အရက်ကြိုက် အမျိုးသားများ သတိထား၊ ရောင်းစားခံရမည်


မွန်ပြည်နယ်၊ ကျိုက္ခမီမြို့မှ အမျိုးသားတစ်ဦးအား အရက်မူးအောင်တိုက်၍ အိပ်ပျော်သွားစဉ် ထိုင်းနိုင်ငံ သို့ ခေါ်ဆောင်ပြီး ငါးဖမ်း စက်လှေ၌ ရောင်းစားခဲ့သူကို မုဒုံမြို့မရဲစခန်းမှ အရေးယူခဲ့သည်ဟု သိရှိရသည်။

မတ်လ ၅ ရက်နေ့က အရေးယူခဲ့သည့် အဆိုပါဖြစ်စဉ်မှာ ကျိုက္ခမီမြို့နေ မောင် x x x သည် ၂၀၁၃ ခုနှစ် မေလခန့်က ကျိုက္ခမီ မြို့နယ်၊ ဆင်ဘုန်း ကျေးရွာရှိ ဇနီးဖြစ်သူထံ သွားရောက်စဉ် မုဒုံဈေးအနီး ၌ ခေတ္တကားရပ်နားသဖြင့် ၀င်းထိုက်ဆိုသူနှင့် တွေ့ရှိ ခင်မင်ပြီး အရက်အတူသောက်ခဲ့ရာ အရက်မူးလွန် အိပ်ပျော်သွားခဲ့ကြောင်း၊ အမူးပြေလာသည့်အချိန်တွင် ဘုရားသုံးဆူရှိ အမည်မသိက ရင်လူမျိုးတစ်ဦး ၏နေအိမ်တွင် ၀င်းထိုက်နှင့် အတူရောက်ရှိနေကြောင်း၊ မနက် ၂ နာရီအချိန်ခန့် တွင် ၀င်းထိုက်မှ အိမ်ပြန် ပို့မည်ဟုပြောပြီး ဗင်ကားဖြင့် ခေါ်ဆောင်ခဲ့ရာ ထိုင်းနိုင်ငံ၊ မဟာချိုင်ဆိပ်ကမ်းမှ ထိုင်းငါးဖမ်း စက်လှေ (အမှတ် ၁၂၇) ပေါ်ရောက် ရှိခဲ့သည်။

ထို့နောက် ၀င်းထိုက်မှ စက်လှေပိုင်ရှင်ထံ ထိုင်းဘတ်ငွေ ၂၅၀၀၀ ဖြင့် ရောင်းစားခဲ့ကြောင်း၊ ထိုစက်လှေပေါ်တွင် (၃)လခန့် လုပ်ကိုင်ရပြီး လုပ်အားခမရရှိခဲ့ကြောင်း၊ စက်တင်ဘာလတွင် အင်ဒိုနီးရှားရေပိုင်နက်အတွင်း ငါးဖမ်းနေစဉ် မုန်တိုင်မိသဖြင့် စက်လှေနစ်မြုပ်ခဲ့ပြီး၊ ဘောကွင်းဖြင့် ပင်လယ်အတွင်း(၂)ရက်ခန့်ကူးခတ်ခဲ့ရာ ထိုင်းကုန်တင်သင်္ဘောမှကယ်တင်၍ အင်ဒိုနီးရှား ကျွန်းတစ် ကျွန်းသို့ ပို့ဆောင်ပေးကာ ထိုကျွန်းတွင် ဆီအုန်းချက်သည့်အလုပ် လုပ်ကိုင်နေစဉ် (၃) ရက်မြောက်၌ ရဲတပ်ဖွဲ့၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။

ထို့နောက် လူဝင်မှုကြီးကြပ်ရေးစခန်းတွင် (၅)လ၊ ဂျာကာတာတွင် ရက်(၇၀)ခန့်ထိန်းသိမ်းခံရပြီး အင်ဒိုနီးရှား နိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ IOM (အင်ဒိုနီးရှား)အဖွဲ့၏ အစီအစဉ်ဖြင့် မြန်မာနိုင်ငံသို့ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ ၁၂ရက်နေ့တွင် ပြန်လည် ရောက်ရှိခဲ့ပြီး လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် IOM(မြန်မာ)တို့၏ အစီအစဉ်ဖြင့် ဖေဖော်ဝါရီ ၁၃ ရက်နေ့၌ နေရပ်ဇာတိ သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း နေပြည်တော်လူကုန်ကူးမှု တားဆီးကားကွယ်ရေး ရဲတပ်ဖွဲ့မှ သိရှိရသည်။

သို့ဖြစ်ပါ၍ ကျိုက္ခမီမြို့နယ် မှ မောင် x x x အား ထိုင်းနိုင်ငံသို့ ခေါ်ဆောင်သွားပြီး ငါးဖမ်းစက်လှေ တွင် ရောင်းစားခဲ့သူ ၀င်းထိုက်(စုံစမ်းဆဲ) အပေါ် ဥပဒေ အရ အရေးယူပေးရန် အမှတ်(၉) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးတပ်ဖွဲ့စု၊ မော်လမြိုင်မှ တရားလိုပြုလုပ် တိုင်တန်းသဖြင့် ၂၀၁၄ခုနှစ် မတ် ၅ ရက်နေ့တွင် မုဒုံမြို့မရဲစခန်းမှ (ပ) ၂၇/၂၀၁၄၊ လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဥပဒေပုဒ်မ ၂၅ ဖြင့် အမှုဖွင့်အရေးယူထားရှိသည်။

တရားခံဝင်းထိုက်(နေရပ် လိပ်စာမသိ၊ ဗမာလူမျိုး၊ ဆံပင်ကျော်ထိရှည်/နက်၊ နဖူးကျဉ်း၊ မျက်ခုံး ထူ၊ မျက်လုံးသင့်၊ နှာတံသင့်၊ ယာဘက်နှုတ်ခမ်းအပေါ် လက်မ၀က်ခန့် ဓါးပြတ်ရှဒဏ်ရာ အမာရွတ် ရှိ၊ မေးစေ့ချွန်၊ နားရွက်သင့်၊ အသားညို၊ အရပ် ၅ပေ ၇ လက်မခန့် စကားပြောသွက်၊ အရက်သောက် တတ်)သည် ထွက်ပြေးတိမ်းရှောင်လျက်ရှိသဖြင့် တွေ့ရှိပါက နီးစပ်ရာရဲစခန်းသို့ ဆက်သွယ် အကြောင်းကြားပေးနိုင်ပါရန် သက်ဆိုင်ရာမှ အကူအညီတောင်းခံထားကြောင်း သတင်းရရှိသည်။

“ပြည်ပကိုဦးတည်နေတဲ့အမှုတွေမှာက တရုတ်နိုင်ငံရဲ့ သတို့သမီးလိုအပ်ချက်မြင့်မားနေတဲ့အတွက် မြန်မာ အမျိုးသမီးတစ်ဦး ကိုယွမ်(၃၀၀၀၀)ကနေ (၆၀၀၀၀)အထိ ရာသက်ပန်ပေါင်းသင်းခအနေနဲ့ရော တစ်နှစ် ပေါင်းသင်းခအနေနဲ့ပါ၊ ပေးဝယ်ကြတာ တွေ့ရတယ်၊ ထိုင်းနိုင်ငံကတော့ဈေးပေါတဲ့ လုပ်သား လိုအပ်ချက်များနေတဲ့အတွက် အဓမ္မစေခိုင်းးမှုပိုများပြီး အမျိုးသားအများစု ကုန်ကူးခံရတာ ပိုများတယ်” ဟု နေပြည်တော်လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးက ပြောသည်။

၂၀၁၃ ခုနှစ်အတွင်းက ထိုင်းနိုင်ငံတွင်မြန်မာနိုင်ငံမှလူကုန်ကူးမှုပေါင်း(၂၁)မှုဖြစ်ပွါးခဲ့ပြီး လူကုန်ကူးခံရသူ ကျား၁၄၂ဦး၊ မ၉၁ဦး၊ ပေါင်း၂၃၃ဦး ရှိခဲ့ကြောင်း နေပြည်တော်လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့ မှတ်တမ်းများအရ သိရသည်။

MyitMakha News Agency

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...