ကျောင်းလား ထောင်လား ပြန်စဉ်းစားကြပါ

Written by အငြိမ်းစားကျောင်းဆရာတစ်ဦး

ယနေ့ကျောင်းများဖွင့်သည့်နေ့ဖြစ်သည်။ မနက်စောစော လမ်းလျှောက်ထွက်ကတည်းက အဖြူ အစိမ်းယူနီဖောင်း များ လှုပ်ရှားမှုကို စတင်တွေ့မြင်ရသဖြင့် ကြည်နူးပီတိဖြစ်မိသည်။ နှစ်သုတ်တက်ကျောင်းများတွင် တက်ရသူများ သည် မနက်စောစော သွားကြရသည်။ ဒါမှမဟုတ် ရုံးချိန် ကျောင်းချိန် ကားပိတ်သည့်ဒဏ်အတွက် စောစီးစွာ ကြိုတင်ထွက်သူများလည်း ဖြစ်နိုင်သည်။ သို့သော် ကျောင်းကြို ဖယ်ရီကားလေးတွေကိုလည်း တွေ့လာရသည်။ ရန်ကုန်တွင် ကျောင်းထားရသည်မှာ ကျောင်းပို့ ကျောင်းကြိုကိစ္စကပင် အလွန်ကြီးလေးသော တာဝန်ကြီးတစ်ခု ဖြစ်နေသည်။

လမ်းလျှောက်အပြန် လက်ဖက်ရည်ဆိုင်တွင်ထိုင်ပြီး သတင်းစာဖတ်နေစဉ် မျက်နှာချင်းဆိုင် စားပွဲသို့ မိသားစု တစ်စုဝင်ထိုင်လိုက်သည်ကို သတိပြုမိသည်။ ငါးတန်းလောက်အရွယ် ကျောင်းသူသမီးကို မိဘများက မုန့်ကျွေးနေ သည်။ မကြာမီ ကျောင်းကြိုကားရောက်လာသဖြင့် သမီးဖြစ်သူကို ကားပေါ်တင်ပေးပြီး သူတို့မိသားစု ပြန်ထိုင်ကာ စားသောက်နေစဉ် အငယ်မလေးဖြစ်ပုံရသော သုံးနှစ်အရွယ်ခန့်ရှိမည့် သမီးလေးက"မမကြီး ဘယ်သွားတာလဲ" ဟုစတင်ပြီး မေးလိုက်သည်။ ဘခင်ဖြစ်သူက ကျောင်းသွားတာပေါ့ဟု ပြောလိုက်ရာ သမီးလေးကထပ်ပြီး "ကျောင်းကို ဘာသွားလုပ်တာလဲ" ဟုမေးလိုက်သည်။

ကျောင်းကို ဘာသွားလုပ်တာလဲဟု ကလေး၏ အမေးစကားသည် ကျွန်တော့်ကို လှုပ်ခတ်လိုက်သလိုဖြစ်သွား သည်။ ကလေးတွေ ကျောင်းကို ဘာသွားလုပ်တာလဲဟု ကျွန်တော်ကလည်း သမီးကလေးလို ကိုယ့်ကိုယ်ကိုယ် မေးကြည့်လိုက်သည်။

ညက Discovery အစီအစဉ်ကိုကြည့်လိုက်ရသည်။ အာဖရိကတိုက်တွင် ဆင်းရဲတွင်းနက်နေသည့် အရပ်များမှ ကလေးသူငယ်များကို စာလိုက်သင်ပေးနေသည့် အဖွဲ့တစ်ဖွဲ့ကို မမျှော်လင့်ပဲတွေ့လိုက်ရသဖြင့် အစီအစဉ်ကို သတိ ထားကြည့်လိုက်မိသည်။ ကျောင်းမရှိသော ဒေသများတွင် ကလေးတွေကို မုန့်ပေးပြီးလူစုလိုက်သည်။ ပြီးနောက် တစ်ဦးက ရုပ်ပုံကားချပ်တစ်ခုကို ထောင်ပြီးကိုင်လိုက်သည်။ ရုပ်ပုံထဲတွင် လူတစ်ယောက်၏ပုံကိုဆွဲထားပြီး ဘေးတွင် စာတန်းလေးတွေကို မြားဖြင့်ထိုးထားသည်။ မျက်စိ၊ နား၊ နှာခေါင်း၊ လက်၊ ခြေထောက် စသည်တို့ကို သူတို့ဒေသစကားတွေနှင့်လည်း ရေးထားသလို၊ အင်္ဂလိပ်လိုလည်း ရေးထားသည်။ ဆရာလုပ်သူက တစ်ခုချင်းကို လက်နှင့် ထောက်ပြပြီး အသံထွက်ပြ၊ လက်တွေ့ကိုင်ပြသည်။ ကျွန်တော် မူလတန်း အင်္ဂလိပ်စာသင်စဉ်က ပထမတန်းနှင့် ဒုတိယတန်းအင်္ဂလိပ်စာသင်ရိုးပါ အချက်များနှင့် တူညီနေသည်ကို သွားပြီး သတိရမိသည်။ ယခုကလေးတွေကတော့ ကျောင်းမရှိသဖြင့် လမ်းပေါ်တွင် စုဝေးပြီး ဖြစ်သလို စာသင်နေကြရသည်။

တစ်နေ့တွင် ဆရာဖြစ်သူသည် ကလေးတွေကို သဲကန္တာရထဲ ဘတ်စ်ကားကြီးတစ်စီးဖြင့် ခေါ်သွားသည်။ ကလေးတွေကို ကန္တာရအလည်သို့ရောက်လျှင် ဆင်းစေပြီး ပထမဆုံးတွေ့သည် သစ်ပင်လေးကစကာ အမျိုးအစားကို အင်္ဂလိပ်လိုအသံထွက်ပြသည်။ ထိုသစ်ပင်ကို ဓားဖြင့် အစေးခြစ်ထုတ်ပြီးထွက်လာသည့် အဖြူရောင်နို့ကို အနာများတွင် ထည့်နိုင်ကြောင်းပြောသည်။

ထို့နောက် ဆက်ပြီးလမ်းလျှောက်ကြရာ တိရစ္ဆာန်လေးများကို လမ်းတွင်တွေ့သည့်အတိုင်း ကောက်ကိုင်လိုက်၊ ပြောလိုက်၊ ဆွေးနွေးလိုက်လုပ်နေသည်။ ကလေးတွေကိုလည်း အင်္ဂလိပ်လိုပင် ပြန်ပြောစေသည်။ အန္တရာယ်ရှိသော မြွေကိုလည်း ဆရာကဖမ်းပြပြီး အစွယ်တွေကိုပြသည်။ အဆိပ်ရှိသော ကင်းမြီးကောက် တစ်ကောင်ကိုပင် မည်သို့ ကိုင်တွယ်ရမည်ကို လက်တွေ့ပြသပြီး ကလေးတွေကို ကိုင်တွယ်ကြည့်စေသည်။ သဲကန္တာရကြီးတစ်ခုလုံးသည် ဆရာ့အတွက် ကျောက်သင်ပုန်းကြီးဖြစ်နေသည်။

ကလေးတွေက ပျော်လည်းပျော်၊ ခုန်ပေါက်မြူးတူးပြီး အော်လည်း အော်ကြသည်။ ကလေးဘဝပီပီ ကြောက်ရင် လည်းအော်နိုင်အောင်လုပ်ပေးထားသည်။ ပျော်လျှင်လည်း ရယ်မောနိုင်အောင် ဖန်တီးပေးထားသည်။ လွတ်လပ်ပေါ့ပါးသည့် သဘာဝစာသင်ခန်းကြီးတွင် အာဖရိကတိုက်မှ ကလေးများ၏ ရယ်သံလေးများနှင့် ရွှင်လန်းနေသော မျက်နှာလေးတွေက နေရောင်အောက်တွက် တောက်ပနေသည်။

မြန်မာပြည်စာသင်ခန်းတွေက လေးဘက်လေးတန် ကာရံထားသည့် နံရံအတွင်းသို့ ကျောင်းသားတွေကို မောင်း သွင်းနေသလို ခံစားရသည်။ ကျောင်းဆိုသည်မှာ အဆောက်အအုံတစ်ခုဖြစ်သည်။ အခန်းတစ်ခုထဲသို့ ဝင်ရမည်။ သတ်မှတ်ထားသည့် ထိုင်ခုံများတွင် သတ်မှတ်ချိန်အတိုင်း ထိုင်ရမည်။ မရယ်ရ။ မအော်ရ။ မဆူရ။ စကား မပြောရ။ တစ်ဦးနှင့်တစ်ဦး နောက်ပြောင် ကျီဆယ်ခြင်းမပြုရ။ ဆရာပြောတာနားထောင်၊ ပြန်ပြီးဆွေးနွေးဝေဖန် ခွင့်မရှိ။ ဖတ်စာအုပ်ဖွင့်။ အလွတ်ကျက်၊ ပြန်ဆို၊ အလွတ်ပြန်ရေး၊ တစ်လုံးမမှားစေနှင့်၊ ပြင်မရေး၊ ပြောင်းမရေး နှင့်ဆိုသည့်စနစ်တွေကြားတွင် ကျောင်းသားတွေကို လှောင်ပိတ်ထားသည်။ ကလေးဗဟိုပြုဆိုပြီး အသံကောင်း ဟစ်သော်လည်း လူကြီးများနှင့် ဆရာတွေကသာ ကြီးစိုးထားဆဲဖြစ်သည်။ ကျောင်းသည် ကျောင်းနှင့်မတူ ထောင်နှင့်ပိုပြီးတူသယောင် ခံစားမိသည်။ လက်ဖက်ရည်ဆိုင်က သမီးလေးတစ်ယောက် မေးလိုက်သလို ကျောင်းကို ဘာသွားလုပ်တာလဲဆိုသည့် စကားသံလေးကို ကျွန်တော်ပြန်ပြီးကြားယောင်နေမိသည်။ မိဘတွေ ကျောင်းကိုပို့နေတာလား၊ ထောင်ကိုပို့နေတာလားဟုလည်း ကျွန်တော်ပြန်ပြီး အတွေးပွားမိသည်။

လက်တွေ့မပါသော စာတွေ့များနှင့် ကျွန်တော်တို့ သားသမီးများကို ကာလရှည်ကြာစွာ ပိတ်လှောင်ထားခဲ့သည်။ သဘောတရားမပါသည့် စာတွေ့များဖြင့် ကြက်တူရွေးသင်ကြားနည်းအတိုင်း သင်ကြားနေကြသည်။ ဆရာတွေ ကလည်း ပြင်သင်စရာမလို၊ ထွင်သင်စရာမလိုသည့် ဘောင်အတွင်းရောက်နေသည်ဖြစ်ရာ ပြင်သင်ရကောင်းမှန်း ထွင်သင်ရကောင်းမှန်းလည်းမသိတော့။ ပညာရေးစနစ်က တီထွင်ဖန်တီး၊ ဆန့်ကျင်ဝေဖန်၊ အပြန်အလှန် ဆွေးနွေးနိုင်သည့် ပညာရေးမဟုတ်။ နှစ်ပေါင်းများစွာ ပညာရေးကို "ပြင်ညာရေး" အသွင်ဖြင့် ပြင်လိုက် ညာလိုက် ရေးလိုက် ဖျက်လိုက်နှင့်လုပ်နေသည်မှာ မည်သည့်အချိန်ကျမှ တည်ငြိမ်ပြီး ကမ္ဘာ့အဆင့်ကို ရောက်မည်မသိနိုင်။ သို့သော် ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သောနိုင်ငံကြီးကိုတော့ ဆိုင်းဘုတ်ကြီးများထောင်ကာ ယနေ့တိုင် တည်ဆောက်နေကြဆဲဖြစ်သည်။

မောက္ခပညာရေးမဂ္ဂဇင်း
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...