လူငယ်တွေကို ချစ်သည်



"သာမန်ဆရာတစ်ယောက်က ပြောပြတယ်။ ဆရာကောင်း၊ ဆရာမွန်ကရှင်းပြတယ်။ တော်တဲ့ဆရာက တော့ ကျောင်းသားရဲ့ ဉာဏ်တံခါးကိုဖွင့်ပေးတယ်" (Willian Arthur Ward၊ အမေရိကန် စာပေပညာ ရှင်၊ ကျောင်းဆရာ၊ အယ်ဒီတာ) ဆိုသည့်စာသားလေးကို လူငယ်နှင့်အတွေးအခေါ် ခေါင်းစဉ်အောက် မှာဖော်ပြထားသည်ကို တွေ့လိုက်ရသည့်အခါ ဖတ်လက်စစာအုပ်ကလေးကိုပို၍ သဘောကျမိပါ သည်။ စာအုပ်မှာမုံရွာတက္ကသိုလ်မှ ကျောင်းသားလူငယ်များ စီစဉ်ထုတ်ဝေသည့် "ထာဝရရွှေကြယ်" လူငယ်စာစဉ် အမှတ် (၃) ဖြစ်ပါသည်။ ၂၀၁၂ ခုနှစ်မှစ၍ တစ်နှစ်တစ်ကြိမ် ထုတ်ဝေသည်ဟု ဆိုပါ သည်။
ထို့အပြင်လူငယ်နှင့် သမိုင်းသုတ၊ လူငယ်နှင့် အင်္ဂလိပ်စာ၊ လူငယ်နှင့်စွန့်ဦးတီထွင်မှုစသည်ဖြင့် ခေါင်းစဉ်များတပ်ကာ ရှားရှားပါးပါးသိမှတ်ဖွယ်ရာများကို ဖော်ပြထားခြင်းဖြစ်ပါသည်။ တက္ကသိုလ်ဘွဲ့ ကြိုကျောင်းသားလူငယ်များ ဦးဆောင်စီစဉ်ပြီး လူငယ်များပါဝင်ရေးသားကာ လူငယ်များအတွက် ဦးတည်ထုတ်ဝေဖြန့်ချိသော စာအုပ်လည်းဖြစ်ပါသည်။ တက္ကသိုလ်များဝန်းကျင်တွင် တက္ကသိုလ် လူငယ်များ ကိုယ်တိုင်ဖန်တီးပုံနှိပ်သော စာစဉ်၊ စာအုပ်များသည် ဆယ်စုနှစ်နှင့်ချီ၍ ပျောက်ကွယ်ခဲ့ပါ သည်။ ယခုပြန်လည်ပေါ်ထွက်လာသော်လည်း တစ်အုပ်စ၊ နှစ်အုပ်စမျှသာဖြစ်ပါသည်။

လူငယ်များတွင် "အား" ရှိသည်။ "မာန်" ရှိသည်။ ကောင်းသောစံပြဖြစ်ဖို့ ကြိုးစားရန်သာလိုပါသည်။ လူငယ်များ၏အနီးမှ ဝန်းရံမှုများကလုံခြုံဖို့လိုပါသည်။ ဖေးကူမှုများက နွေးထွေးဖို့လိုပါသည်။ လမ်းညွှန် မှုများက မျှတဖို့လိုပါသည်။ သင်ကြားမှုများကထိရောက်ဖို့လိုပါသည်။ သို့မှသာသူတို့တွင် ပင်ကိုရှိပြီး ဖြစ်သော "အား" ကလေးများသည် "ခွန်အား အင်အား" အဖြစ်ပြောင်းလဲကာ ဘဝခရီးတစ်လျှောက် လုံးမာန်ဝင့်၊ အောင်လံလွှင့်နိုင်မည် ဖြစ်ပါသည်။ လူငယ်အများစုလူငယ်ဘဝတွင် အချိန်ပေးဖြတ်သန်း ကြရသည်မှာ စာသင်ကျောင်းများဖြစ်ပါသည်။

စာသင်ကျောင်းများတွင် ဒီမိုကရေစီနည်းအရ မည်သို့ကျင့်သုံးလိုက်နာလျက်ရှိသည်။ လက်တွေ့ဒီမိုက ရေစီနည်းနာနိဿယများ မည်ကဲ့သို့သင်ကြားပို့ချပေးနိုင်သည်ကို စုံစမ်းစစ်ဆေးရန် အင်္ဂလန်ပြည်တွင် ဖွဲ့စည်းတည်ထောင်သော (ပြည်သူ့နီတိပညာပြန့်ပွားရေးအသင်း) က ကော်မတီတစ်ရပ်ဖွဲ့စည်းလျက် တာဝန်ပေးခဲ့သည်။ ထိုကော်မတီတွင် ပညာရေးနှင့်ဆိုင်ရာကျောင်းဆရာကြီးများ၊ ပညာဝန်များ၊ တက္ကသိုလ်ကျောင်းအုပ်ကြီးများစသည့် ပုဂ္ဂိုလ် (၁၂) ဦးပါဝင်ကြောင်း သိရပါသည်။

ထိုကော်မတီသည် အင်္ဂလန်ပြည်ရှိ စာသင်ကျောင်းများစွာကို သွားရောက်လေ့လာကြည့်ရှုပြီး စကား လုံးပေါင်း ၅၅၀၀၀ ခန့်ပါဝင်သည့် အစီရင်ခံစာတစ်စောင်အား ၁၉၄၇ ခုနှစ်က တင်ပြခဲ့ကြောင်း၊ ထိုအစီ ရင်ခံစာတွင် စာသင်ကျောင်းများ၌ ဒီမိုကရေစီအုတ်မြစ်ချရေးနှင့် ပတ်သက်၍အဖိုးတန်သော အချက် အလက်များနှင့် ထိရောက်သောအကြံပေးချက်များ အများအပြားပါဝင်ကြောင်း ထိုအစီရင်ခံစာထွက် ပေါ်လာသည်နှင့် တစ်ပြိုင်နက်အင်္ဂလန်ပြည်၌သာမက ကမ္ဘာအရပ်ရပ်ရှိ ပညာရေးလောကတွင် အတော်အတန် ဂယက်ရိုက်သွားခဲ့ကြောင်း သိရပါသည်။

ဒီမိုကရေစီဝါဒလက်ကိုင်ပြုလျက် ဒီမိုကရေစီနိုင်ငံထူထောင်ရန် အားသွန်ကြိုးပမ်းလျက်ရှိသော ကျွန်ုပ် တို့ပြည်ထောင်စုမြန်မာနိုင်ငံတွင်လည်း စာသင်ကျောင်းများကစ၍ ဒီမိုကရေစီစနစ်ကို လက်တွေ့ကျင့် သုံးနိုင်ရန် များစွာလိုအပ်သဖြင့် အထက်ပါအစီရင်ခံစာကို အကျဉ်းချုံးပြီး ဆီလျော်အောင် မြန်မာပြန်ဆို ထုတ်ဝေရခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံဘာသာပြန် စာပေအသင်းက ၁၉၅၂ ခုနှစ်တွင် ထုတ်ဝေသော ကျောင်းတွင်း ဒီမိုကရေစီစာအုပ်တွင် ယင်းအသင်း၏ထိုစဉ်က အကျိုးဆောင်အုပ်ချုပ်ရေးမှူး မောင် သန့် (နောင်ဦးသန့်၊ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်) က စကားပလ္လင်အဖြစ် ရေးသားဖော် ပြထားပါသည်။

"ဒီမိုကရေစီဝါဒအောင်မြင်စေရန်အတွက် ပထမအဆင့်မှာ တိုင်းသူပြည်သားများသည် အသိဉာဏ် ပညာတိုး၍၊ တိုး၍ ရင့်သန်လာရမည်။ ထို့နောက်ဒီမိုကရေစီ၏ လက်တွေ့လုပ်ငန်းများတွင် တိုး၍၊ တိုး၍ ကိုယ်ထိလက်ရောက် ပါဝင်ဆင်နွှဲကြရမည်။ ဒီမိုကရေစီ၏ လက်တွေ့လုပ်ငန်းများတွင် တိုး၍၊ တိုး၍ကိုယ်ထိလက်ရောက် ပါဝင်ဆင်နွှဲကြရမည်။ ဒီမိုကရေစီ၏ အောင်မြင်မှုသည် လူထု၏အသိဉာဏ် ပညာ၊ လူထု၏အများအကျိုး ဆောင်ရွက်လိုမှုများပေါ်တွင်တည်၏။ ထို့ကြောင့် ဒီမိုကရေစီဝါဒသည် ဝါဒအားလုံးအနက် အခက်ခဲဆုံးသော ဝါဒဖြစ်ပေသည်။

"အာဏာရှင်နိုင်ငံများတွင် လူထုအသိဉာဏ်ပညာရှိသည်၊ မရှိသည်မှာ အရေးမကြီးဘူး။ လူထုကျွမ်း ကျင်သည်၊ မကျွမ်းကျင်သည်မှာ အရေးမကြီး။ လူထုစိတ်ဝင်စားခြင်း၊ စိတ်မဝင်စားခြင်းမှာ အရေးမကြီး ဘူး။ လူထုကအများအကျိုးဆောင်ရွက်လိုစိတ်ရှိ၊ မရှိမှာအရေးမကြီး။ အထက်အာဏာပိုင်များက ပုံသေကားကျ စီမံဆောင်ရွက်ခြင်းသာလျှင် အရေးကြီးပေသည်။ ဒီမိုကရေစီနိုင်ငံများတွင်မူကား ထိုသို့ မဟုတ်ပေ။ လူထုသည် အရေးအကြီးဆုံးဇာတ်လိုက်များဖြစ်ကြပေသည်" ဟုလည်း ဖော်ပြပါရှိပါသည်။

လက်ရှိစာရေသူတို့နိုင်ငံတွင် လူငယ်များဖြင့်ဖွဲ့စည်းတည်ထောင်ထားသော အသင်းအဖွဲ့များစွာရှိဖို့ လိုနေပြီဖြစ်ပါသည်။ ကျောင်းအလိုက်၊ တက္ကသိုလ်အလိုက်၊ ရပ်ကွက်အလိုက်၊ မြို့အလိုက်၊ ဒေသ အလိုက် စည်းရုံးလှုပ်ရှားလျက်ရှိကြပါသည်။ နိုင်သလောက်အားဖြင့် လုပ်နိုင်သလောက်အားဖြင့် လုပ်နိုင်သလောက် လုပ်နေကြသည်။ လူမှုရေးအသင်းများ၊ ပရဟိတကျောင်းများ၊ ကယ်ဆယ်ရေး စခန်းများတွင် လုပ်အားပေးကြသည်။ ကျပ်တစ်ရာစု၊ တစ်ထောင်စုလူငယ်များပေါင်းစု၍ လိုအပ်သော နေရာများသို့ အရောက်သွားကာ လှူဒါန်းထောက်ပံ့မှုများ ပြုလုပ်ကြသည်။

လူငယ်အချင်းချင်း လက်လှမ်းမီသလောက် ချိတ်ဆက်ကြသည်။ မျှဝေကြသည်။ ဖလှယ်ကြသည်။ ဖေးမကြသည်။ တွဲခေါ်ကြသည်။ လူငယ်စိတ်၊ လူငယ်အတွေး၊ လူငယ်အသိများဖြင့် လူငယ်သဘာဝ တက်တက်ကြွကြွ ကြံဆကြသည်။ မကောင်းသောလမ်းဟောင်းများအား ပစ်ထားခဲ့ကြသည်။ ကောင်း မွန်မည်ဟု ယုံကြည်မျှော်လင့်သော လမ်းသစ်များသို့ ဖောက်ထွက်စမ်းသပ်ကြသည်။ ကန့်သတ်ချုပ် ချယ်မှုများ၊ တားမြစ်ဖိနှိပ်မှုများ၊ လိုရာဆွဲအရောင်ဆိုးမှုများမှ လွတ်မြောက်လိုကြသည်။ ထို့ကြောင့် သူတို့လက်၊ သူတို့ခြေ၊ သူတို့အင်အားဖြင့် အစွမ်းအစပြကြသည်။

လူငယ်များအတွက် အတိတ်သည်ခါးသီးခဲ့သည်။ ပစ္စုပ္ပန်သည်သူတို့အတွက် ပုံစံတကျမရှိသေးတာကို ရင်ဆိုင်ကြရသည်။ အနာဂတ်ကိုမှန်းဆလျှောက်လှမ်းနေရဆဲဖြစ်သည်။ ဒီလိုအချိန်မှာ စာရေးသူတို့ တိုင်းပြည်တွင် လူငယ်တွေက အရေးအကြီးဆုံးအစိတ်အပိုင်းတစ်ခု ဖြစ်သည်။ ဘာပဲပြောပြော စာရေး သူကတော့ လူငယ်တွေကိုချစ်ပါသည်။ အားကိုးချင်ပါသည်။ မျှော်လင့်ချင်ပါသည်။ သူတို့အတွက် ပေးဆပ်လိုသူများ၊ ပေးဆပ်မှုများကိုလည်း ထင်ထင်ရှားရှားမြင်တွေ့လိုပါသည်။

"ပြည်ထောင်စု မြန်မာနိုင်ငံတော်အတွင်းရှိ စာသင်ကျောင်းများတွင် ဒီမိုကရေစီစနစ်ကို လိုက်နာကျင့် သုံးကြမည်လော။ သို့တည်းမဟုတ် ဒီမိုကရေစီစနစ်ကိုပယ်၍ သြဇာအာဏာဖြင့် အုပ်ချုပ်ကြမည် လော။ အဖြေနှင့်ပတ်သက်၍ ဝိဝါဒကွဲပြားရန် မလိုဟုကျွန်ုပ်တို့ ယုံကြည်၏။ ကျွန်ုပ်တို့၏ ကျောင်းတိုင်း သည် ဒီမိုကရေစီဝါဒကို လက်တွေ့ကျင့်သုံးသော ကျောင်းများသာဖြစ်ရန် ကျွန်ုပ်တို့လိုလားပေသည်။ သို့မှသာလျှင် ကျွန်ုပ်တို့၏ကျောင်းသူ၊ ကျောင်းသားများသည် ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေးတွင် အကျိုးရှိစွာပါဝင်ဆောင်ရွက်နိုင်ကြရန် အခြေခံရှိပြီးဖြစ်ကြပေလိမ့်မည်။ ကျောင်းတွင်းဒီမိုကရေစီသည် ဒီမိုကရေစီနိုင်ငံ၏ တောင့်တင်းခိုင်မာသော အခြေခံအုတ်မြစ်ကြီးသာလျှင် ဖြစ်၏" ဟူ၍ ၁၉၅၂ ခုနှစ် ထုတ်ကျောင်းတွင်း ဒီမိုကရေစီစာအုပ်နောက်ဆုံးတွင် ရေးသားထားသည့်အတိုင်း စာသင်ကျောင်းများ နှင့် တွဲဖက်နေသော လူငယ်များကိုတန်ဖိုးထားချစ်ကြဖို့၊ ကူညီစောင့်ရှောက်ကြဖို့ အထူးလိုအပ်ပါ သည်။

7Day Daily
No.307, Feb.25, 2014

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...