ဘီဘာကို မမှီခိုဘဲ အောင်မြင်မှုများ ရှာဖွေပြမည့် ဆယ်လီနာဂိုမက်ဇ်
ဆယ်လီနာ ဂိုမက်ဇ် အနေဖြင့် ဂျက်စတင် ဘီဘာကို မှီခိုမှု မရှိဘဲ သူမကိုယ်တိုင် အောင်မြင်ထင်ရှားစွာ ရပ်တည်နိုင်ကြောင်း ပြသရန် ဆန္ဒပြင်းပြနေကြောင်း သိရှိရသည်။ Disneyစတား လူငယ်သရုပ်ဆောင် ဘဝမှ စတင်တက်လှမ်းလာသည့် အဆိုတော် မင်းသမီးလေးသည် ယခုအခါ ကနေဒါ Popဂီတကြယ်ပွင့် ဂျက်စတင်နှင့် အပြီးတိုင် လမ်းခွဲခဲ့ပြီး ဖြစ်သည်။ ဂျက်စတင်သည် ဆယ်လီနာနှင့် ချစ်သူများအဖြစ် ရှိနေ ချိန် အဆင်မပြေ ဖြစ်ခဲ့တိုင်း ဆယ်လီနာသည် ၎င်း၏ အရှိန်အဝါဖြင့် အောင်မြင်မှု ရနေသူဟု စကား နာ ထိုးလေ့ရှိကြောင်း နီးစပ်သူများက ဆိုသည်။
“သူတို့ချင်း ရန်ဖြစ်တာနဲ့ ဂျက်စတင် အမြဲတမ်းလိုလို ပြောလေ့ရှိတာကတော့ ဆယ်လီနာရဲ့ အနုပညာ ဘဝမှာ သူ့အကူအညီ မပါဘဲ ဒီလောက် အောင်မြင်လာမှာ မဟုတ်ဘူး ဆိုတာပါပဲ။ ဒီစကားကလည်း ဆယ်လီနာအတွက်တော့ မျက်နှာကို ဖြတ်ရိုက်လိုက်သလိုပဲ”ဟု ဆယ်လီနာ၏ သူငယ်ချင်း တစ်ဦးက Hollywoodlife.comသို့ ပြောကြားခဲ့သည်။
ဆယ်လီနာ၏ အဆိုပါ သူငယ်ချင်းကပင် “ဒီစကားမျိုးကို အကြိမ်ကြိမ် ပြောနေတဲ့ အခါကျတော့ ဆယ်လီနာ့ စိတ်ထဲမှာ ဘယ်သူ့ကိုမှ မမှီခိုဘဲ ကိုယ့်အရည်အချင်းနဲ့ကိုယ် ရပ်တည်ပြဖို့ အမြဲတမ်း အလေးအနက် တွေးလာခဲ့ပါတယ်။ ဂျက်စတင် ပြောခဲ့သမျှ စကားလုံးတိုင်း မှားယွင်းကြောင်းကို သူက ပြချင်နေတယ်။ ခုချိန်မှာတော့ ဆယ်လီနာရဲ့ စိတ်အခြေအနေက တိုက်ပွဲဝင် စစ်သည်တစ်ယောက်လိုပါပဲ။ ဒီမခံချင်စိတ်ကပဲ သူ့ရဲ့ အသည်းကွဲမှုတွေကို နောက်ချန်ထားဖို့ ကူညီခဲ့တယ်။ သူ့ဖုန်း Ringtone ကိုတောင် ကေတီပယ်ရီရဲ့ Roarသီချင်းနဲ့ ပြောင်းလဲ သတ်မှတ်ထားလိုက်ပါပြီ။ ခုချိန်မှာ ဂျက်စတင် မပါဘဲ သူ့အနုပညာဘဝ အောင်မြင်မှုတွေကို ရယူဖို့ ဆယ်လီနာက အင်မတန် စိတ်လှုပ်ရှား တက်ကြွနေ တယ်” ဟုလည်း မှတ်ချက်ပြုခဲ့သည်။ ဆယ်လီနာနှင့် ဂျက်စတင်တို့သည် (၂၀၁၀)ပြည့်နှစ်မှ ယခုနှစ် အစပိုင်းထိ ပြတ်လိုက်၊ ဆက်လိုက် ဆက်ဆံရေးမျိုး ရှိခဲ့ပြီး နောက်ဆုံးတွင်မူ အတည်ပြု လမ်းခွဲဖြစ်ခဲ့ကြ သည်။
Planet Myanmar Network
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
ကိုမျိုး (lwanmapyay.blogspot.com)