ခွဲစိတ်မွေးဖွားသူ ကလေးငယ်များ အ၀လွန်ရောဂါခံစားရနိုင်


Health Updates Journal No. 101

ခွဲမွေးထားသော ကလေးများသည် အရွယ်ရောက်လာသည့်အခါ အ၀လွန်သူများဖြစ်လာနိုင်ကြောင်း လန်ဒန်အင်ပါယာကောလိပ် သုတေသီများက ဆိုသည်။

သဘာဝအတိုင်းမွေးဖွားသည့် ကလေးများထက် ခွဲမွေးသည့်ကလေးများသည် အသက်ကြီးလာသည့်အခါ ၎င်းတို့၏ လေးပုံတစ်ပုံတွင် အ၀လွန် လာလေ့ရှိကြောင်း သုတေသနအဖွဲ့ ကဆိုသည်။
“ခွဲမွေးတာဟာ မိခင်အချို့ အတွက် အကောင်းဆုံး မွေးဖွားနည်းတစ်ခုဖြစ်နိုင်သလို ရံဖန်ရံခါ အသက်ကယ်ဖို့အတွက် ခွဲမွေးရပါတယ်။ ဒါပေမယ့် ခွဲမွေးခြင်းကြောင့် ရေရှည်မှာဖြစ်လာနိုင် တဲ့ ပြဿနာတွေကို နားလည်ထားဖို့ လိုသလို ခွဲမွေးဖို့စဉ်းစားတဲ့ အမျိုးသမီးတွေကိုလည်း သတင်း အချက်အလက်အစုံအလင် ပြောပြထားပြီးမှခွဲမွေးဖို့ ဆုံးဖြတ်ချက်ချခိုင်းသင့်ပါတယ်”ဟု ဦးဆောင်သူ သုတေသီ ပါမောက္ခ Neena Mod ကဆိုသည်။

PLOS ONE ဂျာနယ်၌ ဖော် ပြခဲ့သော အဆိုပါသုတေသနတွင် ခွဲစိတ်၍ မီးဖွားသူမိခင် (၃၈၀၀၀)ဦးကို လေ့လာမှုများ ပြုလုပ်ခဲ့သည်။ ထိုမိခင်များမှ မွေးဖွားလာသူကလေးများ၏ ပျှမ်းမျှခန္ဓာကိုယ်ထုထည်အညွှန်းကိန်း (Body Mass Index – BMI) သည် သဘာဝအတိုင်းမွေးဖွားလာသူများ ထက်0.5 kg/m2 ပိုများနေသည်ကို တွေ့ရသည်။ ခွဲစိတ်၍ မွေးဖွားထားသူများသည် ကိုယ်အလေးချိန်လွန်ကဲရန် (၂၉)ရာခိုင်နှုန်း၊ အ၀လွန်ရန် (၂၂)ရာခိုင်နှုန်း အန္တရာယ်ပိုမိုမြင့်မားလျက်ရှိသည်။

“အူထဲမှာရှိတဲ့ အကျိုးပြုဘက်တီးရီးယားတွေဟာ ခွဲမွေးတဲ့ကလေး နှင့် သဘာဝအတိုင်း မွေးဖွားတဲ့ ကလေးတွေမှာ အမျိုးအစားမတူပါဘူး။ သဘာဝအတိုင်းမွေးဖွားစဉ် ကလေးငယ်ကို မွေးလမ်းကြောင်း တစ်လျှောက် ဖိညှစ်ထားမှုကြောင့် မျိုးဗီဇ တချို့ သတ္တိကြွလာပြီး ဇီဝဖြစ်စဉ်များစတင် လည်ပတ်လာလေ့ရှိပါတယ်”ဟုသုတေသီ Matthew Hyd ကဆိုသည်။

ခွဲစိတ်မီးဖွားခြင်းနှင့် ကလေးငယ်အရွယ်ရောက်ချိန်၌ အ၀လွန်လာခြင်းတို့ ဆက်စပ်မှုသည် ကလေးငယ်၏ဇီဝဖြစ်စဉ်များ အပြည့်အ၀ အလုပ်မလုပ်ခြင်းကြောင့်သော်လည်း ကောင်း၊ အူလမ်းကြောင်း အတွင်း အကျိုးပြုဘက်တီးရီးယား မစုံလင် ခြင်းကြောင့်လည်းကောင်း ဖြစ်နိုင် သည်ဟုသုတေသီများက ကောက်ချက်ချထားသည်။

သီဟ
Ref: NMD

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...