ရိုးရှင်းသော ဘ၀အဖော်



သူမ ပတ်ပတ်လည်တွင် မြင့်မားလှတဲ့ ဖိနပ်စင်ကြီးများက အစီလိုက်အတန်းလိုက် ရှိနေသည်။ သူမသည် စတိုးဆိုင်အကြီးစားတခုနီးပါးလောက် အရောင်စုံသော ဖိနပ်များ ကြားသို့ ရောက်နေသည်။ သူမ၏ မျက်စိရှေ့တည့်တည့်၊ သူမ၏ လက်ဝဲ လက်ယာ နေရာတိုင်းတွင် ပုံသဏ္ဍန်မျိုးစုံသော ဖိနပ်တွေချည်း ရှိနေသည်။ ဖိနပ်စင်ကြီးများသည် သူမတစ်ရပ်လောက် မြင့်ပြီး ထိုစင်များပေါ်မှာ ဖိနပ်များကို ခပ်ကျဲကျဲနှင့် ညီညီ စီထားသည်။ သူမသည် ထိုဖိနပ်စင်များ ကြားသို့ မည်ကဲ့သို့ ရောက်လာရသည်ကို မတွေး တတ်အောင်ပင် ဖြစ်နေသည်။ ယခုနေရာကို သူမ ဘာလာလုပ်သလဲ။ သူမသည် ယခုနေရာတွင် အရောင်းဝန်ထမ်းလား။ ထိုသိ့လည်း ဟုတ်ဟန်မတူ။ သူမက အလုပ်မလုပ်ဖူးသေးပေ။ ထိုသို့ဆိုလျှင် သူမက ဖိနပ် ၀ယ်ရန် ရောက်လာခြင်းလား။ စဉ်းစားရင်းနှင့် ငုံ့ကြည့်လိုက်တော့ သူမ လန့်သွားသည်။ သူမ ခြေထောက်တွင် ဖိနပ်မပါချေ။ ခြေဗလာ သက်သက်ပင်။ သူမ၏ ခြေထောက်များသည် နီရဲပြီး ပွန်းရာပဲ့ရာများရှိနေသည်။

တနေရာရာတွင် ချွတ်ထားခဲ့မိသလား ဆိုပြီး မျက်လုံးကို ဟိုဒီဝေ့၀ဲကြည့်သော်လည်း သူမ စီးနေကြ ဖိနပ်ကို မတွေ့ရ။ ဖိနပ်စင်များကြားကနေ လမ်းလျှောက် သွားရင်းနှင့် အပြင်ကို လှမ်းမျှော်ကြည့်လိုက် မိချိန်တွင် သူမ ဘုရားတမိသွားသည်။ ပူပြင်းသော နေရောင်ကြောင့် လမ်းမပေါ်တွင် တံလျှပ်များပင် ထနေသည်။ ထိုလမ်းများကလည်း ညီညီညာညာလမ်းများမဟုတ်။ ကျောက်ခဲ အချွန်အတက်များက တိရစ္ဆာန်တစ်ကောင်၏ အစွယ်တွေ ငေါထွက်နေသည်နှင့်ပင် တူသည်ဟု သူမ ထင်လိုက်မိသည်။ ထိုမျှလောက် ပူပြင်းကြမ်းတမ်းသော လမ်းမပေါ်တွင် သူမ ဖြတ်လျှောက်ခဲ့ပါသလား။ သူမ ယခုဖိနပ် ထားရာနေရာကို ရောက်ရန် ထိုလမ်း ကနေ လာခဲ့သလား။ ထိုသို့လည်း ဟုတ်မယ် မထင်။ သို့မဟုတ် ထိုခဲထူသောလမ်းသည် သူမဖြတ်သွားရမည့်လမ်းလား။ သူမ မည်သည့်နေရာသို့ သွားရန် ဦးတည်နေ သလဲ ဟု မိမိကိုယ်မိမိ ပြန်မေးကြည့်သည်။ အဖြေကား ထွက်မလား။ ထို့ထက် ပိုအရေးကြီးသည်က သူမ ဘယ်သူလဲ။

ဖိနပ်စင်များ ဘေးတွင် ကပ်ထောင်ထားသော မှန်ထဲကိုကြည့်လိုက်တော့ အသက် ၁၅ နှစ်အရွယ် နုနယ်ပျိုမျစ်သော မိန်းကလေးတစ်ယောက်၏ ပုံပန်းသွင်ပြင်က ပေါ် လာသည်။ မို့ထွက်နေသော ပါးပြင်နှစ်ဘက်သည် နီရဲနေသည်။ မျက်ခုံးနက်နက်၊ မျက်ဝန်းအိမ်ကျယ်ကျယ် ကောင်မလေးသည် နီကျင်ကျင် ဆံပင်လေးကို နှစ်ဘက်ခွဲစည်းထားပြီး ကျောပိုးအိတ်လေးတစ်လုံးကိုလည်း လွယ်ထားသည်။ နဖူးပေါ်တွင် ၀ဲကျနေသော ဆံသားနုနုသည် ချွေးများနှင့် စိုကပ်နေသည်။ နှာခေါင်းလေးက အတန်ငယ် ပြားနေသောကြောင့် သူမ၏ နီရဲနေသော နှုတ်ခမ်းသည ပိုပြီး ဖူးနေသယောင် ထင်နေရသည်။ သူမ၀တ် ထားသော အ၀တ်များ သည် အတော့်ကို ပေစုတ်စုတ်ဖြစ်နေပြီး သူမနှင့်လည်း အတော့ကိုပင် ပွနေသေး သည်။ မှန်ထဲက ပုံရိပ်ကို သူစိမ်းတစ်ယောက်သဖွယ် ကြည့်နေသော သူမအနား သို့ အဒေါ်ကြီး တစ်ယောက်က ရောက်လာပြီး ပုခုံးကို အသာလေးတို့လိုက်ချိန်တွင် သူမ အတော့်ကို လန့်သွားသည်။

“သမီးလိုချင်တဲ့ ဖိနပ်တစ်ရံ ယူပြီး အမြန်သွားတော့”

ထိုကဲ့သို့ ပြောလာသောစကားများကိုလည်း သူမ အဓွန့်မတက်မိ။ ထိုအဒေါ်ကြီးကို ဘာကြောင့်မှန်းမ သိဘဲ ကြောက်နေသောကြောင့် အဒေါ်ကြီးရှေ့ကနေ ခပ်မြန်မြန် လမ်းလျှောက်ပြီး ဖိနပ်များကို လိုက်ကြည့်နေလိုက်သည်။ သူမကို ဆူပူအော်ငေါက်လွှတ်မှာလားဆိုသည့် အတွေးနှင့်လည်း ရင်တထိတ် ထိတ်ဖြစ်နေသည်။ ထိုအဒေါ်ကြီးသည် ဖိနပ်ဆိုင်၏ ပိုင်ရှင်များလားမသိ။ သူမတွင် ဖိနပ်ဖိုး ပေးစရာ ပိုက်ဆံ မရှိလောက်။ ဟုတ်သည်။ သူမကိုယ် သူမ တစ်ခါမှ ပိုက်ဆံကိုင်မသုံးဖူးလို့ထင်နေလိုက်သည်။ သူမက အဒေါ်ကြီးကို မ၀ံ့မရဲ ပြန်လှည့်ကြည့်ချိန်တွင် သူမကို လှမ်းကြည့်နေချိန်နှင့်တိုးသောကြောင့် အမြန်မျက်နှာ လွှဲပြီး ဖိနပ်တွေကို ဆက်ရွေးနေလိုက်တယ်။

သူမ ပထမဆုံး ကြည့်မိသော ဖိနပ်စင်မှာ ရွှေဝါရောင် ဖိနပ်လှလှလေးများ ရှိနေသည်။ ခြေကျင်းဝတ်တွင် သိုင်းချည်ထား၍ ရနိုင်သော ကြိုးမျှင်မျှင်လေးများနှင့် ရွှေဝါရောင် ဖိနပ်ကလေးများကို သူမတော်တော် သဘောကျမိသည်။ တချို့ဖိနပ်လေးများတွင် ကြိုးလေးများက ၂ ချောင်း၊ ၃ ချောင်းပါနေပြီး တချို့ ကျတော့ လည်း ကြိုးအများကြီးနှင့် ချည်နှောင်ထားသည်။ တချို့ဖိနပ်လေးများက ထိပ်ချွန်သည်။ ဦးဝိုင်း ဖိနပ်လေး များလည်းပါသည်။ ဖဲပြားပုံဖော်ထားသော ဖိနပ်လေးများ လည်းရှိသည်။ စင်ဒရဲလားလေး စီးသော ဖိနပ်သည် ယခုကဲ့သို့ ဖိနပ်မျိုးများလားလို့ သူမတွေးမိသည်။ သူမလည်း ယခု ဖိနပ်ကလေးများကို စီးမိလျှင် မင်းသမီးလေးကဲ့သို့ လှသွားမလားဆိုသော အတွေးနှင့် ဖိနပ်တစ်ရံကို သူမ ယူစီးကြည့်လိုက်မိသည်။ အို…။ စိတ်မကောင်းစရာ။ သူမ ခြေထောက် လေးက အတော့်ကို သေးနေပြီး ဖိနပ်ကလည်း သူမ မထင်မှတ်လောက်အောင်ကို ကြီးနေသည်။ စောစောက ကြည့်နေတုန်းကတော့ ယခုလောက် ကွာမည် လို့ မထင်ရပေ။ စိတ်မကောင်းစွာနှင့်ပင် သူမသည် ဖိနပ်ကလေးကို စင်ပေါ်ပြန်တင်လိုက်သည်။

နောက်ထပ် ရှေ့ကို နည်းနည်းလေး လျှောက်ကြည့်လိုက်ချိန်တွင် ဒေါက်ဖိနပ်လှလှလေးများ တင် ထားသော စင်များကို အတန်းလိုက်တွေ့လိုက်ရသည်။ ယခုတစ်ခါ တွေ့ရသော ဖိနပ်များကမူ စောစော ကကဲ့သို့ အရောင် တခုတည်းမဟုတ်။ အရောင် အသွေးအတော့်ကို စုံသည်။ အနီရောင် ရဲရဲလေးများ လည်း ပါသည်။ ပန်းရောင်လေးများလည်း ရှိသည်။ ဒေလီယာပန်းလေးများနှင့်တူသော ဖိနပ်လေးများ လည်း ပါသည်။ မိုးပြာရောင် ဒေါက်ဖိနပ် ချွန်ချွန်ကလေးကိုသာ စီးလိုက်ရရင် သူမသည် အပျိုမလေး တစ်ယောက်ကဲ့သို့ပင် ၀င့်ဝင့်ကြွားကြွားခြေလှမ်းလို့ရပြီ။ ဖြူဖွေးနေသော ဒေါက်ဖိနပ်လေးကရော… အိုး…အကုန်လုံးသည် သူမအတွက် လိုချင်စရာချည်းသာဖြစ်နေသည်။ အားလုံးထဲက သူမသည် ငွေမှင်ရောင် ဖိနပ်ကလေးတစ်ရံကို ကောက်ယူပြီး စီးကြည့်လိုက်သည်။ ဖိနပ်ကလေးနှင့် သူမ ခြေထောက်လေးသည် လုံးဝ ကွက်တိဖြစ်နေသည်။ မှန်ရှေ့တွင် သွားရပ်ကြည့်လိုက်ချိန်တွင် သူမ အရပ်သည် ရှိရင်းစွဲထက် ၃ လက်မခန့် ပိုမြင့်သွားသယောင် ထင်လိုက်ရသည်။ ခြေလှမ်းကို လှမ်းကြည့်လိုက်သည့်အခါ တဒေါက်ဒေါက် အသံလေးထွက်လာခြင်းကြောင့် သူမ သဘောကျသွားမိသည်။

ထိုအချိန် သူမနဖူးကနေ ချွေးများတစ်ပေါက်ချင်းကျလာသည်ကို မြင်တော့မှ သူမပတ်ဝန်းကျင်ကို ပြန် သတိရသွားသည်။ အပြင်က လမ်းပေါ်တွင် ယခုဖိနပ်နှင့် သူမ စီးလို့ရနိုင်မတဲ့လား။ သူမ လျှောက်နိုင် မည်မထင်။ သူမ စမတ်ကျကျ စီးချင်သော်လည်း ကျောက်ခဲထူသည့်လမ်းနှင့် ဒေါက်ဖိနပ်သည် မည်သို့မျှင် မလိုက်ဖက်ပေ။ ထို့အတွက် သူမ သက်ပြင်းလေး အသာချလိုက်ပြီး ငွေမှင်ရောင် ဖိနပ်ကလေးကို စင်ပေါ်ပြန်တင်လိုက်သည်။ ဖိနပ်စင်ထောင့်ချိုးကနေ ရုတ်တရက်ပေါ်ထွက်လာသော အဒေါ်ကြီးက သူမကို ဘယ်လိုလဲ ဆိုသည့် သဘောနှင့် မေးဆတ်ပြချိန်တွင် သူမ အသာအယာခေါင်းခါပြလိုက်သည်။ ရှေ့ကို နည်းနည်းလျှောက်ကြည့်လိုက်သောအခါ ပုံစံ ရိုးရှင်းသော ဖိနပ်လေးများကို တန်းစီထားသော စင်နားကို ရောက်သွားသည်။ အောက်ခံအသား ခပ်ပျော့ပျော့လေးနှင့်လုပ်ထားသော မထူမပါး ဖိနပ် ကလေးများသည် အတော့်ကို ခိုင်ခံ့သည့်ပုံပေါ်နေသည်။ ဒေါက်ဖိနပ်လောက် သူမကို စမတ်မကျစေသော် လည်း သူမသွားရမည့်လမ်းအတွက် အကောင်းဆုံး ဖိနပ်သည် ယခုဒီဖိနပ်လေးပင် ဖြစ်သည်ကို သူမ သိနေသည်။ သူမသည် နီညိုရောင် ဖိနပ်တရံကို ယူပြီး စီးကြည့်လိုက်သည်။ ပွနေသာ အကျီကို လက်နှင့် သိမ်းပြီး ငုံ့ကြည့်လိုက်သောအခါ သူမ ခြေထောက်သည် ဖိနပ်အရောင်ကြောင့် ပို၍့ ဖြူဖွေးသန့်ရှင်းနေ သယောင်တောင်မှ ထင်လိုက်ရသည်။။ သူမ သိပ်သဘောကျသွားသည်။ ထို့အတွက် အဒေါ်ကြီးကို တွေ့ပြီ ဟု လှည့်ပြောလိုက်သည်။

“ဖိနပ်ရရင် မြန်မြန်သွားတော့။ သမီးအတွက် အချိန်မရှိတော့ဘူး”

ထိုစကားကို ကြားလိုက်ရခြင်းသည် သူမအဖို့ တာထွက်ရန် ခရာမှုတ်သံ ပေးလိုက်သကဲ့သို့ ဖြစ်သွား သည်။ ဖိနပ်စီးပြီး အပြင်ကို ထွက်လိုက်သည်။ သူမ၏အရိပ်သည် သူမနှင့် တထပ်ထည်းရှိနေသေးသည်။ ထို့အတွက် အချိန်သည် နေ့ခင်း ၁၂ နာရီပတ်ဝန်းကျင်တစ်ဝှိုက်ပဲ ဖြစ်ရမည်။ ကျနေ အထိဆိုလျှင်တော့ သူမ တော်တော်ကို အပူခံရဦးမည်။ ကောင်းကင်ပေါ်ကို မော့ကြည့်လိုက်သော်လည်း ပူပြင်းသောနေရောင်ကြောင့် အမြန်ခေါင်းပြန်ငုံ့လိုက်သည်။ နောက်တော့ ကျောပိုးအိတ်ကို ကျောပေါ်ပြန်ဆင့်လွယ်လိုက်ပြီး ခြေလှမ်းကို ခပ်သွက်သွက်လှမ်းလိုက်သည်။ သို့သော် မည်သည့် အရပ်ကို ဦးတည်နေမှန်းတော့ မသိ။ သူမ လျှောက်ခဲ့သော လမ်းများကို ပြန်ငဲ့ကြည့်တော့ မမြင်ရ။ ခဏကြာတော့ လမ်းညွှန်ဆိုင်းဘုတ်တစ်ခုကို သူမ တွေ့လိုက်ရသည်။။ သူမဦးတည်ရာနေရာကနေ ဘယ်ဘက်ကို လမ်းညွှန်ထားပြီး ၅၀ မိုင်ဟု ရေးထားသည်။ သူမ ရေငတ်နေပြီ။ တော်တော့်ကို ပင်ပန်းနေပြီ။ နောက်ထပ် မိုင် ၅၀ ကြာအောင် သူမ လမ်းလျှောက်ရဦးမည်လား။ မိုးချုပ်သွားလျှင် မည်သို့လုပ်မလဲ။

သူမ ကြောက်စိတ်ဝင်လာသည်။ သူမ ကျောပိုးအိတ်ထဲတွင်ပါသော တိုလီမုတ်စတချို့ကို မိုင်တိုင်အောက် တွင် ထားခဲ့ပြီး သူမ စတင်ပြေးတော့သည်။ အပူဒဏ်ကို မခံနိုင်သည့် မျက်လုံးများကိုမူ သူမမှိတ်ထား လိုက်သည်။ နေပူပူ၊ လမ်းက ကြမ်းကြမ်းတွင် မျက်စိစုံမှိတ် ပြေးရင်းနဲ့ ခြေကုန် လက်ပန်းကျလာသည်။ အိတ်ထဲက ပစ္စည်းတချို့ သူမပြေးနေသောလမ်းမှာတွင်ပဲ ထွက်ကျကုန်သည်။ ပြန်မကောက်ဖြစ်တော့။ ထိုလမ်းကြမ်းကြမ်းတွင် သူမစီးထားသော ဖိနပ်ကလေး မပြတ်သွားရန်နှင့် သူမဦးတည်ရာကို အချိန် မှီရောက်ရန်က အရေးကြီးနေသည်။ စိုရွဲကျလာသောချွေးများကို လက်ခုံနှင့်သုတ်၊ အာခေါင်ခြောက် လာသည်ကို တံတွေး ပြန်မျိုချပြီး သူမ အာသာပြေစေလိုက်သည်။ ထို့နောက် မရပ်မနားပြေး ဆက်ပြေး သည်။ အားမလျော့တမ်း ပြေးရင်းနှင့် သူမ နုံးချိလာသည်။

ရုတ်တရက် သူမ လတ်ဆတ်သောလေကို တစ်ချက်ရှုလိုက်ရသည်။ အေးမြမှုကိုခံစားလိုက်ရသည်။ မျက်လုံးကို ဖွင့်ကြည့်လိုက်ချိန်တွင် သူမနှင့် မလှမ်းမကမ်းတွင် သစ်ပင်တန်းလေးများကို တွေ့လိုက်ရ သည်။ မျက်စိကို ပြန်မှိတ်ပြီး နည်းနည်းထပ်ပြေးလိုက်သည်။။ သူမလက်က သစ်ရွက်လေးတစ်ရွက်ကို ကိုင်လိုက်ရသည်ဟု ခံစားရသောအချိန်တွင် သူမ ပြေးနေသောနှုန်းကို လျော့ချလိုက်သည်။ ထိုသစ် ခက်လေးကို ဆွဲဆွဲမြဲမြဲဆုပ်ကိုင်ထားလိုက်မိသည်။ မလွတ်စတမ်းပဲ..။

သူမ အိမ်ထောင်ကျချိန်တွင် အမျိုးသားက ခြံရှေ့မြေအလွတ်တွင် ညမွှေးပန်းပင်လေးများကို တန်းစီပြီး စိုက်ပေးခဲ့သည်။ သူမအတွက် လက်ဆောင် ပေးသောအခါတိုင်းတွင် မထူမပါး ဖိနပ်တရံကို အမြဲလိုလို ၀ယ်ပေးခဲ့သည်။ ချစ်သူဘ၀တည်းက တစ်ဦးနှင့်တစ်ဦး တီတီတာတာ စကားများပြောခြင်း ထက် သူမ ငယ်ငယ်က မက်သော အိပ်မက်အကြောင်းကို ပြန်ပြောဖြစ်သည်က များသည်။ သူမ အမျိုးသားကလည်း ထိုအိပ်မက်အကြောင်း ပြောသည့်အခါ နှစ်နှစ် ခြိုက်ခြိုက် နားထောင်ပေးတတ်သည်။ သူ့သည် သူမ ဆုပ်ကိုင်ထားခဲ့သော သစ်ရွက်လေး ဖြစ်ခွင့်ရခဲ့ခြင်းကိုပင် ကျေနပ်သည်ဟု သူမ အသက် ၆၀ နှစ်ပြည့် မွေးနေ့ ရောက်သည့် တိုင်အောင် ပြောနေဆဲဖြစ်သည်။


နှင်းနုလွင်
25၊ 10၊ 2011
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...