ပြည်တွင်းရှိ တိုက်ခိုက်ရ လွယ်ကူသော ၀က်ဘ်ဆိုက်များတွင် ဘဏ်များနှင့် နာမည်ကြီးကုမ္ပဏီများ ပါဝင်နေဟုဆို
မြန်မာနိုင်ငံရှိ နာမည်ကြီး ဘဏ်များနှင့် ကုမ္ပဏီများ၏ ၀က်ဘ်ဆိုက် လုံခြုံရေးကို ထိုးဖောက်ကြည့်ရာတွင် ဟက်ကာ များ တိုက်ခိုက်၍ရသော ၀က်ဘ်ဆိုက် အမျိုးအစားတွင် ပါဝင်နေသည်ကို တွေ့ရကြောင်း စင်ကာပူနိုင်ငံ အခြေစိုက် Cyber Security ကုမ္ပဏီတစ်ခုဖြစ်သည့် EyeD က ဆိုက်ဘာလုံခြုံရေး ဆိုင်ရာ မိတ်ဆက်ပွဲတွင် ပြောကြားလိုက်သည်။
‘‘ကျွန်တော်တို့ နာမည်ကြီး ၀က်ဘ်ဆိုက်တွေရဲ့ လုံခြုံရေး ထိုးဖောက်ကြည့်တဲ့ အခါမှာ ဖောက်လို့ရတဲ့ အမျိုးအစား ထဲမှာ ပါဝင်နေပါတယ်။ နာမည်ကြီး ဘဏ်များနဲ့ ကုမ္ပဏီတွေ ပါနေတာ ကိုလည်းတွေ့ရတဲ့ အတွက် မြန်မာနိုင်ငံရဲ့ Cyber Security အင်မတန်အားနည်း နေတာကို တွေ့ရပါတယ်’’ ဟု EyeD ကုမ္ပဏီနှင့် ပြည်တွင်း မိတ်ဖက်ကုမ္ပဏီ တစ်ခုဖြစ်သော SDI မန်နေဂျင်းဒါရိုက်တာ Dr. မာတင်ကျော်နန္ဒ က ပြောသည်။
လက်ရှိတွင် Cyber Security အားနည်းသော မြန်မာနိုင်ငံမဆိုထားနှင့် ကမ္ဘာ့နာမည်ကြီး ကုမ္ပဏီကြီး များဖြစ်သည့် DBS, PosB, Stand Bank နှင့် E-Bay ကဲ့သို့ ကုမ္ပဏီများပင် Cyber တိုက်ခိုက်မှုကို ခံနေရသည့်အတွက် အွန်လိုင်းပေါ်မှ ငွေပေးချေခြင်းနှင့် အွန်လိုင်းဘဏ်စနစ်တို့ကို စတင်ဆောင်ရွက်နေ သည့် မြန်မာနိုင်ငံအနေဖြင့် ယခုထက်ပို၍ Cyber Se-curity ကို မြှင့်တင်သွားရန် လိုအပ်နေကြောင်း EyeD ကုမ္ပဏီက အဆိုပါပွဲတွင် အကြံပြုခဲ့သည်။
‘‘မြန်မာနိုင်ငံမှာ အွန်လိုင်းငွေပေးချေ မှုတွေကို စတင်လုပ် ကိုင်နေပြီး အများပြည်သူရဲ့ ငွေကြေးတွေကို အွန်လိုင်းပေါ်မှာ သုံးစွဲရမှာဖြစ်တဲ့အတွက် ၎င်းတို့အတွက် လုံခြုံရေးကို တိုးမြှင့်မ ထားဘူးဆိုရင် ပြည်သူတွေက ယုံကြည်မှုပျက်သွားပြီး ရေရှည်မှာ လုပ်ငန်းကို ထိခိုက်လာနိုင်ပါတယ်’’ ဟု Dr. မာတင်ကျော်နန္ဒ က ဆိုသည်။
မြန်မာနိုင်ငံတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို လုပ်ကိုင်ခွင့်ပြု နေပြီဖြစ်သောကြောင့် ပြည်တွင်း ကုမ္ပဏီများ အနေဖြင့် အဆိုပါ ကုမ္ပဏီများဖြင့် ယှဉ်ပြိုင်၍ လုပ်ကိုင် သည်ဖြစ်စေ၊ လက်တွဲ၍ လုပ်ကိုင် သည်ဖြစ်စေ နိုင်ငံတကာ အဆင့်မီ အသိအမှတ်ပြု လက်မှတ် များကို ရရှိအောင်လုပ်ထားရန် လိုအပ်ပြီး လုံခြုံရေးမြင့်မားသော ဆက်သွယ်ရေး၊ ဘဏ် နှင့် အိုင်တီလုပ်ငန်း များကို တိုး မြှင့်ဆောင်ရွက်ရန် လိုအပ်ကြောင်း EyeD က ဆိုသည်။
7Day News Journal
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
ကိုမျိုး (lwanmapyay.blogspot.com)