နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲဖြစ်ရခြင်း အကြောင်းရင်း
Health Updates Journal No. 107
သန္ဓေတည်ပြီး ရက် (၃၀) မှ (၆၀) အတွင်း မျက်နှာတွင်ဖြစ်ပေါ် မည့်တစ်ရှူးများသည် ခန္ဓာကိုယ်တစ်ဘက်တစ်ချက်စီမှ စတင်ဖွံ့ဖြိုးပြီး အလယ်တွင် လာရောက်ပေါင်းဆုံသည်။ သန္ဓေငါးပတ်မှခြောက်ပတ်အတွင်းနှုတ်ခမ်းစတင်ဖွံ့ဖြိုးပြီး ဆယ်ပတ်အရောက်တွင် အာခေါင်အဖြစ် ဖွံ့ဖြိုးလာသည်။ ထိုသို့ဖွံ့ဖြိုးရာတွင် မျက်နှာအတွင်းတစ်ရှူးများအလယ်တွင် လာရောက်မပေါင်းဆုံနိုင်ပါက နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲအဖြစ် ရှိနေတတ်သည်။
မိသားစုမျိုးရိုးအတွင်း နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲဖြစ်ဖူးပါက နောက်မျိုးဆက်များ၌ပါ တွေ့ရတတ်သည်။ မျိုးရိုးလိုက်ခြင်းကြောင့် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲခြင်းတွင် အခြား မျိုးဗီဇဆိုင်ရာ ပြဿနာများပါ ဖြစ်ပေါ်လေ့ရှိသည်။ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲပြဿနာကို အာရှနွယ်ဖွား ကလေးငယ်များ၊ ယောက်ျားကလေးများတွင် ပိုမိုတွေ့ရတတ်သည်။
ကိုယ်ဝန်ဆောင်မိခင် အာဟာရချို့တဲ့ခြင်းကြောင့်ဖြစ်စေ၊ အာဟာရများ သန္ဓေသားထံ မရောက်ရှိသောကြောင့်ဖြစ်စေ နှုတ်ခမ်းကွဲ၊ အာခေါင် ကွဲဖြစ်တတ်သည်။ ကိုယ်ဝန်ဆောင် ချိန်၌ အဆိပ်အတောက်များထိတွေ့ ရခြင်း၊အရက်သောက်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ ကိုယ်ဝန်ဆောင်မိခင် အတက်ကျ ဆေးများသောက်သုံး ခြင်း၊ စတီးရွိုက်အမျိုးအစားဆေးများ အလွန်အကျွံသုံး စွဲခြင်း၊ လေးဘက်နာ ရောဂါဆေးများ သုံးစွဲခြင်းတို့ကြောင့်လည်း ရင်သွေးငယ်နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲဖြစ်ပေါ်ရန် အန္တရာယ်ရှိတတ်သည်။
ကိုယ်ဝန်ဆောင်မိခင်၌ ဗိုက်တာမင်ဘီအုပ်စုနှင့် ဖောလစ်အက်ဆစ် ချို့တဲ့လျှင် ကလေးငယ်နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲခြင်းနှင့် ဆက်စပ်လျက်ရှိကြောင်း သုတေသနအချို့ တွင် ဖော်ပြထားသည်။ ကိုယ်ဝန်ရယူစဉ် မိခင်နှင့်ဖခင်တစ်ဦးစီဖြစ်စေ၊ နှစ်ဦးစလုံးဖြစ်စေ အသက်အရွယ် အိုမင်း နေပါကနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲပြဿနာအပြင် မျိုးဗီဇဆိုင်ရာ အခြားပြဿနာများပါ ယှဉ်တွဲဖြစ်ပေါ်တတ်သည့်အပြင် ကိုယ်ဝန်ဆောင်မိခင် ဗိုင်းရပ်စ်ကူးစက်ခံရ ခြင်း၊ အ၀လွန် ခြင်းတို့နှင့် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲခြင်းတို့ ဆက်စပ်နေကြောင်းလည်း အချို့သုတေသနများက ဆိုသည်။
ဇော်ကို
Ref:NMD