စွန့်ပစ်သတ္တုများဖြင့် တည်ဆောက်ထားသည့် Batmobile မော်တော်ကား



တရုတ်နိုင်ငံမှ Batman ရုပ်ရှင် ပရိသတ် တစ်ဦးသည် Batman စီးနင်းလေ့ရှိသည့် နာမည်ကျော် Batmobile မော်တော်ကား ပုံစံတူကို အောင်မြင်စွာ ဆောက်လုပ်ပြခဲ့ကြောင်း သိရသည်။ စီးပွားရေး လုပ်ငန်းရှင် တစ်ဦးဖြစ်သည့် လီဝေလိုင်သည် ၎င်း၏ အဖွဲ့နှင့်အတူ အပတ်တကုတ် ကြိုးစားခဲ့ပြီး ရလဒ် အဖြစ် Batmobile စီးတော်ယာဉ်နှင့် မော်ကြွားခွင့် ရနေပြီ ဖြစ်သည်။ ၎င်းသည် ယင်းမော်တော်ကားကို စတာလင်ပေါင် (၇၀၀၀)ကျော်မျှသာ အကုန်အကျခံပြီး တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ လီသည် စွန့်ပစ် အမှိုက်သရိုက် ပစ္စည်းများအနက်မှ သတ္တု(၁၀)တန်ခန့်ကို ထုတ်နုတ်ယူပြီး Batmobile ကို ဖန်တီးခဲ့ခြင်းဟု ဆိုသည်။ လီတို့အဖွဲ့သည် သတ္တုကြမ်းများကို စိတ်ရှည်လက်ရှည် အချောသတ် ညှိနှိုင်းပြီး ကားကိုယ်ထည် ကို ပုံစံချခဲ့ခြင်း ဖြစ်သည်။


Batman ဇာတ်ကားများတွင် ဘီလျံနာသူဌေး ဘရုစ်ဝိန်း အနေဖြင့် ၎င်း၏ လူသိမခံသော သိပ္ပံလူ စွမ်းကောင်း ဘဝတွင် Batmobile ကို စီးနင်းမောင်းနှင်ပြခဲ့ပြီး လီက ယင်းမော်တော်ကားကို အသည်းစွဲ နှစ်ခြိုက်နေခဲ့သည်။ ထို့ကြောင့်လည်း ကိုယ်ပိုင် Batmobile ကို တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ လီ အနေဖြင့် ယွမ်ငွေ (၇၀၀၀၀)၊ တစ်နည်းအားဖြင့် စတာလင်ပေါင် (၇၁၀၀)နီးပါးမျှ အသုံးပြုရန်မူ လိုအပ်ခဲ့ သည်။ အသက်(၂၆)နှစ်ရှိ လီသည် ငွေကြေးခြွေတာသည့် အနေဖြင့် ကားကိုယ်ထည်ကို ပေါလစ်ရှ်တိုက် ရာတွင် ကိုယ်တိုင်ပင် အပင်ပန်းခံ လုပ်ဆောင်ခဲ့သည်။ (၂)လကြာ ကြိုးစားတည်ဆောက်ပြီးနောက် Batmobile သည် အပြည့်အဝ ရုပ်လုံးပေါ်လာခဲ့ပြီ ဖြစ်သည်။


“ကျွန်တော်တို့ Batman ကား တော်တော်များများ ဆောက်ခဲ့ပြီးပါပြီ။ နှစ်စင်းက ရှန်ဟိုင်းမှာ ပြထား တယ်။ တချို့ကားတွေက တစ်နိုင်ငံလုံးအနှံ့ ရောက်နေပြီ”ဟု လီက ဆိုသည်။ ယခု Batmobile မှာမူ နောက်ဆုံးထွက် ရုပ်ရှင်ဇာတ်ကားများမှ ပုံစံကို အခြေပြုပြီး စွန့်ပစ်သတ္တု အစိတ်အပိုင်းများဖြင့် တည်ဆောက်ထားခြင်း ဖြစ်သည်။ ရှန်ဟိုင်းမြို့၏ အစွန်အဖျားရှိ မင်ဟမ်ဒေသမှ မော်တော်ကားကို ကိုယ်တိုင်ဓာတ်ပုံရိုက်ယူခဲ့သည့် ရဲအရာရှိ ဖန်ဒိုဟန်က “ကျွန်တော်တို့ စပ်စပ်စုစုနဲ့ လိုက်စုံစမ်းကြည့် ပြီးပြီ။ Batman ပရိသတ်တွေ စိတ်ပျက်သွားမလားတော့ မပြောတတ်ဘူး။ ဒီကားက Batmobile နဲ့ အရွယ်အစားတူ တစ်ပုံစံတည်းပဲဗျ”ဟု ရယ်ရယ်မောမော ပြောကြားခဲ့သည်။


ခပ်နိမ့်နိမ့် တည်ဆောက်ထားသော မော်တော်ကားသည် (၁၀)ပေမျှ ရှည်လျားပြီး နောက်ဘီးများမှာ အရွယ်ရောက်ပြီး လူတစ်ဦး၏ ခါးစောင်းမျှထိ အမြင့်ရှိသည်။ Batman ဇာတ်ကားတွင် အမှန်တကယ် အသုံးပြုခဲ့သည့် မော်တော်ကားကို လေလံတင် ရောင်းချရန် စီစဉ်နေပြီး ယခုသံတိုသံစ ပုံစံတူကားကမူ ယင်းထက် အဆ(၁၀၀)မျှ ဈေးနှုန်းသက်သာဖွယ် ရှိသည်။ လီသည် မူပိုင်ခွင့် အခြေအနေကြောင့် ၎င်း၏ မော်တော်ကားကို Batmobile ဟု တရားဝင် သုံးနှုန်းခေါ်ဆိုဖွယ် မရှိကြောင်းလည်း ဖွင့်ဟသွားသည်။


Planet Myanmar Network
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...