သမိုင်းကို ဆန်းသစ်စေသူ (သို့) မိန်းမသားများ
အိုက်လွန်းတဲ့ နွေရာသီ နေ့တနေ့၊ မိုးလေးတစ်ပြိုက် နှစ်ပြိုက်လောက် ရွာပြီးတဲ့အချိန်မှာပဲ လိုချင်တဲ့ စာ အုပ်တချို့ကို ၀ယ်နိုင်ဖို့ ကျွန်မ လှည်းတန်းက အင်းဝ စာပေကို ထွက်လာခဲ့တယ်။ မိတ်ဆွေတစ်ယောက် အတွက် ရှာဝယ်ပေးချင်တဲ့ ဆရာကြီး ရွှေဥဒေါင်းရဲ့ အထုပ္ပတ္တိစာအုပ်၊ နောက် ဆရာမကြီး ဒေါက်တာ မတင်ဝင်းရဲ့ ရာဇ၀င်းထဲက မိန်းမသားများဆိုတဲ့ စာအုပ်ကို ပြန်ရှာတွေ့တော့ ၀မ်းသာသွားတယ်။ ခပ်ငယ် ငယ်တည်းက ဖတ်ဖူးခဲ့ပေမယ့် ခုအချိန်မှာ သိပ်မမှတ်မိချင်တော့။ တခေတ်တခါက ရာဇ၀င်တွင် ကျန်ခဲ့ ရလောက်တဲ့အထိ ကျော်ကြားခဲ့တဲ့ အမျိုးသမီးများရဲ့ ကောင်းခြင်း ဆိုးခြင်းတွေကို ရေသားထားတဲ့ စာ အုပ်ဖြစ်တာမို့ တစ်ခေါက်လောက် ပြန်ဖတ်ကြည့်ခဲ့ချင်ပေမယ့် ရှာမတွေ့တာ ကြာပြီ။
ကျွန်မ လိုချင်တဲ့ စာအုပ်တွေကို ရွေးယူပြီး ငွေရှင်းကောင်တာမှာ စောင့်နေတုန်းပဲ ကျွန်မ နောက်ဘက်က အမျိုးသမီးငယ် တစ်ယောက်ကလည်း ပိုက်ဆံရှင်းဖို့ စာအုပ်တချို့ လာထပ်တင်တာကို တွေ့လိုက်တယ်။ ကျွန်မ စာအုပ်တွေကနေ သူ့စာအုပ်တွေကို မျက်လုံးရွေ့ကြည့်လိုက်တော့ စာအုပ် သုံးအုပ်အနက်က အပေါ်ဆုံးက မြင်နေရတဲ့ စာအုပ်က ငါးရာ့ငါးဆယ် ဇာတ်နိပါတ်တော် ရုပ်စုံစာအုပ်။ ကျွန်မက စာအုပ်ဖိုး အရင်ရှင်းပြီး လှည့်ထွက်မယ်လုပ်တော့ စောစောက စာအုပ်လာတင်ပေးတဲ့ အမျိုးသမီးက ကျွန်မလက်ကို လှမ်းဆွဲပြီးတော့
“ အမ . . သမီးကို မမှတ်မိတော့ဘူးလား” ပြုံးပြီးတော့ တရင်းတနှီးပြောတာဆိုတော့ ကျွန်မ သူ့ကို နောက်တစ်ခေါက် သေသေချာချာ ပြန်ကြည့်ဖြစ် တယ်။ ကိုယ်လုံးကိုယ်ထည် ခပ်ပါးပါးနဲ့ အသားက ဖြူဖြူ၊ လူပုံက နွဲ့နွဲ့၊ ချည်ထည် ဗိုက်ဖုံးအင်္ကျီ ရဲ့အောက် မှာတော့ ပြည့်ပြည့်ဝိုင်းဝိုင်း ကိုယ်ဝန်နဲ့။
“စိတ်မရှိနဲ့နော်..။ အမ တကယ်မမှတ်မိတာ” ဆိုတော့ သူမက “အမကလည်း ကိုယ့်တပည့်ကို မမှတ်မိ ဘူးလား”တဲ့။ ကျွန်မ သင်တန်းကျောင်းတစ်ခုမှာ စာသင်ခဲ့တုန်းက လာတက်ဖူးတဲ့ သင်တန်းကျောင်းသူ တစ်ယောက်လို့ သူ့မကိုယ်သူမ မိတ်ပြန်ဆက်ပေးတော့ ကျွန်မ နည်းနည်း မှတ်မိစပြုသွားတယ်။ ဆေး ကုမ္မဏီတခုမှာ အရောင်းဝန်ထမ်း လုပ်နေရင်းကနေ အခုတော့ အလုပ်က နှုတ်ထွက် ထားလိုက်ပြီတဲ့။
“မီးဖွားခါနီးနဲ့ ပေါင်းပြီးတော့ တခါတည်း အလုပ်ထွက်လိုက်တာ အမ။ မိခင်ဖြစ်တော့မယ် ဆိုတော့ ကလေးအတွက်က လွဲပြီး ဘာမှ စဉ်းစားလို့ မရတော့ပါဘူး။ သူ့အတွက် ပြင်ဆင်ရမှာတွေ ရှိတယ်လို့ တွေးမိလာတယ်။ ကလေးအတွက် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာဖို့ ဂရုစိုက်ရမှာတွေရှိသလို စိတ်ပိုင်းဆိုင်ရာ ဖြည့်ပေးရမှာတွေက အများကြီးပဲလို့ သမီးက ခံယူထားတာ၊ ပထမဆုံး စဉ်းစားလိုက်မိတာက ကလေးကို ယဉ်ကျေးလိမ္မာအောင် ဘယ်လို ပြုစု ပျိုးထောင်ရမလဲဆိုတာ။ သမီး ငယ်ငယ်တုန်းက အမေက ပုံပြင်တွေ၊ ဇာတ်တော်တွေကို ပြောပြဆိုတော့ သမီး အရင်ဆုံး စဉ်းစားမိတာက အဲ့ဒီ စာတွေ၊ အဲ့ဒီ ယဉ်ကျေးမှုတွေ၊ အဲ့ဒါတွေကို ပြန်လေ့လာမယ်၊ ကလေးအတွက် အချိန်ပေးမယ်လို့ တွေးပြီး အလုပ်က နားဖို့ ဆုံးဖြတ်လိုက် တာ . . ”
စာအုပ်ဆိုင်နဲ့ မျက်နှာချင်းဆိုင်က အအေးဆိုင်မှာ မုန့်စားရင်းနဲ့ ကျွန်မတို့ စကားတွေ အများကြီး ပြောဖြစ် ခဲ့တယ်။ အများစုကလည်း သူ့ကလေးနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုမျိုး ပြုစုပျိုးထောင်ပေးမယ့် အကြောင်း တွေ။ ဒီအချိန် သူဝယ်လာတဲ့ စာအုပ်တွေကို ကြည့်လိုက်တော့ ဘာသာရေးနဲ့ ပတ်သက်ပြီးတော့ အခြေခံ ကျကျ သိသင့်သိထိုက်တဲ့ စာအုပ်တချို့ပါ ထပ်ပါတာကိုတွေ့လိုက်တယ်။
သူကိုယ်ဝန်နဲ့ ပတ်သက်ပြီးတော့ ဂရုစိုက်ရမယ့် အချက်တွေ၊ သောက်သင့်တဲ့ဆေးတွေ၊ မသောက်သင့် တဲ့ဆေးတွေ အကြောင်းပြော၊ သွားတာလာတာက အစ ဂရုစိုက်ဖို့ပြောပြီး နည်းနည်း မိုးချုပ်လာတော့ ကျွန်မတို့ လမ်းခွဲလိုက်တယ်။ လှည်းတန်းကနေ အိမ်ကို ပြန်လာတဲ့ လမ်းမှာ ကျွန်မ ခေါင်းထဲကို ၀င်နေ တာက ကလေးနဲ့ ပတ်သက်တဲ့ ဒီညီမလေးရဲ့ စိတ်နေစိတ်ထား။ တပြိုင်နက်တည်း တွေးလိုက်မိတာက ပညာရေးနဲ့ပတ်သက်တဲ့ လက်ကမ်းစာစောင်ထဲက ဆောင်ပုဒ်တခု။
“နိုင်ငံတော်ကို ပညာပေးချင်ရင် မိခင်တွေကို ပညာသင်ပေးပါ”
စမြင်မြင်ချင်းတုန်းက ဒီစကားစုက အမျိုးသမီးတွေကို နှိပ်သလိုလိုမို့ သဘောမကျမိတာအမှန်။ မြန်မာလို ဘယ်လိုပဲ အဆင်ချောအောင် ဘာသာပြန်ကြည့် ပြန်ကြည့် ဆိုလိုရင်းကတော့ ဒီလိုပဲ ထွက်နေတယ်။ ဒါပေမယ့် စဉ်းစားကြည့်လိုက်တော့ မိခင်တွေရဲ့ အရေးပါ အရာရောက်မှုကို ဖော်ကျူးထားတဲ့ ဆောင်ပုဒ် တစ်ခုဖြစ်။
ကလေးဆိုတာ အမေရဲ့ ပုံရိပ်ကလေးတွေပါ။ ကလေးတွေနဲ့ တရင်းတနှီး အနေအနီးဆုံးက အမေဖြစ် တာကြောင့် ကလေးတွေအတွက်တော့ အမေထက် အက္ခရာကျတဲ့ ဆရာရှိမှာ မဟုတ်တော့ဘူး။ ကလေး တွေဟာ သူတို့ရဲ့ အပြုအမူတွေ၊ အပြောအဆိုတွေကို အမေဆီကနေပဲ တိုက်ရိုက် သင်ယူကြတယ်။ အပြု အမူ၊ တီထွင်ကြံဆမှုတွေ၊ လေ့လာသင်ယူမှုတွေက အမေဆီကနေ မသိမသာ သင်ယူလာကြတယ်။ ဒီတော့ ကလေးဘ၀တည်းကနေ အရွယ်ရောက်တဲ့အထိ သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုတွေ၊ အသိဥာဏ် တိုးတက်မှု၊ လူမှုဆက်ဆံရေး ကိစ္စတွေ အားလုံးက အမေနဲ့ ဆက်နွယ်နေပြီ။
အမေတွေရဲ့ ထိန်းကျောင်းနည်းလမ်းညွှန်မှုနဲ့ ကလေးဘ၀မှာ အစားအသောက်တွေကို အသံမမြည် အောင် စားရမယ်ဆိုတာကို သိလာကြတယ်။ အစားအသောက်ကို ကိုယ်စားနိုင်သလောက် ကလေး ပန်းကန်ထဲမှာ ထည့်ထားရမယ် ဆိုတာကို သိလာတယ်။ အိမ်သာတက်ပြီးရင် ဘာကြောင့် လက်ဆေးရ တယ်၊ ညဘက် အိပ်ရာဝင်ခါနီးမှာ ဘာကြောင့် သွားတိုက်ရလဲဆိုတာကို သိလာတယ်။ လူကြီးသူမတွေ၊ ဆရာသမားတွေနဲ့ စကားပြောရင် ဘယ်လိုမျိုး ပြောဆိုရမလဲ ဆိုတာကို သိလာကြတယ်။ ပေါင်းအပ်တဲ့ သူ၊ သွားအပ်တဲ့ ဒေသ၊ စားအပ်တဲ့ အစားအသောက်မျိုးတွေကိုက အစ အကြောင်းအရာတွေ အများကြီး သိလာကြတယ်။
ဒီအတွက်ကြောင့်ပဲ အမေဖြစ်လာမယ့် အမျိုးသမီးတွေဟာ ပိုပြီးတော့ အလိမ္မာရှိကြတယ်။ လုပ်ငန်းခွင်ထဲ မှာ အလုပ်လုပ်နေရတဲ့ အမျိုးသမီးဖြစ်ဖြစ်၊ အိမ်မှုကိစ္စတွေကို တာဝန်ယူပေးနေတဲ့ အမျိုးသမီးဖြစ်ဖြစ် သူတို့ရဲ့ ကလေးကို ဘယ်လိုပြုစု ပျိုးထောင်ရ မလဲဆိုတာကို ကောင်းကောင်းသိတယ်။ ကလေးတွေရဲ့ ဘ၀ ဘယ်လို တိုးတက်အောင် လုပ်ပေးနိုင်ရမလဲဆိုတာကို ကောင်းကောင်း စဉ်းစားနိုင်ကြတယ်။ အဲ့ဒါတွေက ဘယ်ကနေ လာသလဲ။
အမျိုးသမီးတွေရဲ့ အပြုအမူ အလေ့အကျင့်တွေကို သူမသက်ဝင်တဲ့ ဘာသာ၊ သူမ သင်ယူတတ်မြောက် ထားတဲ့ ပညာ၊ သူမရှင်သန်တဲ့ဆွေမျိုး ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းကနေ အများကြီး လွှမ်းခြုံထားတယ်။ အဲ့ဒီအမျိုးသမီး မိခင်ဘ၀ရောက်လာတော့ သူမအပေါ်မှာ ရှိတဲ့လွှမ်းခြုံမှုတွေဟာ သူ့ရဲ့ ကလေးတွေဆီကို လာပြီးတော့ သက်ရောက်မှုရှိလာတယ်။ ပညာဥာဏ်၊ ဗဟုသုတနဲ့ ပြည့်စုံလာလေလေ ကလေးတစ် ယောက်ကို ဘယ်လို ထိန်းကျောင်းရမယ်ဆိုတာကို ပိုပြီးတော့ သိမြင်လာလေလေပါပဲ။ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ဗဟုသုတ၊ ဆင်ခြင်ဥာဏ်ရှိတဲ့ အမေတစ်ယောက်ဟာ သူ့ကလေးကို ဘယ်လို ကျွေးမွေး သင့်တယ်ဆိုတာကို ပိုပြီးတော့ နားလည်နိုင်တယ်။
ဒီလိုဆိုတော့ ကလေးတစ်ယောက်အတွက် အဖေရဲ့ သိပ်ပြီးတော့ အရေးမပါသလို ဖြစ်သွားတယ်။ အဖေ ကတော့ အိမ်ရဲ့ ထောက်တိုင်လိုမျိုး ရုပ်ပိုင်းဆိုင်၇ာ ကြံ့ကြံ့ခံနိုင်အောင် ရပ်တည်ပေးနေတဲ့ သူမျိုးဖြစ်ပြီး အမေကတော့ ကလေးတွေရဲ့ စိတ်နေစိတ်ထားကအစ အနုစိတ် ကာကွယ်ရင်း ပုံဖော်ပေးနေရသူပါ။ အမေနဲ့ ကလေးတွေဟာ သန္ဒေသားဘ၀တည်းက ချစ်ခြင်းနဲ့ ဂရုစိုက်မှုတွေ စုပေါင်းပြီးတော့ အခိုင်ခံ့ဆုံး ကြိုးတစ်ချောင်းကို တည်ဆောက်ပြီးနေခဲ့ပြီ။ တရင်းတနှီးဖြစ်နေကြပြီ။
အမေက ကလေးနဲ့ ပတ်သက်ပြီးတော့ အာရုံစူးစိုက်မှုတွေ အများကြီး ရှိနေပြီ။ အမေတွေရဲ့ ပါးပါးနပ်နပ် အကဲဖြတ်နိုင်တဲ့ မျက်လုံးတွေဟာ သူမရဲ့ ကလေးမှာ ဘယ်လို ပြောင်းလဲမှုတွေ ရှိနေတယ်၊ သူမရဲ့ ကလေးတွေဟာ ဘာကို စူးစိုက်နိုင်စွမ်း ရှိတယ်ဆိုတာကို ပိုသိနိုင်တယ်။ သာမန်တင်းကြပ်မှုတွေကနေ ဖောက်ထွက်ဖို့ စဉ်းစားနိုင်တဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ကလေးဟာ သူ့အမေဆီကနေ ရဲရင့်မှုတွေကို လက်ခံယူသွားတယ်။ အမေတွေရဲ့ လိမ္မာပါးနပ်မှုကြောင့်ပဲ ကလေးတွေဟာ နောင်တစ်ခေါတ်ကို စိန်ခေါ်ဖို့ အဆင်သင့်ဖြစ်နေတယ်။ အရာရာကို ရင်ဆိုင်ရဲတဲ့ လူတန်းစားတစ်ရပ်ဟာ အမေတွေကြောင့် ပေါ်ထွက် လာတယ်။
နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတမျိုးရဲ့ ဂုဏ်ကို ဖော်ဆောင်နိုင်ဖို့ ကြိုးစားရင် အမျိုးသမီးတွေရဲ့ အရေးပါမှုကို လျစ်လျူ ရှု့လို့မရတော့ဘူး။ မိန်းမသား ဘ၀ကို ပန်းလေးတွေနဲ့ တင်စားကြတယ်။ နူးညံ့ပြီး လှတဲ့ ယဉ်တဲ့ ပန်း ကလေးတွေ ရှိသလိုမျိုး နေရောင်ခံပြီး အရိုင်းပွင့်တဲ့ ပန်းကလေးတွေလည်း အများကြီးပါပဲ။ ဘယ်လို ပန်းမျိုးမဆို အသိဥာဏ်ရှိကြတဲ့အခါ အခြေအနေတစ်ရပ်ကို ပြောင်းလဲစေနိုင်စွမ်းရှိကြတယ်။ ဒါကြောင့်ပဲ နိုင်ငံတော်ကို ပညာပေးချင်ရင် မိခင်တွေကို ပညာတတ်အောင်သင်ပြီးတော့ အသိဥာဏ်ကို ဖွင့်ပေးဖို့ နှိုးဆော်နေကြတာ။
ကလေးတွေရဲ့ တွေးခေါ်နိုင်မှုမှာ အမေတွေရဲ့ ဦးဆောင်လမ်းပြနိုင်မှုတွေ အများကြီး ပါဝင်တယ်။ လမ်းကြောင်း တည့်မတ်မှုတွေ ပါဝင်တယ်။ ကလေးတွေနဲ့ ပတ်သက်ပြီးတော့ အမေတစ်ယောက်ရဲ့ အရေးပါမှုဟာ ကလေးကို ထမင်းနပ်မှန်မှန်ကျွေးပြီး အ၀တ်အစား ဆင်ပေးတာထက် အများကြီး အရေး ပါနေတယ်။ ရာဇ၀င်တွေထဲက စာဆိုတော် အကျော်အမော် လှိုင်ထိပ်ခေါင်တင်က သူ့အမေဖြစ်တဲ့ နန်းမတော် မမြလေးထံမှ အမွေအနှစ်ဖြစ်တဲ့ စာပေစပ်ဆိုမှု အမွေအနှစ်ကို ရခဲ့တယ်။ နန်းမတော် မယ်နု ရဲ့ ထက်မြက်မှုကို စုဖု၇ားလတ်က ရခဲ့တယ်။
ကျွန်မတို့ကို မွေးထုတ်ပေးခဲ့တဲ့ မေမေ၊ မေမေတို့ကို မွေးထုတ်ပေးခဲ့တဲ့ အဘွား၊ အဘွားတို့ကို မွေးထုတ် ပေးခဲ့တဲ့ မိန်းမသားပေါင်းများစွာ။ အခု ကျွန်မနဲ့ ဆုံခဲ့တဲ့ ညီမလေးလို ကလေးတွေကို အသိပညာပေးမယ့် အမျိုးသမီး၊ ထိုအမျိုးသမီးကနေ နောက်ထပ် ဆင့်ပွားလာမယ့် ယဉ်ကျေး ထက်မြက်တဲ့ အမျိုးသမီးပေါင်း များစွာ။ တကယ်တော့ အမျိုးသမီးဆိုတဲ့ လူတန်းစားတွေဟာ ပုံပြင်တွေထဲမှာ ကျန်ခဲ့ကြမယ့်သူတွေ မဟုတ်ဘူး။
သမိုင်းအကြောင်း အသစ်ကို တီထွင်ရေးစေနိုင်စွမ်း ရှိသူတွေ . . မဟုတ်လား။
နှင်းနုလွင်
Women’s World Journal
Vol 3၊ Issue 20
Women’s World Journal
Vol 3၊ Issue 20
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
ကိုမျိုး (lwanmapyay.blogspot.com)