ခေါင်းဆောင်မှု
မြန်မာပြည်သူလူထုက ခေါင်းဆောင် မျှော်တယ်ဆိုတာ မဆန်းပါဘူး။ အထူးသဖြင့် အဖိနှိပ်ခံဖြစ်ရတဲ့ အချိန်တွေမှာ လူထုက မျှော်လင့်ချက်တွေ နည်းလာတယ် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အားနည်းလေလေ သူတို့ကို ဦးဆောင်မယ့် ခေါင်းဆောင်တွေ အပေါ်မှာပိုပြီး အားကိုးတတ်ကြပါတယ်။ ဒါကြောင့် အကျပ်အ တည်းဖြစ်တဲ့ အချိန်တွေမှာ ခေါင်းဆောင်ဆိုတာ ပေါ်လာတတ်ကြပါတယ်။
ဒါပေမဲ့လူထုရဲ့ ခေါင်းဆောင်တွေ အပေါ်မှာ ယုံကြည်အားကိုးမှုကတော့ တရားသေ မဟုတ်ပါဘူး။ ခေတ်စနစ်အပြောင်းအလဲ၊ လူထုရဲ့ လိုအပ်ချက်အပြောင်းအလဲ၊ တန်ဖိုးထားမှု အပြောင်းအလဲတွေပေါ် မူတည်ပြီး ခေါင်းဆောင်အပေါ်မှာ လူထုရဲ့ အမြင်ကလည်း ပြောင်းလဲရွေ့ လျားတတ်ကြပါတယ်။ ဘယ် လို ပဲဖြစ်ဖြစ် ခေတ်စနစ်အပြောင်း အလဲကို လုပ်ကြတဲ့အခါမှာ ခေါင်းဆောင်တွေရဲ့ အခန်းကဏ္ဍက အများကြီး အရေးကြီးပါတယ်။ ခေါင်းဆောင်တွေရဲ့ အရည်အ သွေးလုပ်ဟန်တွေအပေါ် မူတည် ပြီး ထွက်လာတဲ့ ရလဒ်တွေက ကွဲ ပြားလေ့ရှိပါတယ်။
နိုင်ငံတကာဖြစ်စဉ်တွေကို ကြည့်ရင် လူထုအပေါ် သြဇာရှိ အာဏာရှိပြီး အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်တဲ့ ခေါင်းဆောင်တွေမှာ အဓိက အရည်အသွေး လေးမျိုးသွားတွေ့ရတယ်။ တချို့ခေါင်းဆောင်တွေ မှာ အဲဒီ အရည်အသွေးတွေ အကုန်ရှိပါတယ်။ တချို့ကတော့ ဒီအရည်အသွေးအားလုံးတော့ မပိုင်ဆိုင်ပါ ဘူး။ ဒါပေမဲ့ခေါင်းဆောင်ဖြစ်လာရင် ဒီလေးခုထဲက တစ်ခုတော့ အနည်းဆုံးရှိကြတယ်။
ပထမတစ်ခုက ‘‘နိုင်ငံရေး အရ ခေါင်းဆောင်နိုင်မှု’’ (Polit-ical Leadership) လို့ဆိုမယ်။ ဒါကတော့ နိုင်ငံရေးအရ ဘယ် လောက်ကိုယ်စားပြုနိုင်မလဲ ဆိုတဲ့အချက်ပဲ။ ဒါ့အပြင် အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ ကို ချနိုင်တဲ့ သူ လည်းဖြစ်ဖို့လိုတယ်။ လူကောင်း၊ လူဆိုးမဆိုင်ဘူး။ ခေါင်းဆောင်က နောက်လိုက်တွေ အပေါ် အရေးကြီးတဲ့ ဆုံးဖြတ်ချက် မူဝါဒပေးနိုင်တဲ့သူ ဖြစ်ဖို့လိုတယ်။ သမ္မတ အိုဘားမားဟာ အမေရိကန်ပြည် ထောင်စုအတွက် နိုင်ငံရေး ခေါင်း ဆောင်ဖြစ်သလို အိုစမာဘင်လာ ဒင်ကလည်း အယ်လ်ကိုင်ဒါ အကြမ်းဖက်ကွန်ရက်ရဲ့ နိုင်ငံရေး ဦးဆောင်သူဖြစ်တယ်။ နိုင်ငံရေး ဦးဆောင်မှုဟာ ခေါင်းဆောင်မှု ရဲ့ အက္ခရာပဲ။ ဒါမရှိရင် မူဝါဒအရ ခေါင်းဆောင်မှုပေးဖို့ခက်သွားပြီ။ ပဋိပက္ခတွေထဲမှာ ခေါင်းဆောင် သူတွေဟာ အနည်းဆုံးတော့ နိုင်ငံရေးဦးဆောင်မှုပေးနိုင်ဖို့လိုတယ်။အခြေခံအားဖြင့် မူဝါဒ ချမှတ်နိုင်တဲ့ခေါင်းဆောင်မှုဖြစ်ဖို့လိုတယ်။
ဒုတိယဦးဆောင်မှုက MoralLeadership လို့ပြောတဲ့ အများ က လက်ခံထားတဲ့ တန်ဖိုးတွေ အပေါ်မှာ ရပ်တည်ထားတဲ့ နှုန်းစံအခြေပြု ကျင့်ဝတ်အရ ဦးဆောင်နိုင်မှုဖြစ်တယ်။ လူအများစုရဲ့ တန်ဖိုးထားတဲ့ အချက်တွေ အပေါ်မှာ ကျင့်ဝတ်အရ ဦးဆောင်နိုင်တဲ့ နှုန်းစံအခြေပြုခေါင်းဆောင်မှုရဲ့ အဓိကအရည်အ ချင်းကတော့ သူ့ရဲ့ စေတနာအပေါ်မှာ နောက်လိုက်တွေက သံသယမရှိကြတာဖြစ်တယ်။ ဥပမာ မြန် မာပြည်မှာဆို လူထုအနေနဲ့ အနစ်နာခံတယ်ဆိုတာကို တန်ဖိုးထားတယ်။ ဗိုလ်ချုပ်အောင်ဆန်းက ဘာမှ ပိုင်ဆိုင်မှုမရှိဘဲ ဆင်းဆင်းရဲရဲနဲ့ နိုင်ငံရေးလုပ်ခဲ့တဲ့ အပေါ်မှာ တန်ဖိုးထားကြတယ်။ ဒီလိုခေါင်းဆောင်မျိုး ရဲ့ စေတနာကို အများက လေးစားတန်ဖိုးထားကြတယ်။ အမေရိကန်လို နိုင်ငံမျိုးမှာတော့ နိုင်ငံရေးခေါင်း ဆောင်တွေ ဆင်းဆင်းရဲရဲ နေတယ်ဆိုတာကို လူထုက သိပ်တန်ဖိုးမထားကြပါဘူး။ မတူတဲ့ လူ့အဖွဲ့အ စည်းမှာ မတူညီတဲ့ တန်ဖိုးတွေအပေါ် စံနှုန်းတွေကလည်း ကွဲပြားပါတယ်။ လူထုရဲ့ စံနှုန်းနဲ့ ကိုက်တဲ့ ခေါင်းဆောင်ရဲ့ ရပ်တည်ချက်အပေါ်မှာ လေးစားတယ်။ ဒီလိုခေါင်းဆောင်မျိုးပြောတဲ့ စကားကို အများစု က တန်ဖိုးထားတယ်။ သိက္ခာကျင့်ဝတ်အရ ဦးဆောင်မှုပေးနိုင်တဲ့ သူဟာ အများရဲ့ အကျိုးစီးပွားအတွက် ပြောတယ်၊ လုပ်တယ်ဆိုတဲ့ အမြင်ရှိကြတယ်။ ဒီလိုခေါင်းဆောင်မျိုးနဲ့ပတ်သက်ရတဲ့ အပေါ်မှာ ဂုဏ်ယူကြ လေ့ရှိတယ်။ လူအများစုရဲ့တန်ဖိုးထားတဲ့ သိက္ခာကျင့်ဝတ်တွေကို ဒီခေါင်းဆောင်မှာ ရှိတယ်ဆိုတဲ့ အမြင် ရှိကြတယ်။ မြန်မာ့သမိုင်းကို ကြည့်ရင် ဆရာကြီးသခင်ကိုယ်တော်မှိုင်းဟာ Moral Leader ဆိုတဲ့ နူန်းစံ အခြေပြုခေါင်းဆောင်တစ်ယောက်ဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း လူထုအများစုက ဒီလိုမြင် ကြတာဖြစ်တယ်။
တတိယဖြစ်တဲ့ ဦးဆောင်မှု ကတော့ Strategic Leadership လို့ဆိုတဲ့ မဟာဗျူဟာအရ ဦးဆောင်နိုင်မှု ဖြစ်တယ်။ အထူးသဖြင့် ပဋိပက္ခတွေဖြစ်တဲ့အခါမှာ မိမိဘက်ရဲ့ ရည်မှန်းချက်ကို ဘယ်လိုရအောင် ယူမယ် ဆိုတဲ့ နည်းနာနိဿယမဟာဗျူဟာကို ချမှတ်နိုင်တဲ့ ခေါင်းဆောင်မှုဖြစ်တယ်။ မဟာဗျူဟာချမှတ်ရာမှာ ကိုယ့်ရဲ့ နောက်လိုက် နောက်ပါ တွေကိုလည်း ခေါင်းဆောင်မှုက ဘယ်လမ်းကြောင်းကို သွားနေတယ်၊ ဘယ် နည်းလမ်းနဲ့ ရှေ့ဆက်နေတယ်၊ ရလဒ်တွေက ဘာဖြစ်မယ်စတဲ့ အချက်တွေကို နောက်
လိုက်တွေ သိနိုင်အောင် ရှင်းပြ နိုင်တဲ့ ခေါင်းဆောင်မှုဖြစ်တယ်။ ကိုယ့်ကို ထောက်ခံသူတွေကို မိမိရဲ့ မဟာဗျူဟာကို ရှင်းရှင်းလင်းလင်းနဲ့သိအောင် ရှင်းပြနိုင်ဖို့လို တယ်။ မဟာဗျူဟာတစ်ခုမှန်၊ မမှန်ဆိုတာ ရုပ်လုံးပေါ်ဖို့ အချိန် တစ်ခုလိုပါတယ်။ ဒါပေမဲ့ မဟာဗျူဟာကို နောက်လိုက်တွေက မသိရင် ရှိတဲ့မဟာ ဗျူဟာအပေါ် ယုံကြည်မှုအားနည်းရင် လှုပ်ရှားမှုတွေဟာအားပျော့သွားလေ့ရှိပါတယ်။
ဥပမာအားဖြင့် ရှစ်လေးလုံး လူထုအုံကြွမှုဖြစ်ပြီး တပ်မတော်က အာဏာသိမ်းလိုက်ပြီးနောက်မှာ တက်ကြွ လှုပ်ရှားသူတွေ လက် နက်ကိုင်တော်လှန်ရေးလုပ်ဖို့ဆို ပြီးနယ်စပ်ကိုထွက်ခဲ့ကြပါတယ်။
ဒီလိုထွက်ခဲ့ကြတဲ့ ကျောင်း သားလူငယ်တွေအနေနဲ့ လက် နက်ကိုင်တော်လှန်ရေးဆိုတာကို သိလို့ နား လည်လို့တော့ မဟုတ် ပါဘူး။ လွတ်လပ်ရေးအတွက် ကြိုးပမ်းလှုပ်ရှားခဲ့စဉ်အခါက ရဲ ဘော်သုံးကျိပ်ကို ဂျပန်လွှတ်ပြီး စစ်ပညာသင်၊ မြန်မာပြည်ပြန် လာပြီး အင်္ဂလိပ်ကို တိုက်ထုတ်ခဲ့ တယ်ဆိုတဲ့အသိအပေါ်မှာ လူ ငယ်တွေက အားကျခဲ့ပါတယ်။ ရှစ်လေးလုံးလူထုအုံကြွမှုနှိမ်နင်း ခံရတဲ့ အပေါ်မှာ ငါတို့လည်း နယ် စပ်မှာ စစ်သင်တန်းတွေတက်ပြီး အစိုးရကို ဖြုတ်ချမယ်ဆိုတဲ့ အမြင်ဖြစ်လာတာက ရဲဘော်သုံး ကျိပ်ရဲ့ နိုင်ငံရေးသြဇာလွှမ်းမိုးခဲ့ တာကြောင့်လည်း ဖြစ်ပါတယ်။ လက်နက်ကိုင်တော်လှန်ရေး လုပ်မယ်ဆိုတဲ့ အကြောင်းရင်းထဲမှာ ကျောင်းသားလှုပ်ရှားမှုကို ချေမှုန်းခဲ့တဲ့ တပ်မတော်အစိုးရကို နာကြည်းတဲ့ ခံစား ချက်ကလည်း အရင်းခံတစ်ခုဖြစ်ပါတယ်။ ငါတို့ ဟာ သမိုင်းရဲ့ မှန်ကန်တဲ့ဘက်မှာ ရပ်နေတယ်ဆိုတဲ့ Moral Auth-ority ဆိုတဲ့ နှုန်းစံအခြေပြုတဲ့ ယုံ ကြည်မှုကြောင့်လည်းဖြစ်တယ်။ လက်နက်ကိုင်တော် လှန်ရေး ဖြစ်လာတဲ့အခါမှာ အဲဒီအချိန်က ခေါင်းဆောင်တွေက ကွန်မြူနစ် တွေချမှတ်ခဲ့တဲ့ ရေရှည်စစ် မဟာ ဗျူဟာဆိုတာကြီးကို ပုံတူကူးချခဲ့ ကြတယ်။ ပညာတတ်ကျောင်း သားအများစုက ဒါကိုမယုံကြဘူး။ တောထဲက အခက်အခဲဆင်းရဲ ဒုက္ခတွေ ရင်ဆိုင်ရတဲ့အခါမှာ တက္ကသိုလ်ကျောင်းသားအများစု က အဖွဲ့ အစည်းကထွက်ပြီး ဒုက္ခ သည်လျှောက်ခဲ့ကြတယ်။ ၁၉၉၃ လောက်မှာတင် သောင်းဂဏန်း ရှိခဲ့တဲ့ အင် အားတွေဟာ ထောင် ဂဏန်းပဲကျန်တော့တယ်။ လက် နက်ကိုင်ပဋိပက္ခရဲ့ အခြေခံဖြစ်တဲ့ ကျည်၊ လက် နက်၊ နည်းပညာ ဘယ်လိုရအောင်လုပ်ပြီး စစ်တိုက်မှာလဲဆိုတဲ့ အခြေခံကျတဲ့ မေးခွန်းတွေကို ခပ်ပေါ့ပေါ့ ပဲစဉ်းစားခဲ့တယ်။ ၈၈ နောက်ပိုင်း တောထဲရောက်ခဲ့တဲ့ ကျောင်းသားလှုပ် ရှားမှုဟာ မဟာဗျူဟာ ဦးဆောင် မှုအပိုင်းမှာ အားနည်းခဲ့တယ်။ ခေါင်းဆောင်တွေက မဟာဗျူဟာကို စနစ်တကျ မချမှတ်နိုင်ခဲ့ သလို နောက်လိုက်တွေ လက်ခံသဘော ပေါက်တဲ့ မဟာဗျူဟာကိုလည်း ရှင်းပြနိုင်မှုအားနည်းခဲ့တယ်။
နယ်စပ်လှုပ်ရှားမှုတွေတင် မကပါဘူး။ ပြည်တွင်းက ဒီမိုက ရေစီအရေးလှုပ်ရှားမှုမှာလည်း မဟာဗျူဟာ ခေါင်းဆောင်မှုအား နည်းခဲ့ပါတယ်။ ဒီမိုကရေစီရေး လှုပ်ရှားကြတဲ့ အတိုက်အခံတွေ အနေနဲ့ ငါတို့ဟာ အမှန်တရား ဘက်ကရပ်တည်တယ်၊ မတရား တဲ့ အစိုးရကို တွန်းလှန်တယ်ဆို တဲ့ စိတ်ဓာတ်အခြေခံနဲ့ပဲ ရပ်တည်လှုပ်ရှားခဲ့ကြတာပါ။ ဒီမိုကရေစီအရေး ပြည်တွင်းလှုပ်ရှားမှုကို ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့မူဝါဒက ပြည်တွင်း၊ပြည်ပဒီမိုကရေစီလှုပ်ရှားသူတွေအတွက် ပင်မအူတိုင်ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ လှုပ်ရှားမှုက ရေရှည်ဖြစ်လာတဲ့အခါမှာ မူဝါဒသက်သက်နဲ့ မလုံလောက်ပါဘူး။ မဟာဗျူဟာဦးဆောင်မှုကို ချ မှတ်ပေးနိုင်ဖို့လိုပါတယ်။ ဘယ်လိုဘယ်ပုံနဲ့ ရည်မှန်းချက်ကို အရယူမယ်ဆိုတဲ့ နည်းနာနိဿယကို ဒီလှုပ် ရှားမှုထဲမှာ ထောက်ခံပါဝင်နေသူတွေကို နားလည်သိရှိအောင် ရှင်းပြနိုင်ရပါမယ်။ မဟာဗျူဟာဆိုတာ ကိုယ့်ရန်သူကိုတောင် မိတ္တူပေးလို့ရတယ်လို့ လေ့လာသူတွေက ပြောလေ့ရှိပါတယ်။ ဒါကြောင့် အမေရိကန် အစိုးရဆိုရင် နိုင်ငံတော်ရဲ့ ကာကွယ်ရေးမဟာဗျူဟာကိုလူထု အများသိနိုင်အောင် အမြဲတမ်း ထုတ်ပြန်လေ့ရှိပါတယ်။
အတိုက်အခံဘက်တင် မကဘူး။ အစိုးရဘက်မှာလည်း လက်ရှိအပြောင်းအလဲနဲ့ ပတ်သက်လာရင် မဟာဗျူဟာဦးဆောင်မှု အား နည်းနေဆဲဖြစ်တယ်။
အရင်ခေတ်ဟောင်းကနေ စနစ်သစ်ကို ပြောင်းတဲ့အခါမှာ ဘယ်ကစပြီး ဘယ်လိုလုပ်ရမယ်ဆိုတာကို အံဝင်ခွင်ကျမဖြစ်တဲ့ ပြဿနာလည်းပါတယ်။ နောက်တစ်ခုက မြန်မာပြည်ရဲ့ အလုပ်လုပ်တဲ့ ယဉ်ကျေးမှုက မဟာဗျူဟာအပေါ်မှာ အခြေခံပြီး စနစ်တကျလုပ်နိုင်တာအားနည်းတာကိုတွေ့ရတယ်။ အများစုက Ad Hoc ဆိုတဲ့ လတ်တလောလိုအပ်ချက်အပေါ်မှာ အခြေခံပြီး ပြင်ဆင်မှုသိပ်မရှိဘဲ ထလုပ်ကြတာများတယ်။ မဟာဗျူဟာရှိတဲ့ အခါမှာတောင် အကောင်အထည်ဖော်မှုမှာ အများကြီးအခက်အခဲရှိပါတယ်။ အပေါ်က ဘယ်လောက် ပေါ်လစီချချအောက်ခြေနဲ့ အလယ်အလတ်ပိုင်းမှာခေါက်ရိုးကျိုးနေတဲ့ ပြဿနာတွေရှိပါတယ်။ လက်ရှိ အစိုးရအနေနဲ့ အပြောင်းအလဲကို ဘယ်လိုမဟာဗျူဟာနဲ့ ဦးတည်သွားနေတယ်ဆိုတာကို လူထု သိလာအောင် လက်ခံလာအောင် ရှင်းပြနိုင်မှုအားနည်းနေဆဲဖြစ် တယ်။
စတုတ္ထဖြစ်တဲ့ ခေါင်းဆောင် မှုကတော့ Result Oriented လို့ဆိုတဲ့ ရလဒ်အခြေပြု ခေါင်းဆောင်မှုဖြစ်ပါ တယ်။ ခေါင်းဆောင်ဖြစ်တဲ့သူက သူ့ကို ထောက်ခံတဲ့လူထုရဲ့ အကျိုးစီးပွားအတွက် ရလဒ်ထွက်အောင် စွမ်းဆောင်နိုင်သူ တစ်ယောက်ဖြစ်ဖို့ လိုတယ်။ ဒီမိုကရေစီရေချိန်မြင့် လာတာနဲ့ အမျှလူထုဘက်က ခေါင်းဆောင်အပေါ်မှာ ထားရှိတဲ့ မျှော်မှန်းချက်တွေ ပြောင်းလာတယ်။ ဖိနှိပ်ခံရတယ်ဆိုတဲ့ အချိန်မှာ တော့ ဖိနှိပ်သူကို ဆန့်ကျင်ရုံ သက်သက်နဲ့ လူထုက ထောက်ခံကြတယ်။အဖြူအမည်းဖြစ်နေတဲ့ ပဋိပက္ခ အချိန်မှာ မှန်ကန်တယ် လို့ထင်တဲ့ဘက်ကနေပြီး လူထုကထောက်ခံကြတယ်။ ငါတို့ ထောက်ခံတဲ့သူတွေ အာဏာရခဲ့ရင်တော့ ငါတို့ပြဿနာတွေကို ဖြေရှင်းပေးနိုင်မယ်ဆိုတဲ့ အမြင်မျိုးအနည်းနဲ့ အများရှိကြတယ်။ ပဋိပက္ခအလွန်ကာလမှာတော့ လူထုက တောင်းဆိုမှုက ရလဒ်ဘာထွက်လဲ ဆိုတာအပေါ် အခြေခံလာ တယ်။ အထူးသဖြင့် ကိုယ်အားကိုးတဲ့ ခေါင်းဆောင်တွေ အာဏာရလာရင် သူတို့အပေါ်မှာ မျှော်လင့်ချက် တွေ ပိုကြီးလာတယ်။ ဒီမျှော်လင့်ချက်တွေအတိုင်း မဖြစ်လာခဲ့ရင်လူထုအနေနဲ့ ခေါင်းဆောင်တွေအပေါ် မှာ ထောက်ခံမှုလျော့ကျလာတာတွေလည်း တွေ့ရပါတယ်။
ဒီမိုကရေစီရေချိန်မြင့်လာ တဲ့ နိုင်ငံအများစုမှာ နိုင်ငံရေး ခေါင်းဆောင်တွေ ရွေးကောက်ပွဲ အတွက် မဲဆွယ်ရင် ငါဘယ် လောက်အနစ်နာခံပြီး ဆင်းဆင်း ရဲရဲနဲ့ နိုင်ငံရေးလုပ်ဖို့ ကြိုးစားရ တယ်ဆိုတာမျိုး မပြောကြဘူး။ ငါရွေးကောက်တင်မြှောက်ခံရရင် ဘယ်လိုရလဒ်ထွက်အောင် လုပ်မယ်ဆိုတဲ့ အချက်တွေ နဲ့ မဲဆွယ် တာပါ။ လူထုစိတ်ဝင်စားတာက အလုပ်အကိုင်အခွင့်အလမ်းတွေ များလာအောင် လုပ်နိုင်မ လား၊ စားဝတ်နေရေးပြဿနာတွေ တိုး တက်လာမလား၊ ကျန်းမာရေး စနစ်ကို ပိုကောင်းလာစေမလား၊ ပညာရေး ပိုတိုးတက်လာမလား စတဲ့ မေးခွန်းတွေဖြစ်တယ်။ အဲဒီအချိန်ကျရင် လူထုက ရလဒ်ထွက် အောင် လုပ်နိုင်တဲ့ ခေါင်းဆောင်မှုကို ပိုထောက်ခံလာ တယ်။ အဖြူအမည်းသက်သက် မဟုတ်တော့ဘူး။ ပဋိပက္ခလွန် အချိန်မျိုးမှာ လူထုရဲ့တောင်းဆိုမှုက ရလဒ်အပေါ်မှာ အခြေခံမှာဖြစ်တယ်။ ပဋိပက္ခ တွေကြာ လာရင်လည်း လူထုက ဘာအဖြေထွက်မှာလဲဆိုတဲ့ ရလဒ်ကို တောင်းဆိုလာကြမယ့် သဘောရှိတယ်။
မြန်မာပြည်လွတ်လပ်ရေး ရပြီးတဲ့ အချိန်ကစပြီး နိုင်ငံရေး အရ၊ ကျင့်ဝတ်သိက္ခာအရ၊ မဟာ ဗျူဟာအရ သာမက ရလဒ်အရ ရော ဦးဆောင်မှုပေးနိုင်တဲ့ ခေါင်း ဆောင်က ဗိုလ်ချုပ်အောင်ဆန်း တစ်ယောက်ပဲ ရှိသေးတယ်။ အခုဆို မြန်မာနိုင်ငံက ကြိုးတန်းလမ်းလျှောက်ရတဲ့ အပြောင်းအလဲကို ဖြတ်သန်းနေရချိန်ပါ။ လက်ရှိခေါင်းဆောင်တွေထဲက ဒီလိုခေါင်းဆောင်မှု လေးရပ်လုံးနဲ့ ပြည့်စုံတဲ့ ခေါင်းဆောင်တွေဖြစ် လာကြမယ်ဆိုရင် တိုင်းပြည်ရဲ့ အနာဂတ်အတွက် အများကြီး အားတက်စရာဖြစ်ပါလိမ့်မယ်။ တိုင်းပြည် ရဲ့ လိုအပ်ချက်အပေါ်မှာခေါင်းဆောင်အသစ်တွေလည်း ပေါ်ထွန်းလာလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။
(ဒေါက်တာမင်းဇော်ဦးသည် မြန်မာ့ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းဗဟိုဌာနတွင် အပစ်အခတ်ရပ် စဲရေးဆိုင်ရာ ဌာနမှူးအဖြစ် တာဝန်ယူလျက်ရှိသည်။ ဤဆောင်းပါးသည် ၎င်း၏ ပုဂ္ဂိုလ်ရေးအမြင်သာ ဖြစ်ပြီး မည်သည့်အဖွဲ့ အစည်းကိုမျှ ကိုယ်စားမပြုပါ)
7Day Daily
No.418 Monday, June 23, 2014
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
ကိုမျိုး (lwanmapyay.blogspot.com)