ဘာလုပ်လို့ လုပ်ရမယ်မှန်း မသိသူများအတွက် ယတြာ



တစ်နေ့ ဟောခန်းသို့ အမျိုးသား အမျိုးသမီး တစ်စုတို့သည် ကွန်ုပ်ဆီ ရောက်လာကြသည်။ ဘာလုပ်ရ မယ်မှန်း မသိလို့ ဗေဒင်ဆရာဆီကို လာခဲ့ကြတာပါဟု ပြိုင်တူ ပြောကြလေ၏။

အဲဒီလို ဘာလုပ်လို့ လုပ်ရမှန်း မသိတဲ့ အတွက်လည်း စိတ်မပူပါနဲ့ဗျာ။ ကျွန်တော့်မှာ ယတြာ ရှိပါတယ်ဟု ပြန်ပြောလိုက်လေလျှင် ထိုသူများမှ

ဟင် ဘာလုပ်လို့ လုပ်ရမယ်မှန်း မသိရင်လည်း ယတြာချေလို့ ရတာပဲလားဟု ပြန်မေးကြ၏။ ကျွန်ုပ်က

ရပါတယ်ဗျာ။ ဒီယတြာကိုသာ ချေလိုက်ပါ။ ဆုံးဖြတ်ချက် ချလို့ မရတဲ့ ကိစ္စ မှန်သမျှ ရက်ပိုင်းအတွင်း ဆုံးဖြတ်ချက် ချနိုင်သွားပါလိမ့်မည်။ ဆုံးဖြတ်ချက်ဆိုတာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ချနိုင်မှာကို ပြော တာနော်။ ဘာကြောင့်ပဲဖြစ်ဖြစ် အကြောင်းအရာ တစ်ခုခုကြောင့် အခက်အခဲ ဖြစ်နေတယ်။ ဆုံးဖြတ်ချက် မချမှတ်နိုင်ဘူး ဖြစ်နေတယ်။ ဘာလုပ်လို့ လုပ်ရမယ်မှန်း မသိဘူး ဖြစ်နေတယ် ဆိုကြပါစို့ အခု ပြောပြတဲ့ ယတြာကို ချေလိုက်ရင် ရက်ပိုင်းအတွင်း မှန်ကန်တဲ့ ဆုံးဖြတ်ချက် တစ်ခုခုကို ပိုင်ပိုင်နိုင်နိုင် ချမှတ်သွားနိုင် တယ်။ ဒါကြောင့် ခင်ဗျားတို့ အားလုံး ကျုပ်ပြောတဲ့ ယတြာကိုပဲ လုပ်ကြပေတော့ဟု ပြောကာ

အောက်ဖော်ပြပါ ယတြာများကို ပြောပြလိုက်လေတော့သတည်း။

အိုးအိမ်၊ အဆောက်အဦး၊ ဆောက်လုပ်ရေး၊ အုတ်သဲကျောက်၊ အိမ်ဆောင်ပစ္စည်း၊ အိမ်ထောင်ပရိ ဘောဂ၊ အုပ်ချုပ်ရေး၊ ဥပဒေ၊အိမ်ခြံမြေအကျိုးဆောင်၊ ကြက်ဥဘဲဥ၊ အုန်းသီး၊ငှက်ပျောသီးစတဲ့ တနင်္ဂနွေနံ လုပ်ငန်းများ... စသော တနင်္ဂနွေနံကိစ္စများနှင့် ပါတ်သက်၍ ဘာလုပ်ရမှန်း မသိဖြစ်နေသော် အင်္ဂါနေ့ တွင် ဘုရား ဗုဒ္ဓဟူးဒေါင့်၌ သပြေ(၂၁)ညွန့် လှူဒါန်း၍ ဆုတောင်းပါ။

ငွေချေး၊အပေါင်ဆိုင်၊ ဘဏ်လုပ်ငန်း ၊ငွေပန်းတိမ်၊ ငွေထည်ပစ္စည်း၊ခြံလုပ်ငန်း ၊ စိုက်ပျိုးရေးလုပ် ငန်း၊ ကားလုပ်ငန်း၊ ကြက်မွေးမြူရေး၊ ကြက်ဥကြက်သား လုပ်ငန်း၊ ကျောက်အရောင်းအ၀ယ်၊ ရတနာ အရောင်းအ၀ယ်၊ ကုန်ကူးကုန်သန်း ရောင်းဝယ်အလုပ်၊ ကွန်ပြူတာ၊ ကွမ်းသီးကွမ်းယာ ပစ္စည်းစတဲ့ တနလာင်္နံလုပ်ငန်းများ…….စသော တနင်္လာနံကိစ္စများနှင့် ပါတ်သက်၍ ဘာလုပ်ရမှန်း မသိဖြစ်နေသော် ဗုဒ္ဓဟူးနေ့တွင် ဘုရားကြာသပတေး ထောင့်၌ ရောင်စုံယပ် (၁၂)လက် လှူ၍ ဆုတောင်းပါ။

စိန်၊ဆန်၊ဆီ၊ဆား၊ ဆေးလုပ်ငန်း၊ စက်မှုလက်မှုလုပ်ငန်း၊ စစ်ဖက်ရေးရာနှင့် ပတ်သက်သော လုပ်ငန်း၊ စပ်တူရှယ်ယာ၊ စားသောက်ကုန်လုပ်ငန်း၊ စားသောက်ဆိုင်၊ စက်ချုပ်၊ စိုက်ပျိုးရေး၊ စကားပြော၊ စာပေစတဲ့ အင်္ဂါနံလုပ်ငန်းများ…… စသော အင်္ဂါနံကိစ္စများနှင့် ပါတ်သက်၍ ဘာလုပ်ရမှန်း မသိဖြစ်နေသော်
ကြာသပတေးနေ့တွင် ဘုရား သောကြာထောင့်၌ မေမြို့ပန်း (၁၉)ပွင့် လှူ၍ ဆုတောင်းပါ။

အလှပြင်ဆိုင်၊ အိမ်တွင်းပန်း၊ မီးအလှဆင်လုပ်ငန်း၊ အလှကုန် ထုတ်လုပ်ရောင်းဝယ်လုပ်ငန်း၊ ရွှေဆိုင်၊ ရွှေပန်းတိမ်၊ ရွှေတူး၊ ရွှေချက်၊ ရွှေရောင်းဝယ်ရေး၊ ယာဉ်ရထား၊ လူနှင့်ပတ်သက်သော လုပ်ငန်း၊ ငါးမွေးမြူရေး၊ ငါးဖမ်း၊ ငါးပိ၊ ငါးခြောက်စတဲ့ရေလုပ်ငန်း၊ ရေသန်းရောင်းဝယ် ထုတ်လုပ်ဖြန့်ချီရေးလုပ်ငန်း၊ လက်ဖက်ရည်ဆိုင်၊ အအေးဆိုင်၊ အရက်ဆိုင်၊ ဘီယာဆိုင်၊ ယိုစုံလုပ်ငန်းစတဲ့ ဗုဒ္ဒဟူးနံလုပ်ငန်း များ…… ….စသော ဗုဒ္ဓဟူးနံကိစ္စများနှင့် ပါတ်သက်၍ ဘာလုပ်ရမှန်း မသိဖြစ်နေသော် သောကြာနေ့တွင် ဘုရား စနေထောင်၌ နွားနို့် (၁၀) ခွက်လှူဒါန်း၍ ဆုတောင်းပါ။

မြေပဲ၊ ပြောင်းနှမ်းစတဲ့လုပ်ငန်းများ၊ မြေယာ၊ဖယောင်း၊ ပန်းချီ၊ ပန်းပု၊ ပန်းတိမ်ပညာကို အသုံးချသော လုပ်ငန်းများ၊ ဆရာအလုပ်ပညာနှင့် ပတ်သက်သည့် လုပ်ငန်းများ စတဲ့ကြာသပ တေးနံ လုပ်ငန်းများ…စသော ကြာသပတေးနံကိစ္စများနှင့် ပါတ်သက်၍ ဘာလုပ်ရမှန်း မသိဖြစ်နေသော် စနေနေ့တွင် ဘုရား တနင်္ဂနွေထောင့်၌ စံပယ် (၈)ကုံး လှူဒါန်း၍ ဆုတောင်းပါ။

သစ်၊ သံ၊ သွပ်၊ သစ်သီး၊ သီးနှံစတဲ့လုပ်ငန်းများ စကားပြောရသောအလုပ်၊ ခရီးသွားရသော အလုပ်၊ အငြိမ်မနေ လှုပ်ရှားရသောအလုပ်၊ ပွဲစားအကျိုးဆောင်အလုပ်၊ ရေကြောင်းခ၇ီးနှင့် ပတ်သက်သော အလုပ်၊ ကုန်ကူးသန်း ရောင်းဝယ်ရသော ကုန်သည်ကြီးအလုပ် စတဲ့သောကြာနံ လုပ်ငန်းများ…… စသော သောကြာနံကိစ္စများနှင့် ပါတ်သက်၍ ဘာလုပ်ရမှန်း မသိဖြစ်နေသော် တနင်္ဂနွေနေ့တွင် ဘုရား တနင်္လာထောင့်၌ အုန်းရည် (၆)ခွက် လှူဒါန်း၍ ဆုတောင်းပါ။

အထည်အလိပ်၊ ထီး၊ ဖိနပ်၊ နာရီ၊ ဦးထုပ်၊ စတဲ့လုပ်ငန်းများ၊ လူမျိုးခြား၊ နိုင်ငံခြားနှင့်ပတ်သက်သောလုပ်၊ မီး၊ လျှပ်စစ်အပူနှင့်ပက်သက်သောအလုပ်၊ ထီးလုပ်ငန်း၊ ထုံးလုပ်ငန်း၊ ၀န်ထမ်း အလုပ်စတဲ့ စနေနံလုပ် ငန်းများ…… စသော စနေနံကိစ္စများနှင့် ပါတ်သက်၍ ဘာလုပ်ရမှန်း မသိဖြစ်နေသော် တနင်္လာနေ့တွင် ဘုရားအင်္ဂါထောင့်၌ လမုန့် (၁၇) ချပ် လှူဒါန်း၍ ဆုတောင်းပါ။


မြန်မာ.ရိုးရာဗေဒင်ပညာရပ်
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...