ငွေကြေးချို့တဲ့သည့် အခြေခံပညာကျောင်းနှင့် တက္ကသိုလ်များကို ပညာရေးဖောင်ဒေးရှင်း ပံ့ပိုးမည်
နေပြည်တော်၊ မတ် ၆
နိုင်ငံတစ်ဝန်း ငွေကြေးချို့တဲ့သော အခြေခံပညာ စာသင်ကျောင်းနှင့် တက္ကသိုလ်များ အတွက် ပြည်တွင်းပြည်ပ အလှူရှင်များနှင့် ချိတ်ဆက်ကာ ငွေကြေး ထောက်ပံ့မှုများ ပြုလုပ်ရန် စီစဉ်ထားကြောင်း ပညာရေး ဖောင်ဒေးရှင်း အတွင်းရေးမှူး ဖြစ်သူ နိုင်ငံတော်သမ္မတ အကြံပေး အဖွဲ့ဝင် ဒေါက်တာ ရင်ရင်နွယ်က ပြောကြားသည်။
ယင်းဖောင်ဒေးရှင်းမှာ ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဟောင်း ဒေါက်တာမြအေး (ကွယ်လွန်) ကိုယ်တိုင် တည်ထောင် ပေးထားသည့် အစိုးရ မဟုတ်သော ပညာရေး အဖွဲ့အစည်း တစ်ခုဖြစ်ပြီး ငွေကြေး ရန်ပုံငွေ အားနည်းသော အစိုးရ ကျောင်းများကို ပံ့ပိုးပေးရန် တည်ထောင် ထားကြောင်း ၎င်းက ပြောကြားသည်။
ယင်းအပြင် ပြည်တွင်း စီးပွားရေး လုပ်ငန်းရှင်များက ပညာရေး အဆင့်မြှင့်တင်ရေးတွင် ပါဝင်လိုကြောင်း ကမ်းလှမ်း လာသည့်အတွက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးနှင့် တိုင်ပင်ဆွေးနွေးကာ လိုအပ်သော စာသင်ကျောင်းများ အတွက် ထောက်ပံ့မှု ပေးသွားမည် ဖြစ်သောကြောင့် အကောင်အထည် ဖော်မည့် အချိန်ကာလကိုမူ မပြောကြား လိုကြောင်း ဒေါက်တာ ရင်ရင်နွယ် က ပြောဆိုသည်။
အလားတူလုပ်ငန်း အစည်းအဝေးများ ကျင်းပကာ နိုင်ငံတကာ အလှူရှင်များနှင့် ဆွေးနွေးသွားရန်လည်း ရှိကြောင်း ၎င်းကဆိုသည်။ “ပြည်နယ်တွေက ဘယ်မြို့ပဲဖြစ်ဖြစ် ဆင်းရဲတဲ့ ကျောင်းတွေ ကို လှူချင်တယ်ဆိုရင် ပညာရေး ဖောင်ဒေးရှင်းက နည်းလမ်း တစ်ခုအနေနဲ့ ဖန်တီးပေးလို့ ရတယ်” ဟု ၎င်းကဆက်လက် ပြောကြားသည်။
ပညာရေး ဝန်ကြီးဌာနသည် ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် ကမ္ဘာ့ဘဏ်၏ အကူအညီဖြင့် အမေရိကန်ဒေါ်လာ သန်း ၆၀ ရှိ ကျောင်းထောက်ပံ့ရေးနှင့် ပညာသင် ထောက်ပံ့ကြေး အစီအစဉ်ကို စတင်မည် ဖြစ်ပြီး လိုအပ်ချက်ရှိသော စာသင်ကျောင်းများအတွက် ဦးစားပေး ဆောင်ရွက်သွား မည် ဖြစ်ကြောင်း ပညာရေး စီမံကိန်းနှင့် လေ့ကျင့်ရေး ဦးစီးဌာနမှ စုံစမ်းသိရှိရသည်။
The Voice Daily, 7.3.2014