ကျွန်တော်နဲ့ ကျူရှင်စနစ်

Written by ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်

လက်တွေ့ကျတဲ့ ပညာရေးပြုပြင်ပြောင်းလဲမှုတွေ အကောင်အထည်ဖော်ရေးကို နိုင်ငံတကာက အလေးပေးဆောင်ရွက်ဖို့ ဆွေးနွေးညှိနှိုင်းမှုမျိုးစုံ ဆောင်ရွက်လျက်ရှိပါသည်။ ရန်ကုန်မြို့တွင်သာမက တိုင်းဒေသကြီး/ပြည်နယ်တွေမှာလည်း ဆွေးနွေးနေကြပါတယ်။ ရန်ကုန်မြို့ ပြည်လမ်းမှာရှိတဲ့ တက္ကသိုလ်ဝင်းထဲက စိန်ရတုခန်းမမှာလည်း ပညာရှင်များစုဝေးပြီး ဆွေးနွေးအဖြေရှာလျက်ရှိပါတယ်။

မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်ကိုသုံးသပ်တဲ့အခါ ဆွေးနွေးဖို့လိုအပ်တဲ့ လျစ်လျူရှုလို့မရတဲ့ကိစ္စက ကျူရှင် စနစ်ပဲဖြစ်ပါတယ်။ ကျူရှင်စနစ်ဟာ ကြီးထွားလျက်ရှိပါတယ်။ ကျူရှင်စနစ်ဟာ အခုဆိုရင် မြန်မာ့ပညာရေး စနစ်မှာ အမြစ်တွယ်လျက်ရှိပါတယ်။ အတန်းတိုင်း၊ ကျောင်းသား၊ ကျောင်းသူတိုင်း ကျူရှင်ကို အားကိုးနေ ကြတယ်။ အဆိုးဆုံးက ပါရဂူဘွဲ့တက်နေကြတဲ့ သူတွေအတွက်တောင် ကျူရှင် ရှိနေတာကို အံ့သြစရာ တွေ့ရပါတယ်။

ကျူရှင်ဆိုတာဘာလဲ၊ အဓိပ္ပာယ်ကို တိတိကျကျ သိဖို့လိုပါတယ်။ အင်္ဂလိပ်စကား Tuition ဟာ သင်ကြားမှု ဆိုတဲ့ အဓိပ္ပာယ်ဖြစ်တယ်။ မြန်မာပြည်မှာဖြစ်နေတဲ့ အခြေအနေကနဂိုအဓိပ္ပာယ်မဟုတ် တော့ဘဲ Private Tuition အပိုသင်တဲ့သဘော ဖြစ်သွားပါတယ်။ ကျူရှင်စနစ်ကိုကိုင်တွယ်လိုစိတ်ရှိ ရင်သမိုင်းကိုပြန်သုံးသပ် ဖို့ လိုအပ်ပါတယ်။ ကျွန်တော်ငယ်ငယ်က ဘိုကျောင်းမှာတက်ရပါတယ်။ နာမည်ကြီးတဲ့ကျောင်း၊ ဒီတုန်းကကျူရှင်ရှိသလားလို့မေးရင် လုံးဝမရှိတော့ဘူးလို့တော့ မပြောနိုင်ပါ ဘူး။ အတန်းထဲမှာ စာညံ့တဲ့ကျောင်းသားတွေဟာ စာမလိုက်နိုင်လို့အပြင်က ဆရာ၊ ဆရာမတွေထံက ကျူရှင်ယူကြပါတယ်။ ဒါပေမယ့် ကျူရှင်ယူကြရတဲ့သူတွေကို ကျန်တဲ့ကျောင်းသားတွေက အထင် သေးကြတယ်။ အတန်းထဲမှာ သင်ကြားတာကိုမလိုက်နိုင်သူတွေဟာ ရှက်ကြတယ်။ သူတို့ညံ့တာကို ဝန်ခံတဲ့သဘောပေါ့။

အခုတော့ အခြေအနေတွေက ပြောင်းပြန်ဖြစ်နေပြီ။ ကျူရှင်ယူမှဂုဏ်ရှိတယ်လို့ ထင်ကြတယ်။ မိဘ လုပ်သူတွေ မတတ်နိုင်လို့ ကျူရှင်မယူနိုင်ကြတာတဲ့၊ ကျူရှင်တွေအများကြီးယူတာကိုပဲ ဂုဏ်ယူပြီး ကြွားနေကြတာတွေ့ရတယ်။ မိဘလုပ်သူတွေကလည်း နာမည်ကြီးတဲ့ ဆရာ၊ ဆရာမတွေမှာ ကျူရှင် ယူရတာကို လူတွေသိအောင် ပြောကြတယ်။ ရှက်စရာဆိုတာကိုများ မသိလေတော့သလား။

ကျွန်တော်က ဘယ်သူ့ကိုမှ ဝေဖန်အပြစ်မတင်လိုပါဘူး။ ဘာကြောင့်ကျွန်တော်တို့နိုင်ငံမှာ ကျူရှင်စနစ် ခေတ်စားပြီး ကြီးထွားလာခဲ့တဲ့ အကြောင်းရင်းတွေကိုပဲ ဖော်ထုတ်စေချင်ပါတယ်။ ဒီလိုဆောင်ရွက်ရာ မှာ "ပေါက်ပင် ဘာလို့ကိုင်းရတယ်" ဆိုတဲ့အတိုင်း အကျိုးဆက်တွေက အများကြီးပါ။ အရေးကြီးတာ ကကျူရှင်ပေါ်လာရခြင်းနဲ့ ဇစ်မြစ်ကိုကြည့်ဖို့ လိုအပ်ပါတယ်။ ဆရာဝန်တစ်ယောက် လူနာရဲ့နဖူးကိုစမ်း ပြီး ကိုယ်ပူတာကို ဘာကြောင့်အခုလိုဖြစ်ရသလဲဆိုတာကို အကြောင်းအရင်းမရှာဘဲ အပေါ်ယံဆေးမြီး တိုနဲ့ ကုသသလိုဖြစ်မှာစိုးပါတယ်။

ကျူရှင်ဘာကြောင့်ယူကြသလဲလို့ စဉ်းစားတဲ့အခါ မိဘတွေရဲ့စဉ်းစားတွေးခေါ်မှု၊ ခံယူချက်တွေကို စဉ်းစားဖို့လိုအပ်ပါတယ်။ ကျွန်တော်တို့မြန်မာလူမျိုးဟာ ပညာကိုတန်ဖိုးထားတယ်။ သားသမီး ပညာ ရေးအတွက် ငွေကုန်ကြေးကျခံဖို့ ဝန်မလေးကြဘူး။ ကုန်ကျစရိတ်အဖြစ် မစဉ်းစားဘဲ ရင်းနှီးမြှုပ်နှံခြင်း လို့ လက်ခံကြတယ်။ သားသမီးစာမေးပွဲမှာ အမှတ်ကောင်းကောင်းရရှိရေး ဦးတည်ချက်နဲ့ ကျူရှင်ယူ စေတယ်။ ဒါဟာကလေးတစ်ယောက်ရဲ့ အရည်အချင်းကို သုံးသပ်ဆန်းစစ်ရာမှာ စာမေးပွဲ ရမှတ်တစ်ခု တည်းကိုအခြေခံထားလို့ ဖြစ်တယ်။ စာမေးပွဲဟာကျောင်းသား၊ ကျောင်းသူတစ်ဦး တိုးတက်ဖွံ့ဖြိုးမှုရဲ့ အစိတ်အပိုင်းတစ်ခုသာဖြစ်ပါတယ်။ အနုပညာ၊ အားကစား၊ ရပ်ရေးရွာရေး ကိစ္စရပ်တွေ မှာ ပါဝင်မှုစ တာတွေဟာကလေးတစ်ဦးရဲ့ လွှမ်းခြုံတဲ့ဖွံ့ဖြိုးမှုကို ဖန်တီးပေးနိုင်ပါတယ်။ အခုတော့ မိဘတွေရော၊ ကလေးတွေရော၊ ဆရာ ဆရာမတွေအပါအဝင် စာမေးပွဲရမှတ်တစ်ခုတည်းကိုသာ စဉ်းစားနေကြတာ ဖြစ်ပါတယ်။

ကျွန်တော်လက်ခံတာက လူတစ်ယောက်မှာ ဉာဏ်ရည်ထက်မြက်မှု Intelligence လေးရပ်ရှိပါတယ်။ ပထမ Physical Intelligence (PQ) ဖြစ်ပါတယ်။ အဓိပ္ပာယ်က ကိုယ်ကာယသန်မာရှင်သန်ဖို့ဖြစ် တယ်။ ဒါကြောင့် လူတိုင်းအတွက် ကျန်းမာရေးဟာ အရေးကြီးတယ်။ ကျန်းမာရေးကို ဂရုစိုက်ရမယ်။ အလေး ထားရမယ်။ ကျန်းမာရေးချို့တဲ့ရင် ကျန်တာတွေကအလကားပါပဲ။

ဒုတိယ ဉာဏ်ရည်ထက်မြက်မှုက ဦးနှောက်ပိုင်းဆိုင်ရာ ထက်မြက်မှုဖြစ်တယ်။ Mental Intelligence (IQ) ဖြစ်တယ်။ စာသင်ကြားရေးမှာများသောအားဖြင့် (IQ) ကိုပဲ ဦးစားပေးကြတယ်။ (IQ) ကောင်း၊ မကောင်းကိုယေဘုယျအားဖြင့် စာမေးပွဲစစ်ဆေးပြီး သတ်မှတ်လေ့ရှိကြတယ်။ တတိယ အမျိုးအစား က တော့ ခံစားမှုနဲ့ပတ်သက်ပြီး ဉာဏ်ရည်ထက်မြက်မှု ဖြစ်ပါတယ်။ Emotional Intelligence (EQ) ဖြစ် ပါတယ်။ အများနဲ့ဆက်ဆံဆက်သွယ်ရာမှာ ကိုယ်ချင်းစာခြင်း၊ မိမိရဲ့ခံစားမှုကို ထိန်းချုပ်နိုင်ခြင်းဖြစ်ပါ တယ်။

နောက်ဆုံးအမျိုးအစားကတော့ ယုံကြည်ကိုးကွယ်မှုနဲ့ပတ်သက်ပြီး ဉာဏ်ရည်ထက်မြက်မှု Spiritual Intelligence (SQ) ပဲဖြစ်ပါတယ်။ လူတစ်ဦးစီမှာ မိမိယုံကြည်ကိုးကွယ်မှုရှိကြပါတယ်။ ဘာသာလို့အ များနားလည်ကြတယ်။ မိမိကိုးကွယ်တဲ့ဘာသာတရားကို မြတ်နိုးသလို တစ်ဖက်သားရဲ့ ယုံကြည်မှုကို လည်း လေးစားရမှာသာဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ လက်ရှိပညာရေးစနစ်မှာ အခုလိုဉာဏ်ရည်ထက်မြက်မှုလေးမျိုးစလုံးကို ပြုစုပေးမှုမရှိ ဘဲဦးနှောက်ပိုင်းဆိုင်ရာ IQ ကိုသာဦးစားပေးနေတာဖြစ်ပါတယ်။ ဒါကြောင့်စာမေးပွဲအမှတ်တစ်ခု တည်းကိုသာ ဦးစားပေးနေတဲ့ ပညာရေးစနစ်ရှိနေတဲ့ ကာလပတ်လုံး ကျူရှင်ပပျောက်ဖို့ မလွယ်ပါဘူး။ စာညံ့တဲ့အတွက် ကျူရှင်ယူရတာမျိုးသက်သက်မဟုတ်ဘဲ ပိုပြီးတော်ချင်လို့၊ ပိုပြီးအမှတ်များများရချင် လို့ယူနေကြတာဖြစ်ပါတယ်။

ကျူရှင်စနစ်ကို စီးပွားရေးရှုထောင့်က သုံးသပ်တဲ့အခါမှာ အခြေခံအနေနဲ့ ရောင်းလိုအားနဲ့ ဝယ်လို အား နှစ်ရပ်ရဲ့ လွန်ဆွဲမှုကြောင့်ဖြစ်ပေါ်လာတယ်လို့ သုံးသပ်နိုင်ပါ တယ်။ စောစောက တင်ပြခဲ့တဲ့အကြောင်း တွေကဝယ်လိုအား (Demand) ရှုထောင့်က သုံးသပ်ခြင်းသာဖြစ်ပါတယ်။ မိဘတွေ၊ ကျောင်းသား၊ ကျောင်းသူတွေရဲ့ တောင့်တလိုအပ်ချက်ကြောင့် ကျူရှင်ကိုယူကြတယ်။ တစ်နည်းပြောရရင် ဝယ်လို အားသာဖြစ်ပါတယ်။ အခုလိုတစ်ဖက်က ဝယ်လိုအားရှိပေမယ့် အခြားတစ်ဖက်မှာ ရောင်းလိုအား တစ်နည်းအားဖြင့် ကျူရှင်လိုချင်တဲ့ မိဘ၊ ကျောင်းသားတွေ ရဲ့လိုလားချက်ကို ဖြည့်ဆည်းပေးနိုင်မယ့် ကျူရှင်ပေးနိုင်တဲ့ ဆရာ၊ ဆရာမတွေလည်းရှိဖို့လိုပါတယ်။ ကျူရှင်လိုချင်ပေမယ့် ကျူရှင်ပေးမယ့် ဆရာ၊ ဆရာမတွေမရှိရင် ကျူရှင်ဈေးကွက်ပေါ်ပေါက်လာမှာ မဟုတ်ပါဘူး။ စာမေးပွဲအမှတ်များများ လိုချင်တဲ့အတွက် ကျူရှင်ယူလိုကြတဲ့ ကျူရှင်ထားပေးတဲ့ ကျောင်းသားမိဘတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ အဆင်သင့်ရှိတဲ့ဆရာ၊ ဆရာမတွေရှိနေတာမို့ ကျူရှင်ဈေးကွက်ဟာ ရှိနေခြင်းဖြစ်ပါ တယ်။

ရောင်းလိုအား ရှုထောင့်ကသုံးသပ်ရင် ကျူရှင်ပေးသူတွေက ဘယ်သူတွေလဲ။ ကျူရှင်ပေးနေတဲ့ ဆရာ ဆရာမတွေက ကျောင်းပြင်ပက ဆရာ ဆရာမတွေဖြစ်နေရင် ဒီအခြေအနေမျိုးကို မှန်ကန် တဲ့ ဈေးကွက်လို့သတ်မှတ်နိုင်ပါတယ်။ တစ်ဖက်ကလိုချင်သူရဲ့ဆန္ဒကို တစ်ဖက်ကဖြည့်ဆည်းပေးမှု သာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ ကျူရှင်ဈေးကွက်ကတော့ Imperfect Market (မပြည့်ဝတဲ့ ဈေးကွက်) အဖြစ်သတ်မှတ်နိုင်ပါတယ်။ ဆိုလိုတာက ကျူရှင်ပေးတဲ့ဆရာ၊ ဆရာမတွေက ပုံမှန်အချိန် မှာကျောင်းမှာ စာသင်ကြားနေတဲ့သူတွေ ဖြစ်နေကြတယ်။ ဒီအခြေအနေကြောင့် မိမိထံက ကျူရှင်ယူ တဲ့ကျောင်းသားတွေကို မျက်နှာလိုက်မှုတွေ၊ ပုံမှန်သင်ကြားမှုမှာ အာရုံမရှိဘဲကျူရှင်ပေးဖို့သာ အာရုံရှိ ကြတာတွေရှိနေတာ ဖြစ်ပါတယ်။

ကျူရှင်ပေးနေတဲ့ဆရာ၊ ဆရာမတွေဘက်က ကြည့်ပြန်ရင်လည်းနိုင်ငံတော်ကပေးတဲ့ လုပ်ခလစာ မလုံ လောက်တာမို့ ဝင်ငွေဖြည့်စွက်မှုပြဿနာကို ကျူရှင်နဲ့ဖြေရှင်းခဲ့တာဖြစ်တယ်။ လုပ်ချင်လို့လုပ်တာ မဟုတ်ဘဲ မလုပ်ရင်မဖြစ်လို့ လုပ်တာမျိုးဖြစ်နေတာ တွေ့ရပြန်တယ်။ ကျွန်တော်တို့ငယ်ငယ်တုန်းက ဆရာ ဆရာမတွေရဲ့လစာဟာ နိုင်ငံတော်ကျောင်းကပေးတဲ့လစာထက် အဆမတန်များပါတယ်။ ဒါကြောင့် တခြားနည်းနဲ့ ဝင်ငွေရှာစရာမလိုအပ်တာ တွေ့ရပြန်တယ်။ ကျောင်းကအခုလို လခများများ ပေးနိုင်တာ ဟာလည်း ကျောင်းလခတွေက အလွန်များလို့ဖြစ်ပါတယ်။ ကျောင်းလခများများယူထားတဲ့ အတွက် ဆရာတွေကိုလည်း လစာများများပေးနိုင်ခြင်း ဖြစ်ပါတယ်။ အစိုးရကျောင်းတွေမှာတော့ ဒီလို အခြေအနေမျိုး မရှိနိုင်ပါဘူး။ ဒါကြောင့်လည်းဆရာ ဆရာမတွေဟာ ကျူရှင်ကိုဝင်ငွေဖြည့်စွက်ဖို့အ တွက် လုပ်ကြရတာသာဖြစ်ပါတယ်။ ဆရာ ဆရာမများရဲ့လစာများကို တိုးမြှင့်ဖို့စဉ်းစားရာမှာ တစ်နိုင်ငံ လုံးအတိုင်းအတာအနေနဲ့ကျတော့ ဘဏ္ဍာရေးလိုအပ်ချက်တွေက များပြားလာမှာဖြစ်ပါတယ်။

အခြေခံပြဿနာတစ်ခုက ကျူရှင်ယူနိုင်တဲ့ကျောင်းသားနဲ့ ကျူရှင်မတက်နိုင်တဲ့ကျောင်းသား မညီမျှ တာမို့ စာမေးပွဲမှာလည်း တူညီမှာမဟုတ်ပါဘူး။ မယူနိုင်တဲ့ကျောင်းသားတွေအတွက် ဘယ်လိုအဖြေ ရှာကြမလဲ၊ ကျူရှင်စနစ်ကိုလုံးဝပပျောက်ရမယ်ဆိုတဲ့ ဦးတည်ချက်ကိုတော့ မစဉ်းစားသင့်ဘူးလို့ ကျွန်တော်ထင်ပါတယ်။ စောစောကပြောသလို ကျူရှင်စနစ်ရဲ့ ဈေးကွက်ကြီးဟာ ကျူရှင်ယူချင်တဲ့သူနဲ့ ကျူရှင်ပေးနိုင်တဲ့သူတွေ ရှိနေတဲ့ကာလပတ်တစ်လျှောက်လုံး ရှိနေမှာသာဖြစ်တယ်။

ကျွန်တော်ကိုင်တွယ်စေချင်တဲ့ကိစ္စက ကိုယ်ကျိုးစီးပွားပဋိပက္ခ Conflict of interest ပြဿနာဖြစ်ပါ တယ်။ အတန်းထဲမှာစာကို ပေါ့ပေါ့သင်ကြားပြီး ပြင်ပမှာကျူရှင်ပြနေတဲ့ကိစ္စကိုတော့ ထိန်းချုပ်ရမှာ ဖြစ်ပါတယ်။ မိမိထံက ကျူရှင်ယူတဲ့ကျောင်းသားကို မျက်နှာလိုက်ပြီး အမှတ်ပိုပေးတာမျိုးကတော့ ဆရာတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကျင့်ဝတ်နဲ့ မညီမျှပါဘူး။

စာမေးပွဲစစ်ပြီး အမှတ်ပေးတဲ့စနစ်ကိုလည်း ပြန်လည်သုံးသပ်ဖို့လိုပါတယ်။ အမေရိကန်ပြည်ထောင်စု မှာကျင့်သုံးနေတဲ့ စာမေးပွဲစနစ်ကိုသုံးသပ်ရင် အဖြေတစ်ခုရလာနိုင်ပါတယ်။ အမေရိကန်တက္ကသိုလ် ဝင်ဖို့လျှောက်တဲ့အခါ အများသိကြတဲ့ SAT စာမေးပွဲကိုကျောင်းသားတွေက ဖြေကြရတယ်။ ဒီစာမေး ပွဲကို တစ်ကမ္ဘာလုံးနေရာအနှံ့မှာ ဖြေနိုင်ပါတယ်။ ဒီစာမေးပွဲကို စစ်ဆေးပြီးအမှတ်ပေးတဲ့အခါ စာသင် ကြားတဲ့ဆရာတွေက စစ်ဆေးတာမဟုတ်ဘဲ SAT Test Centre စာစစ်အဖွဲ့က စစ်တာဖြစ်တယ်။ မိမိ အနေနဲ့ပုံမှန်သင်နေသူတွေကို စစ်တာမဟုတ်တာမို့ ဖြေဆိုသူဟာ ဘယ်သူဘယ်ဝါဆိုတာ မသိနိုင်ပါ ဘူး။ ကျွန်တော်တို့နိုင်ငံမှာ တက္ကသိုလ်ဝင်တန်း စာမေးပွဲဟာလည်း ဒီပုံစံနဲ့ခပ်ဆင်ဆင်ဖြစ်ပါတယ်။ ဒါပေမယ့်စာစစ်တဲ့အဖွဲ့ သီးသန့်မရှိဘဲ တက္ကသိုလ်ကဘာသာရပ်ဆိုင်ရာ ဆရာ၊ ဆရာမတွေ၊ အထက် တန်းကျောင်းကဆရာ၊ ဆရာမတွေကစစ်ပေးကြပါတယ်။

ကျူရှင်စနစ်ကို ပညာရေးရှုထောင့်မှလည်းကောင်း၊ နိုင်ငံရေးရှုထောင့်မှလည်းကောင်း၊ စီးပွားရေး ရှု ထောင့်မှလည်းကောင်း ဘက်စုံထောင့်စုံက သုံးသပ်လေ့လာပြီးအဖြေရှာဖို့ လိုပါလိမ့်မယ်။ ဆေးမြီးတို အဖြေမဟုတ်ဖို့ အရေးကြီးပါတယ်။ အနာထက်ဆေးကမဆိုးဖို့ အရေးကြီးပါတယ်။ အဖြေထုတ်ရာမှာ ပတ်သက်၊ သက်ဆိုင်သူများ Stakeholders တွေနဲ့တိုင်ပင်ဆွေးနွေးပြီး အဖြေထုတ်စေချင်ပါတယ်။

မြန်မာ့အလင်းသတင်းစာ
အတွဲ(၅၃)၊ အမှတ်(၁၆၁)၊ မတ်လ(၁၀)ရက်၊ ၂၀၁၄ ခုနှစ်

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...