ကဲ့ရဲ့ချီးမွမ်း မြင်းတစ်ကောင်နဲ့ လူနှစ်ယောက်


မိတ်ဆွေတစ်ယောက်နဲ့ "ကဲ့ရဲ့ခြင်းချီးမွမ်းခြင်း" အကြောင်းကိုပြောဖြစ်တယ်။ ကဲ့ရဲ့တာချီးမွမ်းတာ က လောကဓမ္မတာပါပဲ။ လောကကြီးထဲမှာနေရင် ကဲ့ရဲ့မှုချီးမွမ်းမှုကနေလွတ်အောင် နေလို့မရဘူး။ ရှောင် ထွက်သွားချင်လို့မရဘူး။ ဘယ်သူကဲ့ရဲ့ ကဲ့ရဲ့ ဘုရားမကဲ့ရဲ့အောင်နေဆိုသလို ပညာရှိ သူတော် ကောင်းတွေ ကဲ့ရဲ့မှာကိုပဲသတိထားရမယ်။ ပညာရှိသူတော်ကောင်းတွေကတော့ ကဲ့ရဲ့သင့်မှကဲ့ရဲ့ပြီ ဆိုရင်တော့ ကိုယ့်မှာကဲ့ရဲ့စရာကောင်းလောက်တဲ့ အပြစ်ရှိနေပြီလို့ တစ်ထစ်ချယုံကြည်ထားရမယ်။ အဲဒါဆိုပြင်နိုင်တာ ပြင်ဖို့ပဲ။ ပြင်လိုက်ရင်တော့ အဲဒီလိုအပြစ်မျိုးနောက်ထပ် မကျူးလွန်နိုင်တော့ဘူး။

လူတွေမှာပါးစပ်ပါတယ်။ အများအားဖြင့် စကားပြောတတ်ကြတယ်။ စကားပြောချင်ကြတယ်။ စကား ပြောကြတယ်။ ဘာတွေပြောလဲဆိုတော့ ပြောတတ်တာတွေ ပြောကြတာပဲ။ များသောအားဖြင့်တော့ သမ္ပပ္ပလာပ ဆိုတဲ့အရေမရအဖတ်မ အကျိုးမရှိတဲ့စကားတွေ ပြောနေကြတာ။ အကျိုးရှိတဲ့စကားဆို တာပတ်ဝန်းကျင်မကောင်းဘဲ၊ မသင်ယူဘဲ၊ မလေ့လာဘဲ၊ မကြိုးစားဘဲ မပြောတတ်ဘူး။
အဲဒီအချက် တွေနဲ့ မပြည့်စုံဘဲ အချောင်နေသူက အကျိုးရှိတဲ့စကားမျိုး ဘယ်ပြောတတ်မှာလဲ။ ဒီတော့အင်္ဂလိပ်စာ မတတ်သူကအထိုက်အလျောက် အင်္ဂလိပ်လို ညှပ်ပြောလိုက်သူကို အင်္ဂလိပ်စာတတ်လိုက်တာလို့ ချီးကျူးတာမျိုး၊ ရထားတဲ့ပါဠိစာပိုဒ်ကို ရွတ်ပြလိုက်တဲ့ဘုန်းကြီးကို ပါဠိစာပေလုံးဝမတတ်သူက ပါဠိတတ်လိုက်တာလို့ ချီးကျူးတာမျိုးတွေ လုပ်တတ်တယ်။ အဲဒါကိုပဲ သူလိုလူစားမျိုးတွေက ဘာမှ စူးစမ်းဆင်ခြင်ရကောင်းမှန်းမသိဘဲ ယုံလိုက်တယ်။ အဲလိုမျိုးတစ်ယောက်ကနေ အများဖြစ်သွားပြီး တချို့ဘာမှမဟုတ်ဘဲ လူအထင်ကြီးခံသွားရတတ်တယ်။ ပြောချင်တာက ဘာမှမသိသူတစ်ယောက်ရဲ့ ချီးကျူးတာ၊ ကဲ့ရဲ့တာက ဘာမှမလွမ်းလောက်ဘူး။ ဘာမှဂုဏ်မယူလောက်ဘူး။ ကဲ့ရဲ့လို့လည်း ဘာမျှ ဝမ်းနည်းစရာမလိုဘူး။ အမှန်ကိုကဲ့ရဲ့နိုင်တာ၊ ချီးမွမ်းနိုင်တာမှမဟုတ်တာ။ ဒါပေမဲ့လို့ဆင်းန်ဆစ်တစ်လို့ ခေါ်တဲ့စိတ်နုသူတွေက ဘယ်သူချီးမွမ်း ချီးမွမ်း ချီးမွမ်းရင်မြောက်တတ်သွားကြတယ်။ ကဲ့ရဲ့ရင် စိတ်ထိ ခိုက်သွားတတ်တယ်။ မိမိဆရာတစ်ပါးရှိတယ်။ ဆရာကတစ်လမ်းသွား၊ ဝမ်းဝေးသမား။ သူ့ဆက်ပ် ဂျက်နဲ့ ပတ်သက်လို့ကတော့ နိုးတူးလို့ပြောရလောက်အောင် တော်တယ်။ သူတတ်ကျွမ်းတာကလွဲရင် ကျန်တာကို စိတ်လည်းမဝင်စားဘူး။ ဝင်လည်းမပြောဘူး။ ကဲ့ရဲ့တာချီးမွမ်းတာလည်း မလုပ်ဘူး။ သူ့ကို လည်းလူအထင်ကြီး လေးစားလောက်သူက သဘာဝကျကျ ဝေဖန်တာမျိုးက ကျန်တဲ့သူဘာပဲပြော ပြောခေါင်းထဲမှာ မထားဘူး။ နားကိုမထောင်ဘူး။ ကဲ့ရဲ့လို့လည်း စိတ်မဆိုးဘူး။ ချီးမွမ်းလို့လည်း ဝမ်း မသာဘူး။ ရမ်းကဲ့ရဲ့ရမ်းချီးမွမ်းနေတာပဲလို့ ယူဆထားပုံရပါတယ်။

ဒါ . . . သိပ်သဘာဝကျတယ်။ ကိုယ့်ကိုကဲ့ရဲ့နေပြီ။ ချီးမွမ်းနေပြီဆိုရင် ဘာမှမသိဘဲ ပါးစပ်အားလို့အဲဒီ လိုလုပ်နေတာလား။ မုန့်လို့ချစ်လို့ လုပ်နေတာလား တကယ်ကိုသိလို့ လုပ်နေတာလားဆိုတာ ကာယ ကံရှင်က နားလည်ရမယ်။ တကယ်သိလို့ စနစ်တကျကဲ့ရဲ့တာ ချီးမွမ်းတာဆိုရင် ခေါင်းထဲထည့်ထားပြီး သေချာစဉ်းစားရမယ်။ သူကဲ့ရဲ့တာမှန်ရင် ကိုယ့်ချို့ယွင်းချက်ကို ပြင်နိုင်အောင် ကြိုးစားပြီးပြင်ရမယ်။ ချီးမွမ်းတာဆိုရင်လည်း အဲဒီအားသာချက်ကို ထိန်းထားပြီးတတ်နိုင်ရန် ပိုကောင်းအောင်ကြိုးစားရမယ်။ ဒီလိုမှမဟုတ်ရင် ကိုယ့်အကြောင်းဘာမှမသိသူတွေ၊ ကိုယ်လုပ်နေတာကို ဘာမှမသိနားမလည်သူတွေ ရဲ့ ချီးမွမ်းကဲ့ရဲ့တာတွေကို မသာယာဘဲအမှိုက်လို့ သဘောထားပြီးခေါင်းထဲမဝင်နိုင်အောင် ခါချပစ်နိုင် ရမယ်။ ဒါမှသာ ကိုယ့်အလုပ်အပေါ် အနှောင့်အယှက်မဖြစ်မှာ။

ဘုရားပွင့်တော်မူတယ်ဆိုရင်ပဲ သာသနာ့တပ်သားကောင်းတွေကို စုဆောင်းတော်မူတယ်။ ဗုဒ္ဓ ဓမ္မ ကို နာယူရပြီး သာသနာ့ဘောင်ဝင်သွားကြတဲ့ အမျိုးကောင်းသားတွေ အများကြီးပေါ်ထွန်းလာတယ်။ သူတို့လင်တွေ ဆုံးရှုံးသွားရတယ်လို့ ခံစားရတဲ့ သဒ္ဓါမရှိသူ အမျိုးသမီးတွေကသူတို့ကို တစ်ခုလပ်ဖြစ် အောင် လုပ်တယ်ဆိုပြီး ဗုဒ္ဓကိုကဲ့ရဲ့ပြစ်တင်ကြတယ်။ ဗုဒ္ဓကတော့ သူ့အလုပ်ကိုသူဆက်လုပ်သွားတာ ပါပဲ။ ဒါကြောင့်မို့လည်း သာသနာတော်ကြီးစည်ပင်ထွန်းကားသွားတာ။

လက်ပံတောင်းတောင် ကိစ္စဖြစ်တော့ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသံ၊ ကန့်ကွက်သံတွေ ညံသွားတယ်။ ဒေါ်စုကတော့ အများကြိုက်တာ၊ မကြိုက်တာထက် လုပ်သင့်လုပ်ထိုက်တာကို လုပ်သွားမယ်ဆိုတဲ့ သံမဏိဆုံးဖြတ်ချက်နဲ့ လုပ်ဆောင်သွားတယ်။ သူလုပ်တာကိုကြိုက်တာ၊ မကြိုက် တာ၊ ကဲ့ရဲ့တာ၊ ချီးမွမ်းတာတွေနဲ့ ပတ်သက်ပြီးဒေါ်စုအတွက် ထူးပြီးတုန်လှုပ်ယိမ်းယိုင်မှု ရှိပုံမရပါဘူး။ ခေါင်းဆောင်ဆိုတာ ဒါမျိုးဖြစ်ရမယ်။ လုပ်ရပ်မှန်နေတာကိုတောင် သူများကဲ့ရဲ့ရှုတ်ချမှာစိုးပြီး ယိမ်း ယိုင်နေရင် ခေါင်းဆောင်ကောင်း မဖြစ်နိုင်ဘူး။

အဲ . . . . အမှားအမှန်ကတော့ သမိုင်းကအဆုံးအဖြတ်ပေးသွားလိမ့်မယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိသူဆိုတာ မှန်တယ်ထင်ရင် လုပ်ရဲရမယ်။ မှားတယ်ထင်ရင် ပြင်ရဲရမယ်။ အဲဒီလိုမလုပ်ရဲရင် သမိုင်းရဲ့ ဒဏ်ခတ်တာကို ခံရလိမ့်မယ်။

လောကကြီးထဲမှာ နေနေသရွေ့ကဲ့ရဲ့ချီးမွမ်းတာကို ရှောင်ကွင်းလို့မရနိုင်ပုံကို အများကြီးထင်ဟပ်စေ မယ့် အများသိပုံပြင်တစ်ပုဒ်ကို ပြောပြချင်ပါသေးတယ်။ ဒီပုံပြင်ကိုအများကသိကြပေမယ့်လို့ မသိသေး သူရှိရင် အဲဒီလူကို ရည်ရွယ်ပြီးပြောမှာပါ။ သိသူများခွင့်လွှတ်ကြပါ။

တစ်ခါက သားအဖနှစ်ယောက် မြင်းတစ်ကောင်ဝယ်ပြီး နှစ်ယောက်စလုံး မြင်းစီးပြီးပျော်ပျော်ကြီး ရွာပြန်လာကြတယ်။ လမ်းရောက်တော့ တွေ့တဲ့လူတွေက ကဲ့ရဲ့ကြတယ်။ ဒီသားအဖ တော်တော် ကိုယ်ချင်းစာစိတ်မရှိကြတာပဲ။ မြင်းကိုတောင် မသနားကြဘူး။ ဘယ့်နှယ်ကွာ မြင်းလေးပေါ်မှာ နှစ်ယောက်ကြီးများတောင် စီးလိုက်လာကြတာ။ ဒီတော့ အဖေက . . . .ငါ့သားရေမင်းဆင်းတော့ကွာ၊ လူတွေက ပြောနေကြပြီကွ။ တို့သားအဖနှစ်ယောက် တစ်ယောက်တစ်လှည့် စီးကြတာပေါ့ကွာလို့ပြော ပြီး သားကအောက်ကလျှောက် အဖေကမြင်းစီးလာတယ်။

အဲလိုစီးလာရင်း လူတွေနဲ့တွေ့ကြပြန်တယ်။ အဲဒီလူတွေက မြင်းပေါ်ကဖခင်ကြီးကိုကြည့်ပြီး ကဲ့ရဲ့ကြ ပြန်တယ်။ တော်တော်ဖခင်စိတ်မရှိတဲ့သူပဲ။ သူကတော့ မြင်းပေါ်ကနေ လိုက်လာတယ်။ သားလေးကို တော့လမ်းလျှောက်ခိုင်းတယ်။ ငါ့သားရေပြောကြပြန်ပြီကွ။ ကဲသားက မြင်းပေါ်တက်ဖေဖေက လမ်းလျှောက်လိုက်ပါမယ်။

အဲလိုသွားကြရင်းနဲ့ နောက်လူတစ်စုနဲ့ တွေ့ကြပြန်တယ်။ အဲဒီလူတွေက မြင်းပေါ်ကသားကိုကြည့်ပြီး တော်တော်သုံးမကျတဲ့သားပဲ။ ဖအေကြီးကိုလမ်းလျှောက်ခိုင်းပြီး သူကတော့အငြိမ့်သားနဲ့ မြင်းစီးလာ တယ်။ သားရေပြောကြပြန်ပြီ။ မြင်းပေါ်ကဆင်းလိုက်ကွာ။ နှစ်ယောက်စလုံး လမ်းလျှောက်ကြတာပေါ့။ မကြာခင်အုပ်စုတစ်စုနဲ့ တွေ့ကြပြန်တယ်။ တော်တော်အသုံးမကျတဲ့လူတွေပဲ။ မြင်းဝယ်လာပြီးမစီးဘဲ လမ်းလျှောက်လာတော့ မြင်းဝယ်တာ ငွေကုန်ရုံပဲပေါ့ ဘာအသုံးကျတော့မှာလဲတဲ့ . . . .

ဒီပုံပြင်လေးကပေးလိုက်တဲ့ သင်ခန်းစာကတော့ ဘယ်လိုနေနေ ဘယ်လိုလုပ်လုပ် အကဲ့ရဲ့ချီးမွမ်းတာ က အရေးမကြီးလှပါဘူး။ ကိုယ့်လုပ်ရပ်မှန်ဖို့ပဲ အရေးကြီးတယ်။ ကိုယ်လုပ်နေတဲ့အလုပ်ကို ဘာမှမသိ သူတွေရဲ့ကဲ့ရဲ့ ချီးမွမ်းတာကလည်း ဘာမှအရေးမကြီးဘူး။ ဘာမှမသိဘဲ အသိထင်ပြီး ကဲ့ရဲ့ကြ၊ ချီးမွမ်းနေကြတာ။ သိသူတွေရဲ့ ကဲ့ရဲ့တာချီးမွမ်းတာကိုတော့ အလေးထားသင့်တယ်။ ဆုကြီးလာဘ် ကြီးပေးနေတာလို့ ထင်ပြီးကျေးဇူးတင်သင့်တယ်။

ဒီနေရာမှာမှတ်သားချင်သူတွေအတွက် ဓမ္မပဒဂါထာတစ်ပုဒ်ကို ပါဠိ-မြန်မာ-အင်္ဂလိပ်ဘာသာ သုံးမျိုးနဲ့ ထုတ်နုတ်တင်ဆက်ပါရစေ . . . . .

ပေါရာဏ မေတံ အတုလ၊

နေတံအဇ္ဇတနာမိဝ၊

နိန္ဒန္တိ တုဏှိမာနီနံ၊ နိဒ္ဒန္တိ

ဗဟုဘာဏိနံ၊

မီတာဘာဏမ္ပိ နိန္ဒန္တိ၊

နတ္ထိလောက အနိန္ဒိတော။

(ဓမ္မပဒဂါထာ - ၂၂၇)

အတုလ . . ကဲ့ရဲ့တယ်ဆိုတာ အခုမှဖြစ်ပေါ်လာတာမဟုတ်ဘူး။ ရှေးကတည်းကဖြစ်ပေါ်ခဲ့တာ။ စကားမပြောသူကိုလည်း မပြောလို့ကဲ့ရဲ့ကြတယ်။ စကားများသူကိုလည်း စကားများလို့ ကဲ့ရဲ့ကြ တယ်။ စကားနည်းသူကိုလည်း စကားနည်းလို့ ကဲ့ရဲ့ကြတယ်။ အကဲ့ရဲ့မခံတဲ့သူဆိုလို့ လောကကြီးထဲ မှာ မရှိဘူး။

It is not new, O Atull It has always been done from ancient times. They blame one who is silent, they blame one who speaks much, they blame one who speaks little. There is no one is this world is not blamed.

The Flower News Journal
Vol.10, No.11, March.11-17, 2014

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...