ဆေးသိပ္ပံပညာမှတွေ့ရှိသော ဆင်တုံးမနွယ်



၁၉၇၀ ပြည့်နှစ် အစောပိုင်းကာလတွေကစပြီး အနောက်တိုင်း ဆေးပညာနယ်ပယ်မှာ စတီးရွိုက်မပါတဲ့ အကိုက်အခဲ ပျောက်ဆေးတွေ အသုံးများ တွင်ကျယ်လာတာနဲ့ တစ်ပြိုင်နက် လူတွေရဲ့ အစာအိမ်ကိုပါ ဥပဒ်ပေးလာတယ် ဆိုတာကိုပါ ဆေးပညာရှင်တွေ သတိပြုလာမိခဲ့ကြတယ်။

တစ်ချိန်တည်းမှာပဲ ရိုးရာဆေးပညာမှာရှိတဲ့ အကိုက်အခဲနဲ့ အရောင်ကျစေတဲ့ ဆေးပင်တွေကိုလည်း သိပ္ပံ ပညာရှင်တွေက စိတ်ဝင်စားလာခဲ့ကြတယ်၊ ဒီလိုနဲ့သူတို့ဟာ ဆေးဘက်ဝင်တဲ့ အပင်တွေကို ရှာဖွေရင်းနဲ့ ဆင်တုံးမနွယ် အပင်ကို ရှာဖွေတွေ့ရှိခဲ့ကြတယ်။ လက်တင် ဘာသာစကားအရ ဆင်တုံးမ နွယ်ကို tinospora cordifolia လို့ခေါ်ပါတယ်။ အိန္ဒိယနိုင်ငံကတော့ guduchi လို့ခေါ်ပြီး အင်္ဂလိပ်လို ကတော့ heartleaf moonseed လို့ခေါ်တယ်။

နိုင်ငံတကာမှ ဆေးသိပ္ပံ ပညာရှင်တွေဟာ ဆင်တုံးမနွယ်မှာ ပါဝင်တဲ့ syringing and cordial ဒြပ်ပေါင်း တွေက ရောင်ရမ်းတာကို ဖြစ်ပေါ်စေတဲ့ Enyzme တွေကို ဟန့်တားနိုင်စွမ်း ရှိတာကို သိခဲ့ကြတယ်။ အဆစ်အမျက်ရောင် ရောဂါအမျိုးမျိုးကို သက်သာစေတယ်၊ အထူးသဖြင့် rheumatoid arthritis ရောဂါတွေမှာ ဖြစ်ပေါ်လေ့ရှိတဲ့ morning stiffness ကို လျော့ကျစေတယ်၊ ဒါတွင်မကပါဘူး။ အာသီး ရောင်တာ၊ အစာအိမ်ရောင်တာ၊ အသည်းရောင်တာ၊ ဆီးအိမ်ရောင်တာတို့ကို လျော့နည်းသက်သာစေ နိုင်တာကို လေ့လာမိခဲ့ကြတယ်။

ဆင်တုံးမနွယ်မှာ ပါဝင်တဲ့ antioxidant တွေက အခြားအရေးပါတဲ့ antioxidant နှစ်မျိုးဖြစ်တဲ့ glutathione နဲ့ vatimin-C တို့ကို များပြားအောင် အကူအညီပေးတယ်၊ အသက်ကြီးတဲ့သူတွေ Antioxidant ကို သုံးရင် အသက်ရှည်နုပျိုစေတယ်၊ ဒါကြောင့်လည်း အသက်ကြီးရင် ဆင်စီးပါလို့ မြန်မာတွေ ဆိုရိုးစကားရှိခဲ့တယ်၊ ဆင်စီးပါဆိုတာက အသက်ကြီးလာရင် ဆင်တုံးမနွယ်ကို မှီဝဲပါလို့ ဆိုလိုတာဖြစ်တယ်။

ဆေးပညာ လက်တွေ့နယ်ပယ်မှာတော့ ဆင်တုံးမနွယ်ရဲ့ ပင်စည်ဟာ အသည်းရောင် အသားဝါရောဂါ အတွက် အလွန်အသုံးဝင်တာ တွေ့ရတယ်၊ အသည်းရောင်ခြင်းကို လျော့ကျစေသလို အသားဝါတာကို လည်းမြန်မြန် သက်သာစေတာတွေ့ရတယ်။ ဆင်တုံးမနွယ်ဟာ ခုခံအားစနစ်ရဲ့ အဓိကဖြစ်တဲ့ သွေးဖြူဥ တွေပုံမှန် ထုတ်လုပ်ခြင်းကို အားပေးတာကို တွေ့ရတယ်။ ရိုးရာဆေးပညာရှင်တွေနဲ့ (Indian ayuedic medicine) ဆေးပညာရှင်တွေက ဆင်းတုံးမနွယ်ကို ဆီးချိုရောဂါမှာ ကျယ်ကျယ် ပြန့်ပြန့်သုံးတာ တွေ့ရ တယ်။ ဆီးချိုရောဂါ သိပ်မရင့်သေးတဲ့ သူတွေနဲ့ အစောပိုင်းကာလ ဆီးချိုဝေဒနာ ရှင်တွေအတွက် အသုံးပြုနိုင်ပါတယ်။ သွေးတွင်း သကြားဓာတ်ကို ထိန်းနိုင်တဲ့ သတ္တိရှိလို့ ဆီးချိုဝေဒနာ ရှင်တွေအတွက် သတင်းကောင်းတစ်ခုပါ။

ဆင်တုံးမနွယ်ပင်စည် ၁ ဒသမ ၅ ဂရမ်ကို လူကြီးတစ်ယောက်အတွက် တစ်နေ့ကို သုံးကြိမ်ကနေ လေးကြိမ်အထိ သောက်နိုင်တယ်၊ ဒါပေမယ့် အရက်နဲ့တော့ တွဲမသောက်ရပါကြောင်း တင်ပြအပ်ပါ တယ်။ 


မြန်မာ့အလင်းသတင်းစာ
ဇွန် (၁၅) ရက်၊ ၂၀၁၄ ခုနှစ်
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...