ရသနှင့်ဝေးနေသော ပညာရေး


ယနေ့မျက်မှောက်ခေတ်တွင် ရသစာပေဖတ်ရှုမှု ကျဆင်းလာခြင်းနှင့်ပတ်သက်၍ သုံးသပ်ဝေဖန်မှုတွေ ထောင့်ပေါင်းစုံကနေ ထွက်ပေါ်လာနေသည်။ ရုပ်သံမီဒီယာများရဲ့ လွှမ်းမိုးမှုကစာပေဖတ်ရှုနှုန်းကို ကျ ဆင်းလာစေသည်ဟု ဆိုကြသည်။ အင်တာနက်စာမျက်နှာတွေရဲ့ စိမ့်ဝင်လာမှုကလည်း ရသစာပေကို အင်အားချည့်နဲ့စေသည်ဟု သုံးသပ်ကြသည်။ သတင်းမီဒီယာဖွံ့ဖြိုးလာခြင်းကလည်း သတင်းဆာ လောင်မှုကို ဖြည့်ဆည်းပေးနေသဖြင့် ရသစာပေဖတ်ရှုမှု ကျဆင်းလာသည်ဟု ထင်မြင်ချက်ပေးကြ သည်ကိုလည်း တွေ့ရသည်။

ရသစာပေကျဆင်းလာခြင်း၏ ဆုံးရှုံးမှုကတော့ လူ့ယဉ်ကျေးမှုကိုစိန်ခေါ်ခံလာရခြင်းပဲ ဖြစ်သည်။ ဦးနှောက်နှင့် နှလုံးသားနှစ်ဖက်စလုံး ဖွံ့ဖြိုးခွင့်မသာသော အနေအထားသည် ယဉ်ကျေးမှုနှင့်လူသား တန်ဖိုးကို အနုတ်လက္ခဏာဆောင်လာစေသည်။ နှလုံးသားနှင့်ဆက်နွှယ်နေသောလူတို့၏ နူးညံ့သော ခံစားမှုဆက်ဆံရေးသည်လည်း ပါးလျပျက်စီးကာ အရိုင်းစိတ်တွေ၏ လွှမ်းမိုးမှုကို အားကောင်းလာစေ သည်။
လူသည်ခံစားမှုရှိရမည်။ အတွေးအခေါ်ရှိရမည်။ ဆင်ခြင်တုံတရားရှိရမည်။ တွေးတောဆင်ခြင်ခံစားမှု သည်လူ၏အရည်အသွေးကိုမြှင့်တင်ပေးသည်။ သနား၊ စာနာ၊ ကြင်နာ၊ နွေးထွေးမှုသည်လူ၏ အဆင့် မြင့်သောအရည်အသွေးဖြစ်သည်။ ထိုအရည်အသွေးရှိမှသာလူသည်လူဆန်သော ကိုယ်ရည်ကိုယ် သွေးကို ရရှိနိုင်မည်ဖြစ်သည်။

ပညာရေးသည် အတတ်ပညာကိုသာသင်ကြားပေးသည့် ပညာရေးဖြစ်လျှင် အတတ်သင်ကျောင်းသား ဖြစ်နေပေလိမ့်မည်။ ပညာရေးသည်တွေးခေါ်မြော်မြင် ဆင်ခြင်သုံးသပ်ယဉ်ကျေးဖွယ်လည်း ပါဝင်ရပေ လိမ့်မည်။ သင်တွေးအံရွတ်ဟူ၍ ဆိုထားခြင်းသည် ပညာ၏အခြေခံလေ့လာမှုကိုသိစေလို၍ ဖြစ်သည်။

ကျောင်းသင်ပညာရေးစနစ်တွင် မြန်မာစာသင်ကြားရေးတစ်ခုမှာသာ ရသပညာပါလေသည်။ သို့ပါ သောရသပညာကိုလည်း ရသမြောက်သင်ကြားမှုမဟုတ်ဘဲ သင်နှင့်အံရွတ်လောက်ကိုသာ အလေး ပေးသင်ကြားလျက်ရှိသည်ကို တွေ့ရသည်။ မြန်မာစာနှင့် ပတ်သက်၍ ချဉ်းကပ်သင်ကြားပုံတွင် ရသပညာ၏အဆင့်မြင့်မားပုံနှင့် ကြီးမားသောအကျိုးကျေးဇူးတွေကို လျစ်လျူရှုထားသည်ကိုတွေ့နိုင် ပါသည်။

ကဗျာတစ်ပုဒ်၊ စာတစ်ပုဒ်ကို လေ့လာရာခံစားမှုရှုထောင့်များကနေ လေ့လာမှုအထူးအားနည်းသည်ကို တွေ့ရသည်။ အထူးသဖြင့်ခံစားမှုကို လေ့ကျင့်သင်ကြားပေးမှုမှာပို၍ အားနည်းနေသည်ကို တွေ့နိုင် သည်။ ကဗျာတစ်ပုဒ်၊ စာတစ်ပုဒ်ကို အဓိပ္ပာယ်ဖွင့်ဆိုခြင်းလောက်တွင် လမ်းဆုံးလျက်ရှိသည်။ စာဆို၏ ဆိုလိုချက်နှင့်ရည်ရွယ်ချက်ကို ဖော်ထုတ်ခြင်းသက်သက်ဖြင့် ပြီးဆုံးသွားရသည်။

ကဗျာတစ်ပုဒ်၊ စာတစ်ပုဒ်ပေါ်တွင်ခံစားရသည့် ခံစားချက်ကိုစေ့ငုသည့် သင်ကြားမှုအလွန်အားနည်း သည်။ ကဗျာတစ်ပုဒ်၊ စာတစ်ပုဒ်ဖတ်ရှုခံစားသူတွေအပေါ် သက်ရောက်မှုမျိုးစုံကို ဖော်ထုတ်သည့် သင်ကြားမှုမရှိသလောက်ပင်ဖြစ်သည်။ သင်ကြားသူအားလုံးကို တစ်ပုံစံတည်းရိုက်သွင်းခြင်းဖြင့် သိပ္ပံ ပညာရပ်လိုသင်ကြားနေသည်ကိုသာ တွေ့ရပေမည်။

ကျွန်တော်တို့ငယ်ငယ်က မြန်မာစာဆရာသည် ကဗျာတစ်ပုဒ်ကိုသင်လျှင်ကဗျာပါခက်ဆစ်တွေကို အရင်ရှင်းလင်းပြသည်။ ထို့နောက်ကဗျာကို တိုက်ရိုက်စကားပြေရေးပြသည်။ ပြီးမှကဗျာဖန်တီးသူက ထိုကဗျာကိုဘယ်လိုအာရုံ၊ ဘယ်လိုခံစားချက်ဖြင့် ရေးသားထားတာဖြစ်နိုင်သည်ကို စူးစမ်းပြသည်။ နောက်ဆုံးတွင် ထိုကဗျာနှင့်ပတ်သက်၍ ကျောင်းသား၊ ကျောင်းသူတစ်ယောက်ချင်း၏ ခံစားမှုကိုမေး ခွန်းထုတ်သည်။ ပြောချင်ရာပြောဖို့ကိုလည်း ခွင့်ပြုသည်။ ကဗျာနှင့်ဝေးလွန်းသော၊ မဆိုင်သောပြောဆို မှုကိုလည်း ပြန်လည်တည့်မတ်ပေးသည်။ ချီးကျူးစရာရှိလျှင်လည်း ချီးကျူးသည်။

ဆရာကကြားထဲတွင်လည်း ကျောင်းသင်ကဗျာမဟုတ်သော ကျောင်းသင်ကဗျာရေးသူ စာဆို၏အခြား ကဗျာကိုလည်း ဖတ်ကြားကာကျောင်းသား၊ ကျောင်းသူများ၏ရသစာပေအပေါ် ဈာန်ဝင်စားမှုကို မြှင့်တင်ပေးသည်။ ကဗျာဖတ်ရတာကို မွေ့လျော်လာသည်အထိ လေ့ကျင့်သင်ကြားပေးသည်။ ကဗျာကိုတာဝန်တစ်ခုလို လေ့လာတာမဟုတ်ဘဲ ချစ်မက်စွာဖတ်ချင်လာအောင် ပြသပေးခဲ့သည်။

ကျွန်တော်တို့ကို ကဗျာသင်နေသည်ဟူသော ခံစားမှုထက်ပို၍ မြင့်သောကဗျာကို ပျော်ရွှင်စွာဖတ်ရှု ခံစားနေရသည်ဟူသော အတွေ့အကြုံကို ရရှိစေသည်။ ကျောင်းသင်ကဗျာကိုလည်း ကျက်မှတ်ရ သည်မျိုးမဟုတ်တော့ဘဲ ကိုယ်တိုင်ခံစားနားလည်ပြီး ကိုယ်တိုင်ဖော်ထုတ်တတ်လာသည်။ ကဗျာသင် ရတာလည်း စိတ်ဝင်းစားစရာဖြစ်လာသည်။ အထူးတလည်ကျက်မှတ်ထားပြီး မေ့သွားလျှင်အစမဖော် နိုင်တော့သည့်အဖြစ်ကလည်း လွတ်သွားသည်။

အလယ်တန်းတွင် သင်ကြားပေးလိုက်သော မြန်မာစာဆရာ၏ ကဗျာသင်ကြားမှုက အထက်တန်းကိုပါ သွားပြီး အထက်တန်းဆရာ၏ ပုံစံသေသင်ကြားမှုအောက်တွင် ပျောက်သွားခြင်းမရှိတော့ပေ။ ပညာ ရေးတွင် ပျော်ရွှင်ပေါ့ပါးစွာသင်ကြားရခြင်းသည် အကျိုးကျေးဇူးအကြီးမားဆုံးဖြစ်ပါသည်။ မမေ့မလျော့ နှုတ်တက်ရွရွကျက်မှတ်ရမှုသက်သက်လည်း မဟုတ်တော့ပေ။ ကဗျာကိုချစ်တတ်လာသောအခါ ကဗျာကိုခံစားတတ်လာသောအခါ ကျောင်းသင်ကဗျာတွေကိုသာမက ပြင်ပကဗျာတွေကိုပါ ဖတ်ရှုခံ စားတတ်လာသည်။

ထိုအခါကဗျာများစွာကို ဖတ်ရှုတတ်လာသည်၊ ခံစားတတ်လာသည်။ ကဗျာဆရာများစွာ၏ ကဗျာများ စွာကနေ လောကသနစ်စုံကို တွေ့လာရသည်။ အမြင်လည်းကျယ်လာသည်။ ကျယ်ပြန့်သောဆင်ခြင် မှုကိုလည်းရလာသည်။ လောကကွင်းပြင်ပိုကျယ်လာပြီး ကျယ်သောလောကကို ကြည့်မြင်တတ်လာ ကာပို၍ အသိမြင့်မားလာသည်။ မြင့်မားလာသည့်အသိနှင့်အတူ လောကကိုရှုမြင်သုံးသပ်ရာတွင် လည်း ပို၍ထက်မြက်လာကာ ဓမ္မနှင့်အဓမ္မကိုခွဲခြမ်းစိတ်ဖြာရာတွင်လည်း အစစ်အမှန်အတုအယောင် ခွဲခြားလာနိုင်သည်။

အလယ်တန်းကျောင်းက အတန်းတစ်တန်းကိုသာ သင်ကြားရသည့်ဆရာတစ်ယောက်၏ သင်ကြားမှု သည်ကျွန်တော်တို့ကို ထိရောက်သောသင်ခန်းစာဖြစ်စေခဲ့သည်။ အတန်းအားလုံးမှာသာ သင်ကြားခွင့် ရခဲ့လျှင်ရသစာပေ၏သဘောတရား၊ ရသစာပေဖန်တီးမှု၊ ရသစာပေကိုခံစားခြင်းမှသည် ရသစာပေ၏ လောကအမြင်အထိ လွယ်ကူစွာ၊ ပျော်ရွှင်စွာရယူသွားနိုင်မည်ဖြစ်သည်။ ရသစာပေ၏တန်ဖိုးနှင့် အကျိုးကျေးဇူးကိုပို၍ ခံစားရရှိစေနိုင်သည်။ ရသစာပေသည် လူတစ်ယောက်ချင်းစီအတွက်လက် ဆောင်ကောင်း၊ အဖော်ကောင်းဖြစ်သည်ကို လက်တွေ့ထိသိခံစားရရှိစေသည်။

ကျွန်တော်တို့သည် ကျောင်းတွင်သင်ကြားခဲ့ရသည့် ကဗျာများကိုအလွတ်ရကောင်းရနိုင်ပါသည်။ ထိုအလွတ်ရနေသော ကဗျာ၏အနှစ်အသားကို ရရှိခံစားခွင့်ရချင်မှရပေမည်။ ထိုကဗျာများမှရသည့် လောကအမြင်ကို လက်တွေ့ကြုံသည့်အခါခံစားရရှိ ဆင်ခြင်နိုင်ခြင်းရှိချင်မှရှိပေမည်။ ကဗျာကိုအ လွတ်မရသော်လည်း ကဗျာကပေးသည့် ခံစားမှုနှင့်လောကအမြင်မှာ ရင်ထဲတွင်ရှိနေပြီ။ တိုက်ဆိုင်မှုရှိ တိုင်းဆင်ခြင်အတွေးရောက် အကျိုးခံစားနိုင်သည်ကို တွေ့ကြုံဖူးသူတိုင်းက လက်ခံကြမည်ဖြစ်သည်။

ကျောင်းပညာရေးက သင်ကြားပေးလိုက်သောစာပေ၏ အကျိုးကျေးဇူးသည်ထိရောက်မှုအားနည်း သဖြင့် ကျောင်းပြင်ပရောက်သွားသောအခါ လှည့်ကြည့်ဖော်ပင်မရတော့ဘဲ လမ်းဆုံးသွားရတော့ သည်။ စာပေကမိမိတို့ကို ဘယ်လိုလက်ဆောင်ကောင်းတွေ ဆောင်ကြဉ်းလာပြီး ဘယ်လိုအဖော် ကောင်းဖြစ်သည်ကို ကျောင်းသင်ပညာရေးက ဖော်ဆောင်ပေးနိုင်ခြင်းမရှိတာကို ဝမ်းနည်းဖွယ်ရာ တွေ့ရသည်။

ကျောင်းသင်ပညာရေးက သင်ကြားပေးလိုက်သော စာပေသည်ကွက်ကွက်ကလေးအတွက် လောက် သာရှိပြီး ကျယ်ပြန့်သောစာပေလွင်ပြင်ကျယ်ကြီးကို ရရှိစေရေးအတွက် အခြေခံအုတ်မြစ်ကလေးပင် မရရှိလိုက်ကြပေ။ ခက်ဆစ်အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် မူချမှတ်ထားသော အကျိုးကျေးဇူးလောက်ဖြင့် ပြီးသွားကာအခြားသင်ကြားမှုများနည်းတူ ကျက်မှတ်ခြင်းဝန်ပိနေကြရလေသည်။

မူလတန်းပညာစတင်သင်ကြားချိန်မှစ၍ တက္ကသိုလ်မှဘွဲ့ရသည်အထိ ကျောင်းသင်ပညာရေးတစ် လျှောက်လုံး ကျက်မှတ်ခြင်းများဖြင့် တောက်လျှောက်ဖြတ်သန်းလာရသည့် ပညာသင်သားတွေမှာ ကျောင်းပြီးသွားသည်နှင့် စာကိုလှည့်မကြည့်ချင်တော့လောက်အောင် ငြီးငွေ့စိတ်ပျက်သွားကြတာကို ကြုံနေကြရသည်။

ကျောင်းသင်ပညာရေးသည် သင်ယူမှုကို စိတ်ပျက်လက်ပျက်ဖြစ်သွားစေသည့် ပညာရေးဖြစ်နေသည်။ ဘဝတာတစ်လျှောက်လုံးသင်ယူခြင်းဖြင့် ဘဝကိုမြှင့်တင်နိုင်မှုအလေ့အကျင့် အခြေခံအုတ်မြစ်ကို တည်ဆောက်ပေးလိုက်နိုင်ခြင်းမရှိသည်မှာ ဝမ်းနည်းစရာဖြစ်လေသည်။

ကျောင်းသင်ပညာရေးသည် သင်ယူခြင်းဖြင့်တစ်ဆင့်ပြီးတစ်ဆင့်မြင့်မားလာရသည်ကို လက်တွေ့ဖော် ဆောင်ပေးနိုင်ရပေမည်။ မူလတန်းအဆင့်ပြီးလျှင် အလယ်တန်းအဆင့် အလယ်တန်းပြီးလျှင် အထက် တန်းအဆင့်၊ အထက်တန်းပြီးလျှင် ဘွဲ့ရအဆင့်၊ ဘွဲ့အလွန်အဆင့်ကိုတက်လှမ်းသွားရသည်ဟုတန်ဖိုး ကို သိမှတ်နားလည်သဘောပေါက် ဘဝင်ကျသွားစေရမည်ဖြစ်သည်။ သို့သော်လည်း ကျောင်းသင် ပညာရေးတွင် ဘဝင်ကျစရာမပါလာခြင်းမှာ ချွတ်ယွင်းချက်ကြီးဖြစ်နေသည်။

ကျောင်းသင်ပညာရေးတွင် ဦးနှောက်ကိုသာအလွန်အမင်း အလုပ်ပေးပြီး ဘဝင်ကိုမေ့လျော့ထားလျှင် ဘဝင်မကျသောပညာရေး၊ တစ်ဖက်စောင်းနင်းပညာရေး၊ ငြီးငွေ့စိတ်ပျက်စရာတွေ ဖိစီးနေသော ပညာရေး၊ သင်ယူမှုစိတ်ပျက်သွားစေသော ပညာရေးဖြစ်သွားပေလိမ့်မည်။ သို့ဖြစ်လေရာ ပညာရေး တွင်ရသ၏အခန်းကဏ္ဍသည် အလွန်အရေးကြီးပြီး ပညာသင်ကြားခြင်း၊ ပညာသင်ယူခြင်း၏ အခရာ ကျသည်ကို သဘောပိုက်မိဖို့လိုပါသည်။

ရသနှင့်ဝေးသော ပညာရေးကိုရသနှင့်နီးလာအောင်၊ ရသနှင့်တွဲဖက်လာအောင်၊ ရသ၏စဉ်ဆက် မပြတ် အလိုအလျောက်လေ့လာသင်ယူ ဆင်ခြင်တွေးတောအဆင့်မြင့်စေသော ပညာရေးဖြစ်အောင် အကောင်အထည်ဖော်ခြင်းဖြင့်သာ အဆင့်အတန်းရှိသော လူ့အဖွဲ့အစည်းကိုတည်ဆောက်နိုင်မည့် အဆင့်အတန်းရှိသော လူ့စွမ်းအားကိုမွေးထုတ်ပေးနိုင်သည့် ပညာရေးဖြစ်လာပေလိမ့်မည်ဟု ရေးသား နှိုးဆော်လိုက်ရပါသည်။

စံတော်ချိန်သတင်းစာ
အတွဲ(၁)၊ အမှတ်(၃၁၆)၊ ဖေဖော်ဝါရီ ၂၃၊ ၂၀၁၄

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...