီး ရပ်သွားမယ့် ကုမ္ပဏီဆိုရင် အဲဒီဆော့ဖ်ဝဲ ဝယ်ထားသူအနေနဲ့ သုံးနေလက်စတန်းလန်းကြီး ဆော့ဖ်ဝဲတစ်ခုခုဖြစ်နေပြီဆိုရင် ဘယ်သူ့ကို သွားပြီး အကူအညီတောင်းရမှန်းမသိ ဖြစ်တတ်ပါတယ်။ ဈေးနှုန်းလည်း အရမ်းကြီးတာမျိုး မဟုတ်ဘဲ ဈေးနှုန်းသင့်တင့်တဲ့ ဆော့ဖ်ဝဲထုတ်လုပ်တဲ့ ကုမ္ပဏီ ၃၊ ၄ ခု လောက်ထဲက ခိုင်မာမှုရှိမယ့် ကုမ္ပဏီမျိုးကို သေချာအချိန်ပေး ရွေးချယ်ဖို့လိုပါမယ်။ အတွေ့အကြုံရင့်တဲ့ ပရိုဂရမ်မာတွေ တော်တော်များများက ဆော့ဖ်ဝဲရေးတတ်ကြတယ်။ ဆော့ဖ်ဝဲရေးတတ်ရုံနဲ့ အရေးမပြီးသေးဘူး။ တကယ် Management ကောင်းတဲ့ ကုမ္ပဏီလား၊ တကယ်ခိုင်မာမှုရှိပြီး ရေရှည်ရပ်တည်နိုင်မယ့် ကုမ္ပဏီလားဆိုတာ စုံစမ်းလေ့လာရမယ်။ ဆော့ဖ်ဝဲစနစ် သုံးစွဲဖူးတဲ့သူတွေ တော်တော်များများဆီမှာ သေချာမေးမြန်းလေ့လာဖို့ လိုအပ်ပါတယ်။ စားသောက်ဆိုင်၊ Sales ကုမ္ပဏီတွေ၊ ဟိုတယ်တွေကအစ သုံးစွဲနေကြသလို စပြီးသုံးစွဲမယ် ဆိုရင်လည်း အထက်က အချက်အလက်တွေကို သေချာစဉ်းစားဖို့ လိုအပ်လာမယ်” ဟု မန္တလေးတိုင်းဒေသကြီး ကွန်ပျူတာပညာရှင်များ အသင်းမှ EC တစ်ဦးဖြစ်သူ ဆရာ ချစ်မင်းစိုးမှ အကြံပြု ပြောကြားသည်။
“နောက်ပိုင်းမှာ Mini Mart လေးတွေတောင် သုံးစွဲလာတော့မယ်။ နောက်ပိုင်းဆို ဆော့ဖ်ဝဲတွေကိုသုံးတာကို Network ချိတ်ဆက်ပြီး လုပ်လာကြမယ်။ အခုဆိုရင်လည်း Small Office network ပိုင်း သုံးစွဲသူတွေလည်း နည်းနည်းလေး များလာတယ်။ ဆော့ဖ်ဝဲရောင်းချမယ့်သူတွေကလည်း တဖြည်းဖြည်း ပိုများလာနေသလို မန္တလေးက လုပ်ငန်းရှင်တွေလည်း သူများသုံးရင် ကိုယ်လည်းသုံးမယ်လို့ ပိုဖြစ်လာကြမယ်။ ဒါကြောင့် ဆော့ဖ်ဝဲ ဝယ်ယူသုံးစွဲတော့မယ်ဆိုရင် သေချာနားလည်တဲ့ အသိမိတ်ဆွေ တတ်ကျွမ်းသူတွေနဲ့ တိုင်ပင်ဝယ်ယူသင့်တယ်လို့ ပြောချင်ပါတယ်” ဟု ထပ်မံပြောကြားခဲ့သည်။
“ကျနော်တို့ သုံးခဲ့တဲ့ ဆော့ဖ်ဝဲဆို General သဘောမျိုး ရေးဆွဲထားတာ ဝယ်သုံးဖူးတယ်။ ဈေးလည်း ပေါတော့ စမ်းသုံးကြည့်တာ တစ်ပတ်လောက် သုံးကြည့်ပြီး အဆင်မပြေတော့ ဒီအတိုင်း Microsoft Excel ပဲ ပြန်သုံးရတော့တာပဲ။ သူတို့ ရေးထားတဲ့ ဆော့ဖ်ဝဲက ကုန်ပစ္စည်းအဝင်၊ အထွက်၊ အရောင်းအဝယ် လောက်အတွက်ပဲ ယေဘုယျ ရေးဆွဲထားတာဆိုတော့ ကျွန်တော်တို့ အလုပ်အကိုင် ရှာဖွေရေးအေဂျင်စီ လုပ်ငန်းနဲ့က မကိုက်ဘူး ဖြစ်သွားတာပေါ့။ သူ့ဟာနဲ့သူတော့ ကောင်းပါတယ်။ ကိုယ့်လုပ်ငန်းမှာ ဆော့ဖ်ဝဲသုံးတော့မယ်ဆိုရင်တော့ သေသေချာချာလေး ရွေးဝယ်ပြီးတော့ ဆော့ဖ်ဝဲရေးဆွဲတဲ့သူနဲ့ ကိုယ့်လုပ်ငန်းအကြောင်းကို သေချာရှင်းပြပြီး လိုအပ်တာကို ပြန်ပြင်ရေးဆွဲခိုင်းသင့်တယ်။ နောက်ထပ်ကော ဝယ်သုံးပြီးတာနဲ့ ပြင်စရာရှိရင် ပြန်ပြင်ပေးနိုင်မလားဆိုတာမျိုးပါ မေးပြီးမှ ဆော့ဖ်ဝဲယယ်ယူသုံးစွဲသင့်တယ်” ဟု MCG အလုပ်အကိုင်ရှာဖွေရေးကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ဆောဖ်ဝဲဝယ်ယူသုံးစွဲမှုနှင့် ပတ်သက်၍ ၎င်း၏ အတွေ့အကြုံကို ပြောပြသည်။
“ကျွန်တော့်စတိုးဆိုင်အတွက် အရောင်းအဝယ်ဆိုင်ရာ ဆော့ဖ်ဝဲတစ်ခုဝယ်သုံးခဲ့တာ အဆင်သိပ်မပြေဘူး။ ဥပမာ- ကျွန်ောတ်ာက ဆေးလိပ်တစ်မျိုးကို ကုဒ် ၀၀၀၅ ဆိုတာမျိုးနဲ့ မှတ်ထားတာ။ ဆေးလိပ်က ဘူးတောင့်၊ ကပ်ထူဖာ၊ တလိပ်ချင်းစီ။ တစ်ဘူးချင်းစီဆိုပြီး ရောင်းရတော့ သေးစိတ်ကုန်ပစ္စည်း အဝင်အထွက် ဘောင်ချာထုတ်ရာမှာ မလွယ်ကူတော့ဘဲ လက်နဲ့ပဲ ရေးပေးနေရတယ်။ အဓိကကိုယ်က ဆော့ဖ်ဝဲဝယ်ကတည်းက သေချာမရေးဆွဲခိုင်းမိတာလည်းပါတယ်။ ဆော့ဖ်ဝဲရောင်းတဲ့သူကို ပြန်ခေါ်ပြီး ပြင်ခိုင်းတော့လည်း ပြင်ရေးလို့ မရဘဲ အစအဆုံး ပြန်ရေးမှရမယ်ပြောတော့ ဒီအတိုင်းပဲ သုံးလို့ရတဲ့ ကဏ္ဍသုံးပြီး မရတာကိုတော့ ဘောင်ချာစက္ကူမှာ လက်နဲ့ရေးပြီးပဲ ပေးနေရတော့တယ်” ဟု မန္တလေးစက်မှုဇုန်မှ စတိုးဆိုင်ပိုင်ရှင်တစ်ဦးက ဆိုသည်။ မန္တလေးအတွက် လုပ်ငန်းသုံး ဆော့ဖ်ဝဲစနစ်အား ငွေကျပ် ၅ ထောင်တန်ခန့်မှ စတင်ကာ ဝယ်ယူရရှိနေနိုင်သည်။
“ဈေးကွက်မှာ တချို့ဆို နိုင်ငံခြားက ထွက်ပြီးသား ဆော့ဖ်ဝဲတွေကို နည်းနည်းပြုပြင်ပြီး သုံးလေးထောင်လောက်နဲ့ကို ရောင်းချနေတာမျိုးလည်း ရှိတယ်။ အဲဒါ မျိုးဆို လိုအပ်ရင် ပြန်ပြင်ရေးလို့ မရတာမျိုးတွေကြောင့် သုံးတဲ့သူအတွက် အဆင်မပြေနိုင်ဘူး။ ဆော့ဖ်ဝဲဝယ်ယူပြီး သုံးချင်တဲ့သူတချို့ကလည်း ဆော့ဖ်ဝဲဆိုရင် CD ထည့်ပြီး စက်ထဲမှာ Install လုပ်လိုက်တာနဲ့ သုံးလို့ရပြီး ထင်နေတာမျိုးလည်း ကြုံဖူးတယ်။ အဓိကကတော့ ဆော့ဖ်ဝဲရောင်းချပေးတဲ့သူ ဖက်ကလည်း ရောင်းပြီး ပြီးရော မလုပ်သင့်ပါဘူး။ တကယ် ပြည်တွင်းမှာ ကိုယ်တိုင်ရေးဆွဲထားတဲ့ ဆော့ဖ်ဝဲမျိုးကိုသာ ရောင်းချပြီး သုံးတဲ့သူဘက်ကလည်း သေချာစိစစ်ဝယ်ယူဖို့ လိုတာပေါ့။ တကယ့်ကို အဆင့်မြင့်ပြီး ဈေးကြီးတဲ့ ဆော့ဖ်ဝဲတွေကျတော့လည်း မိမိလုပ်ငန်းနဲ့ သင့်တော် မတော်။ တွက်ချေကိုက် မကိုက် ချင့်ချိန်ပြီးမှ ဝယ်သင့်တယ်။ ပြည်တွင်းမှာ နာမည်ရ ဆော့ဖ်ဝဲရောင်းချပေးတဲ့ ကုမ္ပဏီတွေ အများစုကတော့ ဆော့ဖ်ဝဲရောင်းချရင် နောက်ပိုင်းလည်း အချိန်ကာလတစ်ခုနဲ့ ဆားဗစ်ထပ်ပေးထားတယ်။ ပြန်ပြင်စရာရှိရင် ဒီအချိန်ကာလအတွင်းမှာ ပြန်ပြင်ပေးကြတယ်။ နောက်ပိုင်း Contract နဲ့ ထပ်တိုးပြီး ဝန်ဆောင်မှု ပေးကြတယ်။ ဆော့ဖ်ဝဲဝယ်သူကလည်း ဆော့ဖ်ဝဲတစ်ခု ဝယ်သုံးလိုက်ရင် ရောင်းတဲ့သူဖက်က တစ်သက်လုံး ဆားဗစ်ဖရီးပေးမယ် ထင်တတ်ကြတယ်။ မိမိလုပ်ငန်းနဲ့ အမျိုးအစားတူပြီး ဆော့ဖ်ဝဲစနစ်သုံးဖူးတဲ့ လုပ်ငန်းရှင်တွေဆီမှာ သေချာလေ့လာသင့်တယ်။ သာမန်အရောင်းအဝယ် လုပ်ငန်းဆိုရင်တော့ ရေးပြီးသား Package ဆော့ဖ်ဝဲတွေနဲ့ အဆင်ပြေနိုင်ပြီး လုပ်ငန်းက သာမန်နဲ့မတူဘဲ လည်ပတ်ပုံ နည်းနည်းထူးနေမယ်ဆိုရင်တော့ ဆော့ဖ်ဝဲရေးပေးမယ့်သူကို လုပ်ငန်းအကြောင်းအရာကအစ သေချာရှင်းပြပြီး Customized ရေးဆွဲထားတဲ့ Software စနစ်ကို ဝယ်သုံးသင့်ပါတယ်။ မန္တလေးမှာကတော့ ဒီနှစ်ပိုင်းမှာကို ဆော့ဖ်ဝဲဝယ်ယူသုံးစွဲချင်တဲ့သူတွေ စုံစမ်းလာတယ် ပိုများလာပါတယ်” ဟု သကြားစက်လုပ်ငန်း၊ ဘိလပ်မြေ စက်လုပ်ငန်းကြီးများအတွက် ဆော့ဖ်ဝဲရောင်းချဝန်ဆောင်မှု ပေးလျက်ရှိသူ i-TREND မှ Freelance Software ရေးသားသူ ကိုလှမျိုးက ဆော့ဖ်ဝဲဝယ်ယူသုံးစွဲမှုနှင့် ပတ်သက်၍ ပြောသည်။
မန္တလေးတိုင်းဒေသကြီးအတွင်း ယခုနောက်ပိုင်း လုပ်ငန်းဆိုင်ရာဆော့ဖ်ဝဲရေးသား ထုတ်လုပ်သည့်ကုမ္ပဏီကြီးများ တဖြည်းဖြည်းတိုးပွားလာနေသကဲ့သို့ ဆော့ဖ်ဝဲရေးသားရောင်းချသည့် ပရိုဂရမ်မာများလည်း တိုးပွားလာနေသည်။
ကောင်းမြတ်ထွန်း၊ မန္တလေး
Internet Journal