လက်နှစ်ဖက်မရှိသည့် စားပွဲတင်တင်းနစ် အားကစားသမား



လက်နှစ်ဖက် မရှိချေ။ ထို့ကြောင့် ၎င်းအလွန်နှစ်သက်သည့် အားကစားနည်းအတွက် လိုအပ်သော ဘက်တံများကို အီဘရာဟင်မ် ဟာမက်ဒ်တို အနေဖြင့် ကိုင်တွယ်နိုင်စွမ်း မရှိရှာချေ။ သို့သော်လည်း ဒုက္ခိတ တစ်ဦးအဖြစ် ရှင်သန်ရခြင်းသည် မိမိ၏ ဝါသနာကို စွန့်လွှတ်လိုက်ရလောက်အောင် သေးသိမ် စရာ မလိုကြောင်း အီဘရာဟင်မ်က ဆုံးဖြတ်ခဲ့သည်။ ထို့ကြောင့် ၎င်းသည် စားပွဲတင် တင်းနစ် အားကစားကို ဆက်လက်၍ ကြိုးစားကစားခဲ့သည်။ လက်မောင်းအရင်းနားမှ ပြတ်တောက်နေသော လက်များကို အသုံးပြုခွင့် မရသော်လည်း ဘက်တံကို ပါးစပ်တွင်ကိုက်ပြီး အီဘရာဟင်မ်က စားပွဲတင် တင်းနစ် ကစားခဲ့ခြင်း ဖြစ်သည်။



ယခုအခါ အသက်(၄၁)နှစ် ရှိနေပြီဖြစ်သော အီဂျစ်နိုင်ငံသားသည် မသန်စွမ်း စားပွဲတင်တင်းနစ် ချန်ပီယံ တစ်ဦးအဖြစ် အောင်မြင်မှုများ ရရှိနေပြီ ဖြစ်သည်။ အီဘရာဟင်မ်သည် (၁၀)နှစ်သားမျှ အရွယ်တွင် ရထားမတော်တဆမှု တစ်ခုနှင့် ကြုံခဲ့ရပြီး လက်နှစ်ဖက်စလုံး ဖြတ်တောက်ခဲ့ရသည်။ သို့သော်လည်း အလွန်ဆိုးရွားလှသည့် ကံကြမ္မာသည် အီဘရာဟင်မ်တစ်ယောက် ၎င်း၏ အိပ်မက်များနောက် ပြေးလွှား လိုက်ပါနေခြင်းကို ရပ်တန့်သွားအောင် မစွမ်းဆောင်နိုင်ခဲ့ချေ။ “ကျွန်တော် ငယ်ငယ်တုန်းက ရွာမှာ ကစားစရာဆိုလို့ စားပွဲတင်တင်းနစ်နဲ့ ဘောလုံးပဲ ရှိတယ်။ ကျွန်တော်က နှစ်မျိုးလုံး ကစားတယ်လေ”ဟု အီဂျစ်နိုင်ငံ အရှေ့မြောက်ပိုင်း ခါ့ဖ်ဆာ့ဒ် ဒေသမှ အီဘရာဟင်မ်က ဆိုသည်။



“အခြေခံကျကျ တွေးတောပြီးတဲ့နောက် ကျွန်တော် ဘောလုံးကို ဦးစားပေးပြီး ကစားဖြစ်ခဲ့တယ်။ ဒါပေမဲ့ ကျွန်တော့်လက်တွေကို ဆုံးရှုံးပြီးတဲ့နောက် စားပွဲတင် တင်းနစ်ကို စိန်ခေါ်မှု တစ်ခုအနေနဲ့ ကစားလာခဲ့ တာ”ဟုလည်း ၎င်းက ရှင်းပြခဲ့သည်။ အီဘရာဟင်မ်သည် ဆိုးရွားသော ဖြစ်စဉ်ကြီးအပြီး (၃)နှစ်မျှ အကြာတွင် စားပွဲတင်တင်းနစ် ကစားခြင်းကို ပြန်လည် ကြိုးစား လေ့ကျင့်ခဲ့သည်။ အစောပိုင်း ကာလများ က နည်းအမျိုးမျိုး စမ်းသပ်ခဲ့ပြီး ချိုင်းကြားတွင် ဘတ်တံညှပ်ကာ ဘောလုံးကို ရိုက်နိုင်ရန် အားထုတ်ခဲ့ ဖူးသော်လည်း အဆုံးတွင်မူ ပါးစပ်၌ ဘက်တံကို ကိုက်ထားပြီး ကစားရန်သာ ရွေးချယ်ဖြစ်ခဲ့သည်။



အီဘရာဟင်မ်က “မတော်တဆ ဖြစ်ရပ်ကြီး အပြီးမှာ စားပွဲတင်တင်းနစ် ဆက်ကစားဖို့ တော်တော်ကြီး ခက်ခဲသွားတယ်။ နေ့စဉ် ပုံမှန် အစီအစဉ်တွေ အနေနဲ့ (၃)နှစ်ဆက်တိုက်လောက် ကျွန်တော် လေ့ကျင့်ခဲ့ ရတယ်။ အစပိုင်းမှာတော့ လူတွေက ကျွန်တော် ကစားနေတာမြင်ပြီး အံ့ဩသွားကြတယ်။ ဒါပေမဲ့ ကျွန်တော့်ကို ဝိုင်းအားပေးကြ၊ တိုက်တွန်းကြတယ်။ ကျွန်တော့် စိတ်အားထက်သန်မှု၊ စူးစိုက်မှု၊ ကိုယ့် ကိုယ်ကိုယ် မြှင့်တင်ဖို့ အားထုတ်မှုတိုင်းကို သူတို့က ဂုဏ်ယူပေးခဲ့ကြတယ်လေ”ဟုလည်း အမှတ်တရ ပြန်ပြောင်း ပြောဆိုခဲ့သည်။ ယခုအခါ အီဘရာဟင်မ်သည် အိမ်ထောင်ရက်သားကျက ကလေး(၃)ဦးကို ပင် ဖွားမြင်ထားပြီး ဖြစ်သည်။ ထိုအတောအတွင်း အာဖရိက မသန်စွမ်း စားပွဲတင်တင်းနစ် ပြိုင်ပွဲကြီးမှ ငွေတံဆိပ်ဆု အပါအဝင် စားပွဲတင်တင်းနစ်ဆိုင်ရာ ဆုအတော်များများကို ရရှိထားပြီး ဖြစ်သည်။



ဘောလုံးကို ခြေထောက်ဖြင့် ညှပ်ယူကာ လေထဲသို့ ခပ်မြင့်မြင့် မြှောက်တင်လိုက်သည်။ ထို့နောက် ပါးစပ်တွင် ညှပ်ထားသည့် ဘက်တံဖြင့် စပေးဘောလုံးကို အီဘရာဟင်မ်က ပေးပို့လိုက်သည်။ ၎င်း၏ မျက်လုံးများသည် ပြိုင်ဘက်ထံမှ ပြန်လာမည့် ဘောလုံးကို စူးစူးစိုက်စိုက် စောင့်ကြည့်နေဆဲ ဖြစ်သည်။ မသန်စွမ်း စားပွဲတင် တင်းနစ် အားကစားသမား အီဘရာဟင်မ်က “ကျွန်တော့် ခံယူချက်က မဖြစ်နိုင်ဘူး ဆိုတဲ့အရာ ဘာမှမရှိဘူး ဆိုတာပါပဲ။ ကိုယ်က ရည်မှန်းချက် တစ်ခုအတွက် စူးစိုက်ကြိုးစားနေသမျှ အချိန်တိုင်းမှာပေါ့။ ကျွန်တော်ကတော့ ဒီသတင်းစကားကို လူတိုင်းလူတိုင်းဆီ အရောက်ပေးပို့နိုင်ဖို့ မျှော်လင့်မိပါတယ်”ဟုလည်း ပြောဆိုသွားခဲ့သည်။

Planet Myanmar Network
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...