တက္ကသိုလ်အပ်နှံမှု အကြံပေးဝန်ဆောင်လုပ်ငန်း တွင်ကျယ်လာ



နေပြည်တော်တွင် တက္ကသိုလ် ဝင်တန်းဖြေဆိုထားသည့် အောင်စာရင်း၊ အမှတ်စာရင်းထုတ်ပေးခြင်းနှင့် တက္ကသိုလ်အပ်နှံခြင်းပညာရေးဝန်ဆောင်မှုလုပ်ငန်းများ ခေတ်စားလာကြောင်းဝန်ဆောင်မှုပေးသည့် လုပ်ငန်းများထံမှ သတင်းရရှိသည်။

‘‘ဆယ်တန်းအောင်တဲ့ အမှတ်စာရင်းထုတ်ပေးတာတို့ တက္ကသိုလ်ဝင်ခွင့်လျှောက်ထားရင် ကျောင်းသားရဲ့ ရတဲ့အမှတ်နဲ့ ဘာလျှောက်သင့်တယ်ဆိုတာ ကိုအကြံပေးတဲ့လုပ်ငန်းပါ’’ဟု မြခွန်းသာပညာရေး အကျိုးဆောင်လုပ်ငန်းတာဝန်ရှိသူ ဦးပြည်ဖြိုးကရှင်းပြသည်။

ပျဉ်းမနားဈေးအနီးတွင် တက္ကသိုလ်ဝင်တန်းပညာရေး ဝန်ဆောင်မှုပေးသည့်လုပ်ငန်း လေးခုခန့်ရှိပြီး တက္ကသိုလ်ဝင်တန်းအမှတ်စာရင်းထုတ်ပေးသည့် ဆိုင်းဘုတ်များထောင်ကာ မြို့ခံကျောင်းသားများက အကျိုးဆောင်လုပ်ငန်းများထံမှ အမှတ်စာရင်းများသွားရောက် ထုတ်ယူကြပြောသည်။

အမှတ်စာရင်းသွားရောက် ထုတ်ယူရသည့် ဥတ္တရသီရိမြို့ နယ်အတွင်းရှိ ရုံးအမှတ် (၅၂)မှာ ကျောင်း သားများသွားလာရန် ခက်ခဲခြင်းကြောင့် အမှတ်စာရင်း ထုတ်ရန် အကျိုးဆောင်လုပ်ငန်း များကိုသာ အားကိုးနေရပြီး ဝန်ဆောင်ခ ကျပ် ၃,၀၀၀ ပေးရ ကြောင်း သတင်းရရှိသည်။

ဇမ္ဗူသီရိ၊ ဒက္ခိဏသီရိ၊ ပုဗ္ဗ သီရိ၊ ဥတ္တရသီရိ၊ ဇေယျာသီရိ၊ ပျဉ်းမနား၊ လယ်ဝေး၊ တပ်ကုန်း မြို့နယ်တို့တွင် ဖြေဆိုသူစုစုပေါင်း၁၄,၃၅၇ရှိသည့်အနက် အောင်မြင်သူ ၃,၈၁၇ ဦးရှိပြီး အောင်ချက် ရာခိုင်နှုန်း ၂၆ ဒသမ ၅၉ ရာခိုင် နှုန်းရှိကြောင်း နေပြည်တော်ပညာရေးညွှန်ကြားရေးမှူးရုံး၏ထုတ်ပြန်ချက်အရ သိရ သည်။

‘‘ဝန်ဆောင်ခ ကျပ် ၃,၀၀၀ ပေးရတယ်။ တက္ကသိုလ်အပ် လည်းအကျိုးဆောင်လုပ်ငန်းနဲ့ပဲ ချိတ်ပြီးလုပ်ကြ တာပေါ့။ အရင် တုန်းကတော့ ကျောင်းသားက ကိုယ်တိုင်လုပ်ရတာ။ ခုက အကျိုးဆောင်တွေနဲ့ပဲလုပ်တဲ့ ခေတ်ရောက်လာတာပဲ’’ဟု ပျဉ်းမနားမြို့ပေါ်နေ ကျောင်းသားမိဘတစ်ဦးက ဆိုသည်။

နေပြည်တော်တိုင်းချုပ်စာ ရင်းအရ တက္ကသိုလ်ဝင်တန်းဖြေ ဆိုမည့်သူ ၁၅,၈၅၃ ဦးစာရင်းရှိ သော်လည်း တကယ်တမ်းဖြေဆို သူ ၁၄,၃၅၇ ဦးသာဖြေဆိုပြီး ၃,၈၁၇ ဦးအောင်မြင်ခဲ့သည်။

၂၀၁၃-၁၄ ပညာသင်နှစ် တွင် တစ်နိုင်ငံလုံး၌ တက္ကသိုလ် ဝင်တန်းစာမေးပွဲဝင်ရောက်ဖြေ ဆိုရန် စာရင်းပေးသွင်းသူ ငါး သိန်းရှစ်သောင်းကျော်ရှိခဲ့ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီး ဌာနမှသိရသည်။ 


7 Day Daily
2014-06-17
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...