အနုပညာရှင် ဖခင်များရဲ့ ‘‘အဖေများနေ့’’


ဓာတ်ပုံ−အေးဇော်မိုး(စက်မှု)

ဇွန်လ ၁၅ ရက်သည် နိုင်ငံတကာ အဖေများနေ့ဖြစ်သောကြောင့် အနုပညာရှင်များ အပါအ၀င် ဖေ့စ် ဘွတ်ခ်သုံးစွဲသူများက ၎င်းတို့၏ အဖေများနှင့် ပတ်သက်၍ အမှတ်တရစကားများ၊ ဓာတ်ပုံများကို ဖေ့စ် ဘွတ်ခ်စာမျက်နှာများတွင် ဖော်ပြကာ ဂုဏ်ပြုထားကြသည်။ ထို့ကြောင့် အနုပညာရှင်များထဲမှ ဖခင်နေရာ သို့ရောက်ရှိနေသော ဂီတအနုပညာရှင် အမျိုးသားငါးဦးအား အဖေများနေ့နှင့် ပတ်သက်သည့် အမှတ်တရ အကြောင်းအရာများကို မေးမြန်း ဖော်ပြလိုက်ပါသည်။

စည်သူလွင်

အလုပ်အားတဲ့ မအားတဲ့ အပေါ်မှာတော့ မူတည်တယ်။ ကျွန်တော်တို့ အလုပ်က အချိန်ရွေးပြီးလုပ်လို့ရတဲ့ အလုပ်မဟုတ်တော့ ဒီနေ့ကို သီးသန့်အားထားလို့လည်းမရဘူး။ အဓိကကတော့ ဒီနေ့ကို ရင်ထဲမှာရှိရင် ပြီးတာပါပဲ။ ကိုယ်ဆိုရင် ကိုယ့်သားလေး လိုအပ်တာတွေကို ဖြည်းဆည်းပေးဖို့ ပေးဆပ်တဲ့ နေရာကနေ နေရတယ်။ အဲဒီလိုပဲ ကိုယ့်တုန်းကလည်း မိဘတွေက ဒီလိုပဲဖြစ်ခဲ့မှာပဲဆိုပြီး သတိတရဖြစ်တယ်။ အဲဒီတော့ ပိုပြီးတော့လည်း တန်ဖိုးထားလာတယ်၊ ပိုပြီးတော့ လေးစားတတ်လာတယ်။ ကိုယ့်သားက အရမ်းငယ်သေးတာဆိုတော့ သူ့အသက်အရွယ်နဲ့ လိုက်ဖက်တာတွေ အကုန်လုံးကိုတော့ ဖြည့် ဆည်းပေးဖြစ်တယ်။

ရန်ရန်ချန်း

ကျွန်တော်အဖေဖြစ်လာတဲ့ သက်တမ်းကတော့ တော်တော်နုပါသေးတယ်။ ဒီနှစ်ကတော့ ဒုတိယနှစ် အဖြစ် ကျရောက်တဲ့နှစ်၊ ကျွန်တော်တို့အတွက်ကတော့ ဒီအချိန်မတိုင်ခင် တစ်လ၊ နှစ်လလောက်က တည်းက ဓာတ်ပုံတွေ ရိုက်ဖြစ်ပြီး အဖေများနေ့ကြိုဖြစ်နေကြတာ။ ဒီနေ့ကျတော့ သားနဲ့ ရိုက်ထားတဲ့ ပုံလေးတွေ လှမ်းပို့ပေးကြတယ်။ အခုက သားတစ်ယောက်အနေနဲ့ရော၊ အဖေတစ်ယောက်အနေနဲ့ရော နှစ်မျိုးစလုံးကို ခံစားမိနေတယ်။ ဒီခံစားမှုနှစ်ခုက ကွာခြားမှုတွေတော့ရှိတယ်။ သားတစ်ယောက်အနေနဲ့ ငယ်ငယ်တုန်းကဆိုရင် ပြဿနာမရှိဘူး လေ။ ကြီးလာတဲ့ အချိန်မှာတော့ မိဘတွေကို ပြန်တာဝန်ယူရမယ့် အပိုင်းတွေရှိတယ်။ အဲဒီလိုပဲ အခုကျွန်တော်က အဖေလည်း ဖြစ်နေပြီ၊ သားအတွက်လည်း တာဝန်ယူရ မယ်ဆိုတော့ တာဝန်နှစ်မျိုးလိုဖြစ်နေတယ်။ ဒီနေ့ ကျွန်တော် နေမကောင်းဖြစ်နေပေမယ့် သားက ကျွန်တော်နဲ့ပဲ ဆော့တာဆိုတော့ သူနဲ့ လိုက်ဆော့ပေးရတယ်။ ဒီနေ့တစ်နေ ကုန်သူ့ကိုပဲ အချိန်ပေးနေ ရတယ်။

ဖိုးကာ

အဖေများနေ့မှာ ထူးထူးခြားခြားတော့ မဖြတ်သန်းဖြစ်ပါဘူး။ သားတစ်ယောက်အနေနဲ့ ဖြတ်သန်းမှု ကတော့ မိဘတွေအတွက် လုပ်ပေးရမယ့် အရာတွေကို ကျွန်တော် တော်တော်များများလုပ်ခဲ့ပါတယ်။ ဒီအတွက်လည်း ပြန်အမှတ်ရပြီး စိတ်ကျေနပ်မှုရှိပါတယ်။ အခုကိုယ်မိဘနေရာ ရောက်တဲ့ အခါကျတော့ လည်း သားသမီးတွေအတွက် ဒီလိုနေထိုင်ခဲ့ပါတယ်။ သားရှေ့မှာ ထိန်းချုပ်ပြီးနေရတာမျိုးတွေ မရှိပါဘူး။ အဖေများနေ့နဲ့ ပတ်သက်လို့ ထူးထူးခြားခြားအမှတ်တရ မရှိပါဘူး။ အွန်လိုင်းတွေ၊ ဖေ့စ်ဘွတ်ခ်တွေ ဖြစ်ပြီးတော့မှပဲ အဖေများနေ့ကို သိခွင့်ရတာပေါ့။

ဟဲလေး

အစ်ကိုကတော့ သတ်မှတ်ထားတဲ့ အဖေများနေ့ဆိုတာထက်ကို အမြဲတမ်း ကိုယ်အဖေ့ပေါ်မှာ တာ ၀န်ကျေအောင် ကြိုးစားတယ်။ ကိုယ့်သားလေးနှစ်ယောက်အပေါ်မှာလည်း အဖေတာဝန်ကျေအောင် ကြိုးစားတယ်။ ကွာခြားမှုက အစ်ကိုက ငယ်ငယ်ကတည်းက မိဘကို သိပ်ပြီး မချွဲတတ်ဘူး။ လူကြီး ဆန်ဆန်ပဲနေတတ်တဲ့အခါကျတော့ အခု ကိုယ် လူကြီးလိုနေရတဲ့ အချိန်မှာလည်း ခံစားမှုက အရမ်းကြီး ကို မပြောင်းလဲသွားပါဘူး။ အခုတော့ တာဝန်က နှစ်ခုပေါ့။

ကိုယ့်မိဘကို တာဝန်ကျေရသလို အခုအဖေတစ်ယောက်ဖြစ်လာတဲ့အချိန်မှာလည်း တာဝန်ကျေရတာပေါ့။ ကိုယ့်ဘ၀အတွက် စည်းကမ်းပိုင်းနဲ့ ပတ်သက်ပြီး သင်ကြားပေးတယ်။ အချိန်ကို တန်ဖိုးရှိစွာ တိတိကျကျ အသုံးချ ဖို့ အဖေက ဆုံးမပေးတယ်။ ဘ၀မှာ အဖေက ဂစ်တာတီးသင်ပေးခဲ့တယ်။ ဒါတွေက အဖိုး မဖြတ်နိုင်တဲ့ အမှတ်တရ အမွေလေးတွေပေါ့။ သားနှစ်ယောက်အတွက် အဖေများနေ့မှာ လုပ်ပေးမယ် ဆိုတာထက် သူတို့လည်း အချိန်ရရင် ကိုယ်လည်းအချိန်ရတဲ့အခါမျိုးမှာ အတတ်နိုင်ဆုံး ဖခင်တစ်ယောက် အနေနဲ့ သူတို့ပျော်ရွှင်၊ စိတ်ချမ်းသာမယ့်ဟာတွေ လုပ်ပေးပါတယ်။ ဒီလိုနေ့မျိုးမှာ ကျွန်တော်မအားတော့ အချိန်မပေး ဖြစ်ဘူး။

Rဇာနည်

အဖေများနေ့မှာ တခြားအလုပ်လည်းမရှိဘူး။ ညနေကျမှ ညစာစားပွဲတစ်ခု သွားမယ်ဆိုတော့ တစ်နေကုန် အိမ်ကသားနဲ့ပဲနေတယ်။ သူရဲ့ ဝေယျာဝေစ္စတွေ လုပ်ပေးရတာပေါ့။ အရင်တုန်းက ကိုယ်က အဖေနေရာ မှာ မဟုတ်ဘူးလေ။ သားနေရာမှာဆိုတော့ ဘာမှထွေထွေထူးထူး မရှိဘူး။

ပေါ့ပေါ့ပါးပါးနဲ့ ကလေးတစ်ယောက်လို ဖြတ်သန်းလာတယ်။ အခု အဖေနေရာမှာဖြစ်တဲ့အခါကျတော့ ကိုယ့်သားသမီးအတွက် စိုးရိမ်ပူပန်တာတွေ ပိုလာတာပေါ့။ ကျွန်တော်တို့ လူပျိုတုန်းကတော့ မသိဘူး။ ဒီလို အဖေများနေ့တွေ ဘာတွေ ခေတ်စားသေးတာမဟုတ်ဘူး။ ဖစ်ဖစ်တုန်ရပြီးတော့မှ ဒီအဖေများနေ့ ဆိုတာ ခေတ်စားလာတဲ့ သဘောရှိတယ်။ မြန်မာတွေအနေနဲ့ ဒီဓလေ့ကို ကျင့်သုံးတဲ့ သဘောရှိတယ်။ ဘာတွေ အမှတ်တရဖြစ်လဲဆိုတော့ အဖေများနေ့မတိုင်ခင် သားနဲ့ ဓာတ်ပုံရိုက်တာတွေလုပ်ရတာက အမှတ်တရပေါ့။


7Day Daily
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...