လူငယ်နှင့် အခွင့်အလမ်း



အခွင့်အရေး (Chance) နဲ့အခွင့်အလမ်း (Opportunity) ဆိုတဲ့စကားနှစ်လုံးဟာ တူသလိုလိုနဲ့ အတိ အကျတော့ မတူဘူးလို့ ယူဆပါတယ်။ အခွင့်အရေးဆိုတာ သူများပေးမှ ရတာဖြစ်ပြီး၊ အခွင့်အလမ်းက တော့ ကိုယ်တိုင် ဖန်တီးယူလို့ ရတယ်လို့ မှတ်ယူနိုင်ပါတယ်။ လောကကြီးမှာရှိတဲ့ လူသားတွေအားလုံး ဘယ်လောက်ပဲ ကံမကောင်းတဲ့ သူဖြစ်ပါစေ။ အခွင့်အရေး တစ်ကြိမ်လောက်တော့ ရနိုင်ပါတယ်။

တစ်ကြိမ်ထက် ပိုရင်လည်း ပိုမယ်။ လူတိုင်းဟာ ဘဝတစ်လျှောက်လုံးမှာ အနည်းဆုံးတော့ တစ်ကြိမ် လောက်ရနိုင်ပါတယ်။ အဲဒီတစ်ကြိမ်ကို အမိအရဖမ်းဆုပ်နိုင်ဖို့လိုပါတယ်။ အဲဒီလိုဖမ်းဆုပ်နိုင်ဖို့ဆိုရင် ကိုယ်က အဆင်သင့်ဖြစ်နေဖို့ လိုပါတယ်။ အခွင့်အရေးက ဘယ်အချိန်မှာရောက်လာမယ် ဆိုတာတော့ မသိနိုင်ပေမယ့် ကိုယ့်ဘက်က အမြဲတမ်းပြင်ဆင်နေဖို့ လိုပါတယ်။ အားကစားသမားတွေလိုပဲ ကစားပွဲ ရောက်မှ ထပြီးကစားလို့မရပါဘူး။ အမြဲတမ်းလေ့ကျင့်နေဖို့ လိုပါတယ်။

အခွင့်အလမ်းကို ကိုယ်ဘယ်လိုဖန်တီးမလဲ။ ဒါကလည်း တကယ်လုပ်နိုင်ရင် တကယ်ဖြစ်ပါတယ်။ ကိုယ်ဘာလုပ်ချင်လဲ သိဖို့လိုပါတယ်။ ကိုယ်လုပ်ချင်တဲ့အလုပ် တစ်နည်းပြောရရင် ကိုယ်ရပ်တည်ချင် တဲ့ Professional Career ကိုလုပ်ငန်းခွင် မဝင်ခင်ကတည်းက ကြိုတင်ရွေးချယ် ထားသင့်ပါတယ်။ ကိုယ့် အနာဂတ်အတွက် မျှော်လင့်ချက်အိပ်မက်ကို တစိုက်မတ်မတ် ဆက်မက်နေဖို့ လိုပါတယ်။

လေထဲမှာ တိုက်အိမ်ဆောက်လို့ မရဘူးလို့ပြောကြပေမယ့် ကမ္ဘာပေါ်မှာဖြစ်ပေါ်လာတဲ့ တီထွင်ဖန်တီး မှုတွေအားလုံးဟာ စိတ်ကူးကမှ အစပြုကြတာပါ။ စိတ်ကူးမှာ ပုံဖော်တတ်တဲ့ အသိဉာဏ်လို့ခေါ်နိုင်တဲ့ Spatial Visual Intelligence ကို အခြေခံပညာကျောင်းတွေက ပုံဖော်လေ့ကျင့်ပေးဖို့လည်း လိုအပ်ပါ တယ်။ စိတ်ကူးမှာ ပုံဖော်တတ်တဲ့ အသိဉာဏ် အားကောင်းတဲ့သူတွေက ကြီးကျယ်တဲ့ တီထွင်မှုတွေကို ကမ္ဘာကြီးအတွက် လက်ဆောင်ပေးခဲ့ကြပါတယ်။

ကိုယ်ရှင်သန်နေတဲ့ Professional Career ကို သေသေချာချာရင်ထဲ ကိန်းနေပြီဆိုရင် အဲဒီ့မျှော်လင့် ချက်အိပ်မက် တကယ်အကောင်အထည် ပေါ်လာဖို့အတွက် အဲ့ဒီ Career နဲ့ ပတ်သက်တာကိုပဲ လေ့ လာဆည်းပူးဖို့ လိုပါတယ်။ လုပ်ငန်းခွင်ကို မရောက်ခင်ကတည်းက သေသေချာချာ လေ့လာဆည်းပူး လေ့ကျင့်နေဖို့ လိုအပ်ပါတယ်။

‘ပွဲမဝင်ခင် အပြင်ကကျင်းပ’ စကားလိုပဲ လုပ်ငန်းခွင်ရောက်မှ လေ့လာမယ်ဆိုတာထက် လုပ်ငန်းခွင် မရောက်ခင်ကတည်းက ကိုယ်လုပ်ချင်တဲ့အလုပ်ကို ကျွမ်းကျွမ်းကျင်ကျင်ဖြစ်အောင် လေ့ကျင့်ထားဖို့ လိုပါတယ်။ ဆိုလိုသည်မှာ ဂီတကို စိတ်ဝင်စားတယ်ဆိုရင်လည်း ဂီတနဲ့ပတ်သက်တဲ့ ကိုယ်ကြိုက်တဲ့ ကိုယ့်မှာလည်း Talent ရှိတဲ့ Music Trand ကိုသေသေချာချာ ဆက်တိုက်လေ့လာပြီး အမြဲတမ်းလေ့ ကျင့်နေဖို့ လိုပါတယ်။

ဒီနေ့ခေတ်မှာ အခွင့်အလမ်းတွေ အများကြီးရှိနေပါတယ်။ ဂီတနဲ့ပတ်သက်တဲ့ လမ်းကြောင်းဆိုရင် အရင်တုန်းက ဆိုကြမယ်။ ပျော်ကြမယ် တစ်ခုတည်းမှာပဲ ကိုယ့်ရဲ့ Talent ကို ထုတ်ဖော်ခွင့်ရနိုင်ပေ မယ့်အခုအချိန်မှာ သံစဉ်များနှင့်ကမ္ဘာ၊ ဂီတတံခါးလေးဖွင့်ပါဦး၊ ဆိုလိုက်ကြစို့၊ အိပ်မက်ဆုံရာစတဲ့ Platform တွေပိုများလာနေပါပြီ။

ကျန်တဲ့ နယ်ပယ်တွေမှာလည်း ဒီအတိုင်းပါပဲ။ တက္ကသိုလ်ဝင်တန်းအောင်ပြီ၊ ကျောင်းပြီးပြီဆိုတာနဲ့ ခေတ်ကာလအလိုက် Demand များတဲ့၊ လူပြောများတဲ့ အကြောင်းအရာတွေမှာ အာရုံမများဘဲ ကိုယ်လုပ်ချင်တာကို တစိုက်မတ်မတ်လေ့လာပြီး အဲဒီအလုပ်နဲ့ပတ်သက်တဲ့ အခွင့်အလမ်းကိုပဲ အမိ အရဖမ်းဆုပ်နိုင်အောင် ကြိုးစားဖို့လိုပါတယ်။ အရင်တုန်းက တက္ကသိုလ်ဝင်တန်းအောင်ပြီဆိုတာနဲ့ ရန်ကုန်စက်မှုတက္ကသိုလ်ကိုပဲ မိဘတွေ၊ ပတ်ဝန်းကျင်အသိုင်းအဝိုင်း၊ ဆွေမျိုးတွေကတက်စေချင်ကြပါ တယ်။

ဆေးတက္ကသိုလ်ဆိုလည်း အားလုံးက ဝိုင်းဆေးချင်ကြပါတယ်။ ဒီလိုပဲရေကြောင်းဆိုတော့လည်း အားလုံးရေကြောင်း၊ အယ်လ်စီစီအိုင်ဆိုလည်း အားလုံးကဝိုင်းပြီး အယ်လ်စီစီအိုင်ချင်ကြပြန်ပါတယ်။ အမ်ဘီအေ၊ အိပ်(ခ်ျ) အာ၊ ဟိုတယ်၊ ဆေးဝါးကျွမ်းကျင်စသည် စသည်ဖြင့် ခေတ်ရဲ့လွှမ်းမိုးမှု၊ ပတ်ဝန်း ကျင်ရဲ့လွှမ်းမိုးမှုတွေကြောင့် သင်တန်းမျိုးစုံတွေတက်ပြီး ဘွဲ့တွေ၊ ဒီပလိုမာတွေ၊ စုဆောင်းရင်းနဲ့ ဟိုဟာလုပ်ရင်ကောင်းနိုးနိုး၊ ဒီဟာလုပ်ရင်ကောင်းနိုးနိုး၊ ဟိုဟာလည်းတတ်သလိုလို၊ ဒီဟာလည်း တတ်သလိုလို၊ နောက်ဆုံးတော့ ဘာမှသေသေချာချာ ရေရေရာရာမတတ်ဘဲ ဘာလုပ်လို့လုပ်ရမှန်း မသိဖြစ်တတ်ကြပါတယ်။

ဒီနေရာမှာ ပုံပြင်လေးတစ်ပုဒ်ကို ဥပမာပေးချင်ပါတယ်။ တစ်ခါကမြင်းရယ်၊ ငှက်ရယ်၊ ငါးရယ်၊ ဘဲ တစ်ကောင်ရယ် တောအုပ်တစ်အုပ်ထဲမှာ ရှိကြပါတယ်။ အဲဒီအထဲမှာ ဘဲကသူဟာပြေးလည်းပြေး တတ်တယ်။ ပျံလည်းပျံနိုင်တယ်။ ရေလည်းကူးနိုင်တယ်ဆိုပြီး ဘက်စုံတက်တဲ့ သူတစ်ယောက်အဖြစ် သူ့ကိုယ်သူ အထင်တွေကြီးနေပါတယ်။ ဒါပေမဲ့ ပြေးတော့လည်း မြင်းလောက်မပြေးနိုင်။ ပျံတော့လည်း ငှက်လောက်မပျံနိုင်။ ရေကူးတော့လည်း ငါးလောက် မကျွမ်းကျင်ဘူးလို့ သူ့သူငယ်ချင်းတွေက ပြောကြ တယ်။

ဘက်စုံသိတယ်ဆိုတာ ကောင်းပါတယ်။ ဒါပေမဲ့ တစ်ခုခုကိုတော့ ကျွမ်းကျင်ဖို့လိုပါတယ်။ ဗဟုသုတအ တွက် အရာရာကိုသိအောင်လေ့လာရမှာ မှန်ပါတယ်။ အသုံးချဖို့အတွက်တော့ တစ်ခုခုကို သေသေချာ ချာ တတ်ကျွမ်းအောင် ပြင်ဆင်ထားရပါမယ်။

အဲဒါဆိုရင် ကိုယ်ကျွမ်းကျင်တဲ့ အချိန်မှာ ကိုယ့်တတ်ကျွမ်းတဲ့ ပညာရပ်အတွက် အခွင့်အလမ်းဆိုတာ သေချာပေါက် ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာပါလိမ့်မယ် . . . . . ။ အခွင့်အလမ်းကို အမိအရ ဖမ်းဆုပ်နိုင်ဖို့ဆိုရင် အဆင်သင့်ဖြစ်နေဖို့ လိုပါတယ်။

‘လူငယ်တိုင်း အခွင့်အလမ်းကို ကိုယ်တိုင် ဖန်တီးနိုင်ကြပါစေ . . . .။ ။ 


စံတော်ချိန်သတင်းစာ
ဇွန် (၁) ရက်၊ ၂၀၁၄ ခုနှစ်
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...