ဘာကြောင့် နယ်ကျော်ကျောင်းအပ်နေကြတာလဲ . . .



“နယ်ကျော်ကျောင်းအပ်တယ်ပဲပြောပြော၊ အစ်မကတော့ ကိုယ့်ကလေးကို စာကောင်းကောင်းမသင် တဲ့ကျောင်းမှာ မထားချင်ဘူး။ နာမည်ကြီးတယ်ဆိုတဲ့ ကျောင်းတွေကပိုက်ဆံ အကုန်အကျခံနိုင်ရမယ် ဆိုပေမယ့်စာကိုလည်း တခြားကျောင်းတွေနဲ့ အပြိုင်အဆိုင် ကောင်းကောင်းသင်ကြလို့ အဲဒီကျောင်း တွေမှာ အပ်ဖို့လုပ်ထားတယ်” ဟု မြောက်ဥက္ကလာပမြို့နယ်တွင် နေထိုင်ပြီးမူလတန်းစတင်တက် ရောက်မည့်ကလေး၏ မိခင်ဖြစ်သူ မစန်းစန်းမော်ကဆိုပါသည်။

ယခုလည်း သူမ၏ကလေးကို ပထမတန်းတွင် အပ်နှံရန်အတွက်ဗဟန်းမြို့နယ်ရှိ နာမည်ကြီးကျောင်း တစ်ကျောင်းသို့ သွားရောက်ရန်ပြင်ဆင်နေပြီဖြစ်သည်။

“အချိတ်အဆက်တော့ လိုတာပေါ့။ ဗလိုင်းကြီးဝင်တာထက်စာရင် ကျောင်းလာအပ်မယ်ဆိုတာမျိုး ကြိုပြီးအသိတစ်ယောက်နဲ့ ပြောထားဆိုထားတယ်။ ဘယ်လောက်ကုန်မလဲတော့ မသိသေးဘူး” ဟု မစန်းစန်းမော်က ဆက်လက်ပြောသည်။

အလားတူ အင်းစိန်မြို့နယ်တွင် နယ်ကျော်ကျောင်း အပ်နှံထားသည့်ကျောင်းသူတစ်ဦး၏ ဦးလေးဖြစ် သူ ဦးသန်းမြင့်ကလည်း “တကယ်တက်ရမယ့်ကျောင်းက စရိုက်တွေစုံတယ်။ ကလေးကိုမတတ်သင့် တာတွေ တတ်မှာစိုးလို့ တခြားကျောင်းမှာထားလိုက်တယ်။ ငါးသောင်းတော့ပေးရတယ်။ ဒါကကိစ္စမရှိ ပါဘူး။ ကလေးရှေ့ရေးအတွက်ပါပဲ” ဟုဆိုသည်။

ယင်းကဲ့သို့မြို့နယ်၊ ရပ်ကွက်တစ်ခုတည်းတွင် ဖွင့်လှစ်ထားသည့် ကျောင်းများ၏ရလဒ်၊ နာမည်ရခြင်း၊ ကျောင်းဝန်းကျင် စသည်တို့ကလည်းနယ်ကျော် ကျောင်းအပ်နှံသည့်ကိစ္စများကို ပေါ်ပေါက်စေသည့် အခြေခံအချက်များဖြစ်နေသည်ကို တွေ့ရသည်။

“ကျောင်းတိုင်းက ကောင်းနေရင်တော့ ဒါကပြောစရာပေါ့။ အခုဟာကကျောင်းတိုင်းက စံချိန်မမီတော့ ဘယ်မိဘမဆို တတ်နိုင်ရင်ကိုယ့်ကလေးကို ကျောင်းကောင်းမှာပဲ ထားချင်ကြမှာပေါ့။ ဒါကဖြစ်သင့်ပါ တယ်” ဟု အငြိမ်းစားပညာရေးဝန်ထမ်းတစ်ဦးဖြစ်သည့် ဒေါ်နီနီမြင့်က ပြောသည်။

ယင်းသို့နယ်ကျော်ကျောင်းအပ်ကြရာတွင် အသိမိတ်ဆွေများ၊ ဆရာ၊ ဆရာမများ၏ အကူအညီများ အပြင် ကြားပွဲစားများပါရှိနေသည်ဟုလည်း ကြားသိနေကြရသည်။

ဗဟန်းမြို့နယ်ရှိ နာမည်ကြီးကျောင်းကနယ်ကျော် ကျောင်းအပ်ခြင်းအား အလှူငွေ ကျပ် ၂ သိန်းနှုန်း ဖြင့် လက်ခံပေးနေသည်ဟုလည်း ယင်းကျောင်းအသိုင်းအဝိုင်းမှ စုံစမ်းသိရသည်။

“တရားဝင်တောင်းတာမျိုးတော့ မဟုတ်ဘူးပေါ့လေ။ ဒါက ထုံးစံလိုဖြစ်နေတာ။ ကျောင်းသားမိဘတွေ ကလဲ ပေးရမယ်ဆိုတဲ့အသိနဲ့ပေးကြတယ်။ ကျောင်းအုပ်ကြီးကလက်ခံပေးနေတာပေါ့” ဟု အဆိုပါ ကျောင်းနှင့်နီးစပ်သူ မမေမွန်ကဆိုသည်။

နယ်ကျော် ကျောင်းအပ်ခြင်းများကို အသိသာစေဆုံးအချက်ကို ပြရမည်ဆိုလျှင် ကျောင်းဖွင့်ချိန်များ၌ ယင်းနာမည်ကြီးကျောင်းများ၏ရှေ့တွင် ရပ်နားထားသည့်ကျောင်းကားများ သွားရာလမ်းကြောင်းကို ကြည့်လျှင်သိနိုင်မည်ဖြစ်သည်။

“ဥပမာ ကျောင်းကမြို့ထဲမှာဆိုပေမယ့် ကျောင်းကားတွေရဲ့ရှေ့မှာ ကပ်ထားတဲ့လမ်းကြောင်းပြစာမှာ လှိုင်သာယာ၊ မြောက်ဥက္ကလာ၊ ရွှေပြည်သာစသဖြင့်တွေ့ရတယ်။ အဲဒီဘက်က ကလေးတွေက ဒီကို လာတက်ကြတယ်ဆိုကတည်းက နယ်ကျော်ကျောင်းအပ်ထားကြတာ ဘယ်လောက်များသလဲဆိုတာ သိနိုင်တယ်” ဟု မမေမွန်ကဆက်လက်ပြောသည်။

အဆိုပါကိစ္စရပ်များမှာ ကျောင်းအားလုံးတွင် ပေါ်ပေါက်နေခြင်းမဟုတ်ဘဲ နာမည်ကြီးစာရင်းဝင်မဟုတ် သည့် ကျောင်းအများစုမှာမူ ပုံမှန်အတိုင်းပင် ကျောင်းအပ်လက်ခံနေကြကြောင်း သိရသည်။

“လကုန်ခါနီးဆိုတော့ လက်ထဲမှာပိုက်ဆံသိပ်မရှိတော့ဘူး။ ကလေးနှစ်ယောက် ကျောင်းအပ်ဖို့ရှိတယ်။ ကျောင်းအုပ်ကြီးကလဲ လာအပ်ဖို့ခေါ်တယ်။ ဒါနဲ့သွားအပ်တယ်။ ဘာမှမတောင်းပါဘူး။ စာရင်းသွင်းပြီး ကျောင်းကပေးတဲ့စာအုပ်စာတမ်းတွေယူပြီးပြန်လာရုံပဲ” ဟု တာမွေမြို့နယ်တွင်နေထိုင်သည့် မူလ တန်းကျောင်းသားနှစ်ဦး၏ ဖခင်ဖြစ်သူကိုအောင်ကျော်က ဆိုသည်။

ကျောင်းသားမိဘများသည် သားသမီးများအား အဆင့်တစ်ခုရှိသည့်သူများ စုစည်းသည့်နေရာတွင် မိမိတို့၏သားသမီးများကို ရှိစေချင်သည့်အတွက် အဓိကထားပြီး နယ်ကျော်ကျောင်းအပ်မှုများကို ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

အင်းစိန်မြို့နယ်မှ ကျောင်းသူတစ်ဦး၏ ဦးလေးဖြစ်သူကိုမြင့်သန်းက “နာမည်ကြီးကျောင်းတစ်ခုမှာကျ တော့ အနေအထားတစ်ခုရှိတဲ့ မိဘတွေရဲ့သားသမီးတွေလာထားကြတယ်။ သူတို့တွေက သူတို့အနေ အထားနဲ့အညီဖြစ်အောင် သားသမီးတွေကို သွန်သင်ထားကြတယ်။ အဲ့ဒီအတွက် ကိုယ့်သားသမီးကို အဲ့ဒီမှာထားရင် ပတ်ဝန်းကျင်ကောင်းမယ်လို့ ယူဆတယ်။ ကိုယ့်နယ်ကကျောင်းမှာထားရင် အဲ့ဒီမှာက လူစုံတယ်။ အတတ်ပေါင်းစုံနဲ့ဆိုတော့ ကိုယ့်သားသမီးထားမိရင် ကိုယ့်သားသမီးက အနည်းဆုံးတော့ ဆဲတတ်လာမှာ။ ဒါကြောင့်နာမည်ရှိတဲ့ကျောင်းတွေကို စုံစမ်းတယ်။ အဓိကက အဲ့ဒီကျောင်းတွေမှာ တက်ခွင့်ရဖို့ပဲ။ ပိုက်ဆံကိုလဲ ဆရာတွေကတောင်းတာမဟုတ်ဘူး။ ကိုယ်ထားတဲ့ကျောင်းတက်ခွင့်ရလို့ ကိုယ်ကိုယ်တိုင်ကျေကျေနပ်နပ်ပေးတာ” ဟုဆိုသည်။

နာမည်ကြီးကျောင်းအချို့သည် ယခုပညာသင်နှစ်ကျောင်းအပ်လက်ခံရာတွင် ကျောင်းအတွက်လိုအပ် သည်များကို ထောက်ပံ့ရန်ပြောဆိုကာ ကျောင်းအပ်လက်ခံမှုများရှိနေကြောင်း သိရသည်။

ဗဟန်းမြို့နယ်မှ ကျောင်းအုပ်တစ်ဦးက “ဆရာမတို့ကပိုက်ဆံလဲ မကောက်ဘူး။ အလှူငွေလဲ မကောက်ဘူး။ ကျောင်းအတွက်လိုအပ်တာလေးရှိရင် ထောက်ပံ့ခိုင်းတာလောက်ပဲရှိတယ်။ ဆရာမတို့ ကျောင်းမှာနယ်ကျော် ကျောင်းအပ်တာတွေကတော့ အများကြီးပဲ။ တချို့ဆို လှိုင်သာယာလောက်က လာအပ်ကြတယ်” ဟုပြောသည်။

အဆိုပါကိစ္စရပ်များမှာ နှစ်ဦးနှစ်ဖက် အဆင်ပြေနေစေသည့်အတွက် မကျေနပ်၍ တိုင်ကြားခြင်းမျိုးများ မရှိသေးကြောင်း သိရသည်။

“မိဘတွေကိုယ်တိုင်က လိုလိုချင်ချင်ပေးနေကြတဲ့အတွက်ကြောင့် ဘာအသံမှ သိပ်မထွက်တာ။ ဒီကျောင်းအပ်နှုန်းထားတွေ တဖြည်းဖြည်းပိုပိုမြင့်လာတယ်ဆိုရင်တော့ တိုင်တာတွေဘာတွေရှိလာနိုင် တယ်” အငြိမ်းစားပညာရေးဝန်ထမ်း ဒေါ်နီနီမြင့်ကပြောသည်။

နယ်ကျော်ကျောင်းအပ်မှုများတွင် ကျောင်းသားမိဘများငွေကုန်ကြေးကျများနေရသည်မှာ ပညာရေး စနစ်သည် တန်းတူမဖြစ်ဘဲ၊ မိဘများ၏လိုအင်များအပေါ်တွင် ဆရာများကအသုံးချနေခြင်းအတွက် ယင်းကိစ္စများဖြစ်နေသည်ဟု ပညာရေးကျွမ်းကျင်သူအချို့က ပြောသည်။

“ဒီလိုနာမည်ကြီးကျောင်းတွေကို မိဘတွေကငွေကုန်ကြေးကျခံပြီး နယ်ကျော်အပ်တာက အခုနောက် ပိုင်းရည်ရွယ်ချက်က ကောင်းတယ်။ အောင်ချက်ကောင်းတဲ့ကျောင်းတစ်ကျောင်းကိုတက်ပြီး ဘယ် ကျောင်းကပါဆိုတဲ့ ဂုဏ်တစ်ခုကြောင့်သာ ဒီလိုဖြစ်နေတာ။ ပြီးတော့ ကျောင်းသားဟောင်းတွေ့ဆုံပွဲ တွေမှာ ဘယ်ကျောင်းကထွက်တာပါ။ အခုဗိုလ်မှူးကြီး၊ ကုမ္ပဏီပိုင်ရှင်ဖြစ်နေပြီဆိုတဲ့အချက်တွေနဲ့ ဆက်စပ်ပြီး ဒီလိုအကြောင်းအရာတွေကဖြစ်လာတာ။ အခုသတင်းထွက်နေတဲ့ တစ်သိန်းနှစ်သိန်း ထက်ပိုပေးနေရတာတွေတောင် ရှိပါတယ်။ တိုင်မယ်ဆိုရင် အချက်အလက်နဲ့တိတိကျကျ တိုင်နိုင်မှပဲ အရေးယူဆောင်ရွက်ပေးလို့ရမယ်” ဟုဗဟန်းမြို့နယ်ပညာရေးမှူးရုံး တာဝန်ရှိသူတစ်ဦးကပြောသည်။

လက်ရှိအချိန်သည် ကျောင်းအပ်နှံရေး ရက်သတ္တပတ်စတင်နေသည့် အချိန်ပင်ရှိသေးသည်။ ယခုဖော် ပြခဲ့သည့် အကြောင်းအရာများမှာ ယင်းကာလအတွင်း၌ ကြားသိခဲ့ရသည့် အဖြစ်အပျက်များထဲမှ အချို့ပင်ဖြစ်သည်။ ထပ်မံ၍မည်ကဲ့သို့သော အကြောင်းအရာအဖြစ်အပျက်များ ကြားသိရမည်ကို စောင့်ကြည့်ကြရမည်ဖြစ်သည်။

Democracy Today Daily
မေလ (၂၈) ရက်၊ ၂၀၁၄ ခုနှစ်
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...