လူဦးရေ ကျုံ့လာရင် ဘာလုပ်ကြမလဲ
ကိုထိုက်
ဖေဖေရယ်၊ မေမေရယ်၊ ကလေး နှစ်ယောက်ရယ်။ ထိုလေးယောက်သည် ယနေ့ခေတ် အတွက် အသင့်တော်ဆုံး မိသားစု အရွယ်အစားဆိုလျှင် မမှား။ သိပ်လည်း မကြီးလွန်း သိပ်လည်း မသေး လွန်းသော မိသားစု အရွယ်အစား ဖြစ်သည်။
နိုင်ငံ့ စီးပွားရေး အတွက် ကြည့်လျှင်လည်း မိဘနှစ်ပါး နေရာမှာ သားသမီး နှစ်ယောက်က လုပ်သားများ အဖြစ် အစားထိုး ၀င်ရောက် ထမ်းဆောင်မည်မို့ နိုင်ငံ၏ ထုတ်လုပ်နိုင်စွမ်း ကျမ သွားအောင်လည်း ထိန်းထား နိုင်မည်။ သားသမီး နှစ်ယောက် အိမ်ထောင်ကျသည့် အခါ တွင်လည်း အထက်ပါ ပုံစံအတိုင်း ကလေးထပ်မွေးကာ နိုင်ငံ၏ လူဦးရေ ကို အတိုးအလျော့ မရှိအောင် ထိန်းထားနိုင် ကြမည်။ နိုင်ငံတစ် နိုင်ငံ အတွက် မျှခြေရှိသော လူဦးရေဟု ဆိုနိုင်သည်။
ထိုသို့ မျှခြေရှိသော လူဦးရေရှိ ဖို့ဆိုလျှင် နိုင်ငံတစ်နိုင်ငံရှိ အမျိုးသမီး တစ်ဦး၏ ကလေးမွေးနှုန်းသည် နှစ်ယောက် အထက် ရှိဖို့ လိုမည်။ တစ်နိုင်ငံလုံး အတိုင်းအတာ နှင့် ခြုံငုံ ပြောရလျှင် အမျိုးသမီး တစ်ဦး လျှင် ကလေး (၂ ဒသမ ၁) ယောက် မွေးဖို့ လိုအပ်သည်။ ချမ်းသာသော နိုင်ငံ များ တွင် (၂ ဒသမ ၁)၊ ဖွံ့ဖြိုးဆဲနှင့် ဆင်းရဲသော နိုင်ငံများတွင် ထို့ထက် အနည်းငယ် ပိုသင့်သည်။ အကြောင်းမှာ ဆင်းရဲသော နိုင်ငံများတွင် ကလေးများ ငယ်စဉ် သေဆုံးနှုန်း များပြား သောကြောင့် ကာမိစေရန် ဖြစ်သည်။ ထိုသို့ မွေးနှုန်း (၂) အထက် မွေးပါမှ အကြောင်း အမျိုးမျိုးကြောင့် သေဆုံးသွားမည့် ကလေးများကို ဖယ်လိုက် လျှင် မွေးနှုန်းသည် ၂ လောက်ရှိကာ နိုင်ငံအသီးသီးသည် မျှခြေ လူဦးရေတွင် ရှိနေမည် ဖြစ်သည်။
ကုလသမဂ္ဂ၏ လူဦးရေ ခန့်မှန်းချက် အရလည်း ရေရှည်တွင် မွေးနှုန်းများသည် မျှခြေနှုန်း ၀န်းကျင်တွင် ရှိလာကြကာ ကမ္ဘာလူဦးရေသည် မတိုးမလျော့ တည်ငြိမ်သည့် အနေအထား တစ်ခုသို့ ရောက်ရှိမည်ဟု သိရသည်။ လက်ရှိတွင် ကမ္ဘာ့ လူဦးရေသည် တိုးနေသေးသည် မှန်သော်လည်း ထိုတိုးနှုန်းသည် ယခင်ရှေ့ပိုင်းနှစ်များက မွေးနှုန်းတိုးခဲ့ခြင်း အကျိုးဆက် များသာ ဖြစ်သည်။ ထိုတိုးနှုန်းသည် မကြာခင် အမြင့်ဆုံးမှတ်ကိုရောက်ကာ ပြန်ကျလာမည် ဖြစ်သည်။
မိသားတစ်စု လျှင် ကလေးတွေ အများကြီး မွေးပါသည်ဟူသော အာဖရိကသည်ပင် မွေးနှုန်းများ ကျနေပြီ။ ၁၉၉၀-၉၅ ကာလတွင် အာဖရိက အမျိုးသမီး တစ်ဦးလျှင် ကလေး (၅ ဒသမ ၇) ယောက် မွေးခဲ့ရာမှ ၂၀၁၀-၁၅ ကာလတွင် မွေးနှုန်း (၄ ဒသမ ၇) ယောက်သာ ရှိတော့မည်ဟု ခန့်မှန်း တွက်ချက် ထား သည်။ တစ်ကမ္ဘာလုံး ပျမ်းမျှ မွေးနှုန်းသည်လည်း အမျိုးသမီး တစ်ဦးလျှင် ကလေး (၂ ဒသမ ၅) ယောက် နှုန်းသာ ရှိတော့သည်။
အမျိုးသမီး တစ်ဦးလျှင် ကလေး (၂) ယောက်နှုန်း ဟူသော လူဦးရေ မျှခြေကို ထိန်းထားနိုင်မည့် အမှတ် ကို မပြည့်မီသောနိုင်ငံ အရေအတွက် ပါ တိုးသထက် တိုးလာနေသည်။ တရုတ်နိုင်ငံတွင် (၁ ဒသမ ၅) ယောက်သာ ရှိသည်။ လူဦးရေ ထိန်းချုပ်ရန် ၁၉၇၀ ခုနှစ်များ ကတည်းက စတင်ကျင့်သုံး ခဲ့သော တစ်အိမ်ထောင် ကလေးတစ်ယောက် မူဝါဒကြောင့် ယခုလောက်ထိ ကျဆင်းလာခြင်း ဖြစ်သည်။ ယခု မူဝါဒကြောင့် တရုတ် လူဦးရေ ပေါက်ကွဲမှု ကို ထိန်းထား နိုင်သော်လည်း ယောက်ျားလေးကို ပိုအလေး ပေးသော တရုတ် လူမှုပုံစံ အရ တစ်ယောက်သာ ယူခွင့်ရှိသော ကလေးကို ယောက်ျားလေး ဖြစ်အောင် အမျိုးမျိုး ကြိုးပမ်းခဲ့ကြ ခြင်းကြောင့် နိုင်ငံတွင်း၌ ယောက်ျား ပမာဏများလာပြီး မိန်းမ ပမာဏ ကျဆင်း လာခြင်း အကျိုးဆက် ပေါ်လာသည်။ ဥရောပတိုက် တစ်ခုလုံး ပျမ်းမျှနှုန်းသည်လည်း (၁ ဒသမ ၆) ယောက် သာ ရှိသည်။ ဥရောပတောင်ပိုင်း နှင့် အရှေ့ပိုင်း နိုင်ငံများတွင် ထို့ထက်ပင် နည်း သေးသည်။ ဂျပန် နိုင်ငံတွင် မွေးနှုန်းများ ကျဆင်းနေသည်မှာ ဆယ်စုနှစ်များနှင့်ချီပြီ ဖြစ်ပြီး လက်ရှိတွင် (၁ ဒသမ ၄) ယောက်နှုန်း သာ ရှိသည်။ ဂျပန် လူဦးရေသည် တစ်နှစ်ပြီး တစ်နှစ် နည်းသထက် နည်းလာသည့် အခြေအနေ ကိုပင် ရောက်ရှိနေပြီ။ တောင်ကိုရီးယားက (၁ ဒသမ ၃)ယောက်သာရှိပြီး စက်မှု ဖွံ့ဖြိုးသော နိုင်ငံကြီးများထဲတွင် မွေးနှုန်း အနည်းဆုံး ဖြစ်သည်။ စီးပွားဖွံ့ဖြိုး အားကောင်းနေသော အရှေ့တောင် အာရှနိုင်ငံများတွင်လည်း မွေး နှုန်းများ အကျဘက်ကို ယိုင်နေပြီ။ မကြာမီ နှစ်ပိုင်းများ အတွင်းမှာပင် ကမ္ဘာ့ လူဦးရေ ထက်ဝက်ခန့်သည် လူဦးရေ မတိုးသည့် အပြင် ကျုံ့ပင်ကျုံ့ လာ သော နိုင်ငံများတွင် နေထိုင်နေကြတော့မည် ဖြစ်သည်။
မွေးနှုန်းများ ကျပြီး လူဦးရေ ကျုံ့လာခြင်းကို အစိုးရများလွန်စွာ စိတ်ပူနေသည်။ မွေးနှုန်းကျလျှင် နိုင်ငံတွင်း အလုပ်လုပ်နိုင် သူ ဦးရေ ကျမည်။ ထိုတစ်ချက်သည် ၀န်ထုပ် တစ်ခု ဖြစ်သည်။ မွေးနှုန်းများ ကျဆင်းနေ သော်လည်း ကျန်းမာရေး စောင့်ရှောက်မှု ကောင်းများကြောင့် အသက်ရှည်သူ တိုး ပွားလာကာ နိုင်ငံ တွင်း၌ အလုပ်လုပ်သူ နည်းပြီး မလုပ်နိုင်တော့သည့် သက်ကြီးပိုင်းဦးရေ များပြားလာကာ ထုတ်လုပ်နိုင် စွမ်းကျဆင်း ပြီး နိုင်ငံ့စီးပွား ၀န်ပိ လာမည့် ဒုတိယ အန္တရာယ်လည်း ရှိလာသည်။
သို့ဖြစ်ရာ အစိုးရအများအပြားသည် နိုင်ငံတွင်း မွေးနှုန်းများ တက်လာစေရန် အိမ်ထောင်သည်များ လွယ် လင့်တကူ ကလေး ယူနိုင်စေမည့် အစီအစဉ်များ ဖန်တီးကာ အားပေးသမှု ပြုလာရသည်။ ကုလသမဂ်္ဂ စာရင်းများအရ ဖွံ့ဖြိုးပြီးနိုင်ငံများ၏ သုံးပုံ နှစ်ပုံသည် ထိုသို့ အားပေးသည့် မူဝါဒများ ကျင့်သုံးလာကြောင်း သိရသည်။ ၁၉၉၆ ခုနှစ် က သုံးပုံတစ်ပုံနှုန်းမှ တက်လာခြင်း ဖြစ်သည်။ ဥရောပတွင် ထိုသို့ အားပေး သည့် မူဝါဒရှိသည့် နိုင်ငံ အများဆုံး တည်ရှိသည်။ ပြီးလျှင် အာရှတွင်လည်း အလားတူ မူဝါဒ ကျင့်သုံး သည့် နိုင်ငံများ တိုးသထက် တိုးလာနေပြီ။ ကလေးများလာသည်နှင့်အမျှ သက်ဆိုင်ရာ မိသားစုကို အခွန်လျှော့ ကောက်ပေးခြင်း၊ ကလေးများအတွက် အခမဲ့ သို့မဟုတ် အလွန် သက်သာသော နှုန်းဖြင့် ကျန်းမာရေးစောင့် ရှောက်မှုများ ပေးခြင်း၊ အမျိုးသမီးများ မီးဖွားခွင့် တိုးမြှင့်ပေးခြင်း၊ ကလေးတစ်ဖက် နှင့်ပင် အလုပ်လုပ်နိုင်အောင် ဖန်တီးပေးခြင်း စသဖြင့် ကလေးယူရန် အဆင်ပြေ စေမည့် လူမှုဝန်းကျင်မျိုး ထူထောင်ပေးခြင်းဖြင့် ကလေးမွေးနှုန်းများ တက်လာအောင် အစိုးရများက ကြိုးပမ်းလျက်ရှိသည်။
ထိုမူဝါဒများ ရည်မှန်းချက် ပေါက်မြောက်သည့် နိုင်ငံများလည်း ရှိသည်။ ပြင်သစ်၊ စပိန် စသည့် ဥရောပ နိုင်ငံများတွင် ယခုအခါ မျှခြေမွေးနှုန်း (၂) ကို ပြည့်မီဖို့ နီးစပ် သထက် နီးစပ် လာနေပြီ။ အမျိုးသမီးများ လည်း ကလေးရှိလာရင် အလုပ်ထွက်ပြီး အိမ်မှာ နေရမှာ မလိုလား၍ ကလေးယူဖို့ ဆိုင်း ထားခြင်းမျိုး မရှိတော့ဘဲ စိတ်ချစွာ ကလေးယူနိုင်လာသည်။ အကျိုးဆက် အဖြစ် မွေးနှုန်းများ ပြန်တက်လာသည်။ မူဝါဒများ ကျင့်သုံးသည့်တိုင် သက်ရောက်မှု မပြသော နိုင်ငံများလည်း ရှိသည်။ ဂျာမနီသည် ဥရောပနိုင်ငံ များ အနက် လစာပြည့် မီးဖွားခွင့်ကို ရက်ရက်ရောရော အပေးဆုံးနိုင်ငံ ဖြစ်သည့်တိုင် မွေးနှုန်းကား (၁ ဒသမ ၄) ယောက်ဖြင့် ဥရောပတွင် အနိမ့်ဆုံး ဖြစ်ကာ နိုင်ငံလူဦးရေသည် အကျဘက်ကို ရောက် လာနေပြီ။ မူဝါဒ မကျင့်သုံးသည့် တိုင်မျှခြေမှာ မြဲနေသော နိုင်ငံများလည်း ရှိသည်။ ဥပမာ အမေရိကန် သည် ကလေးယူဖို့ အားပေးသည့် မူဝါဒမျိုး တိတိကျကျ လုပ်မ ထားသလို မီးဖွားခွင့်ကိုလည်း အများနည်း တူသာ ပေးထားသည့် တိုင်မွေးနှုန်းကား မျှခြေနားတွင် တည်မြဲနေသည်ကို တွေ့နိုင်သည်။
သို့သော် စဉ်းစားစရာ တစ်ချက်ရှိသည်။ နိုင်ငံတစ်နိုင်ငံ၏ ထုတ်လုပ် နိုင်စွမ်းကို လူဦးရေနဲ့ချည်း တွက်ချက် လို့ ဖြစ်နိုင်ပါမည်လား ဟူသော မေးခွန်း။ ထိုမေးခွန်း အတွက် သင့်တော်သော အဖြေရှာတွေ့ရန် သြစတြီးယားနိုင်ငံ ဗီယင်နာမြို့ စီးပွားရေး တက္ကသိုလ်မှ အဲရစ်စထရားနစ်နှင့် လာဇမ်ဘာ့မြို့မှစနစ်များ သုံးသပ်ခြင်း ဆိုင်ရာ သိပ္ပံမှ ၀ို့ဂန်လုဇ်တို့ ပူးပေါင်း သုတေသန ပြုခဲ့သည်။ နိုင်ငံ တစ်နိုင်ငံ၏ ကုန်ထုတ် လုပ် နိုင်စွမ်းကို ထိုနိုင်ငံ အတွင်းရှိ မှီခိုသူ ကလေးနှင့် သက်ကြီးရွယ်အို ပမာဏနှင့် အလုပ်လုပ်နိုင်သူ ပမာဏ မည်သူ ပိုများကြောင်း ယှဉ်ပြီး တွက်ချက်ရုံနဲ့ မမှန်ကန်နိုင်ကြောင်း ၎င်းင်းတို့၏ သုတေသနက ထောက်ပြသည်။ သက်ဆိုင်ရာ နိုင်ငံရှိ လူများ ပညာတတ်နှုန်းသည်လည်း နိုင်ငံ၏ ကုန်ထုတ်လုပ်နိုင် စွမ်းအပေါ် လွှမ်းမိုးမှု ရှိကြောင်း သုတေသန က မီးမောင်းထိုးပြသည်။
လူဦးရေ ညီမျှတိုင်း ထုတ်လုပ်နိုင် စွမ်းချင်းတူမည်ဟု မဆိုနိုင်။ ပညာတတ်သော လူများက ထုတ်လုပ် နိုင်စွမ်း ပိုမြင့်မားသည်။ ပိုကျန်းမာ သည်။ အငြိမ်းစားယူသည့် ကာလ နောက်ကျ သဖြင့် အလုပ်လုပ်နိုင် သည့် သက်တမ်းလည်း ပိုရှည်ကြာကြသည်။ အသက်လည်း ပိုရှည်ကြသည်။ ကမ္ဘာ့  နိုင်ငံ အတော်များ များတွင် ပညာရေး အဆင့်အတန်းလည်း မြင့်သထက် မြင့်လာနေကြောင်း စာရင်းများအရ သိရသည်။ ကမ္ဘာ့ နိုင်ငံ ၁၉၅ နိုင်ငံကို လေ့လာ ကြည့်ချက် အရ ပညာရေး မြင့်မားသော နိုင်ငံများ၏ မွေးနှုန်းသည် (၁ ဒသမ ၅) မှ (၁ ဒသမ ၈) ကြား ထိရှိနေပြီး မျှခြေအမှတ် ၂ ကို နီးကပ် နေကြကြောင်း တွေ့ရသည်။
လူအများစုကြီးကို ပညာတတ်မြောက်အောင် သင်ကြားပေးရခြင်းသည် ကနဦး ကုန်ကျစရိတ်တော့ များသည်။ တိုက်ရိုက် ကုန်ကျစရိတ်လည်း များသလို ပညာသင်နေ ကြရသဖြင့် လုပ်ငန်းခွင် ၀င်ချိန်လည်း နောက် ကျကြသည်။ သို့သော် ပညာတတ်လာသူ များသည် အလုပ်ခွင်ဝင်သည့် အခါတွင် ကား ပညာရည် မမြင့်မားသူများ ထက် ထိရောက်စွာ လုပ်နိုင်စွမ်းပို အားကောင်းကြသလို အငြိမ်းစား ယူချိန် လည်း နောက်ကျ သဖြင့် ၎င်း တို့၏ ထုတ်လုပ်နိုင်စွမ်းက ပိုကြီးမားသည်ကို တွေ့နိုင်သည်။ ပညာရေးတွင် ရင်းနှီး မြှုပ်နှံခြင်းသည် တန်သော အလုပ်ဟု ဆိုနိုင်သည်။ ထို့အပြင် အနာဂတ်တွင် ကမ္ဘာ့ လူဦးရေ အကျဘက်ကို ရောက်လာပါကလည်း လူသားများ ပယောဂကြောင့် ရာသီဥတု ပြောင်းလဲမှုများ လျော့ကျ သွားမည် ဖြစ်သည်။
သို့ဖြစ်ရာ မွေးနှုန်းများ ကျဆင်းနေသဖြင့် စိုးရိမ်နေသော အစိုးရများ အနေဖြင့် မွေးနှုန်းများ တက်အောင် လူမှုဖူလုံရေး စရိတ်များ တိုးမြှင့် ထောက်ပံ့ခြင်း၊ အခွန်များ လျှော့ပေါ့ပေးခြင်း နည်းများကို ချည်းသုံးကာ လူအရေအတွက် တိုးအောင်လုပ်ခြင်းနည်းသာမ က ရှိနေသော နိုင်ငံလူဦးရေတွင် ပညာတတ်သူ များသ ထက် များလာအောင်လည်း မြေတောင် မြှောက်ပေး သင့်သည်။ ထိုသို့ လုပ်ပေးနိုင်ပါက နိုင်ငံလူဦးရေ နည်းနေမည် ဖြစ်သည့် တိုင် လုပ်နိုင်စွမ်း မြင့်မားသော လူ အများစု ရှိနေသည့်အတွက် နိုင်ငံ၏ ကုန် ထုတ်လုပ်နိုင်စွမ်းသည် ဆက်လက်မြင့်တက် နေမည်ဖြစ်သည်။ ပညာရည်မြင့်မားသူများ ရှိနေသော နိုင်ငံသည် လူဦးရေ နည်းနေသည့်တိုင် ကုန်ထုတ်လုပ်နိုင်စွမ်း ပိုမြင့်မားလာနိုင်သည် ဟု မူအရ သေချာသော်လည်း လက်တွေ့ တွင်ကား ကမ္ဘာ့ နိုင်ငံများသည် အရေအတွက်ကိုသာ အားထားနေကြ ဆဲဖြစ်ကြောင်းလည်း မြင်နိုင်သည်။ အခြားအချက်ကို မကြည့်နှင့် နိုင်ငံ များ၏ စစ်အင်အားကိုပင်လျှင် စစ်သားဦးရေ မည်မျှ ရှိကြောင်းလောက်ကိုသာ အဓိကထား ပြောဆိုနေကြဆဲ ဖြစ်သည်ကို တွေ့နိုင် သည်။ ပြည်ပရန်ကို ကြောက်နေ ရသော နိုင်ငံများကို ကြည့်လျှင် လည်း ထိုနိုင်ငံများသည် အရေအတွက် ကို မသိမသာ အားကိုးမိနေကြဆဲ ဖြစ်ကြောင်း မြင်နိုင်သည်။ အစ္စရေး ကိုပင် ကြည့်ပါ။ ဖွံ့ဖြိုး တိုးတက်သော နိုင်ငံကြီးများတွင် မွေးနှုန်းများ ကျနေချိန်တွင် အစ္စရေးသည် လက်ရှိမှာပင် မွေးနှုန်း (၂ ဒသမ ၉) ယောက် ရှိ နေသည်ကို မြင်နိုင်သည်။
Ref: Demography, Quality time (The Economist)
The Messenger
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
ကိုမျိုး (lwanmapyay.blogspot.com)