ဥရောပနှင့် အမေရိကတွင် စီးပွားရေး ကျဆင်းမှုကြောင့် ကိုယ့်ကိုယ်ကိုယ် သတ်သေမှုပေါင်း ၁၀၀၀၀ ခန့် ဖြစ်ပွား


လန်ဒန်၊ ဇွန် ၁၂

ဥရောပနှင့် မြောက်အမေရိကတွင် စီးပွားရေး ကျဆင်းမှုကြောင့် ကိုယ့်ကိုယ်ကိုယ် သတ်သေမှုပေါင်း ၁၀၀၀၀ ခန့် ဖြစ်ပွားခဲ့သည်ဟု ဗြိတိန် သုတေသန ပညာရှင်များ၏ လေ့လာချက်တစ်ရပ်အရ သိရှိ ရကြောင်း BBC သတင်းဌာနတွင် ဖော်ပြထားသည်။

ဗြိတိန် စိတ်ပညာဆိုင်ရာ ဂျာနယ်တွင် ဖော်ပြထားသော သုတေသနစာတမ်း တစ်စောင်အရ စီးပွားရေး ကျဆင်းမှု ကာလအတွင်းတွင် ကိုယ့်ကိုယ်ကိုယ် သတ်သေမှုနှုန်း သိသိသာသာ မြင့်တက်ခဲ့ကြောင်း တွေ့ရှိရသည်။

အဆိုပါ စီးပွားရေး ကျဆင်းမှုနှင့် ကိုယ့်ကိုယ်ကိုယ် သတ်သေမှုနှုန်း ဆက်စပ်မှု သုတေသနကို University Of Oxford နှင့် London School of Hygiene & Tropical Medicineတို့က ဥရောပနိုင်ငံ ၂၄ နိုင်ငံ၊ အမေရိကန် ပြည်ထောင်စုနှင့် ကနေဒါနိုင်ငံတို့မှ အချက်အလက်များကို သရုပ်ခွဲလေ့လာခဲ့ခြင်း ဖြစ်သည်။

ထိုသုတေသနအရ ဥရောပနိုင်ငံများတွင် ၂၀၀၇ ခုနှစ်အထိ ကိုယ့်ကိုယ် ကိုယ်သတ်သေမှုနှုန်း ကျဆင်းနေ ခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် ၆ ဒသမ ၅ ရာခိုင်နှုန်း တိုးလာခဲ့ကာ ၂၀၁၁ ခုနှစ်အထိ ဆက်လက် မြင့်တက်နေ ခဲ့ကြောင်း တွေ့ရှိရသည်။

ထို့အတူ ကနေဒါနိုင်ငံတွင်လည်း မူလက ကိုယ့်ကိုယ်ကိုယ် သတ်သေမှုနှုန်း ကျဆင်းနေရာမှ ၂၀၀၈ ခုနှစ် တွင် ကမ္ဘာ့စီးပွားရေး အကျပ်အတည်း စတင်ဖြစ်ပွားသော အခါ၌ ပုံမှန်ထက် ကိုယ့်ကိုယ်ကိုယ် သတ်သေ မှုပေါင်း ၂၄၀ ခန့် ပိုမိုဖြစ်ပွားခဲ့သည်။ အမေရိကန် ပြည်ထောင်စုတွင်မူ မူလကတည်းက ကိုယ့်ကိုယ့် သတ်သေမှုနှုန်း မြင့်တက်လျှက် ရှိသော်လည်း စီးပွားရေး အကျပ်အတည်း ကာလအတွင်း ရောက်ရှိသော အခါတွင် ပုံမှန်ထက် ကိုယ့်ကိုယ်ကိုယ် သတ်သေမှုပေါင်း ၄၇၅၀ ပိုမိုဖြစ်ပွားခဲ့သည်။

အလုပ်အကိုင် ဆုံးရှုံးခြင်း၊ အကြွေးမဆပ်နိုင်၍ အိမ်အသိမ်းခံရခြင်းနှင့် ကြွေးမြီ ထူပြောခြင်းတို့မှာ ကိုယ့် ကိုယ်ကိုယ် သတ်သေမှု ဖြစ်ပွားရခြင်း၏ အဓိက အကြောင်းအရင်းများ ဖြစ်သည်ဟု ဗြိတိန် သုတေသန ပညာရှင်များ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

သို့ရာတွင် အချို့သော နိုင်ငံများမှာမူ ထိုသီအိုရီအတိုင်း ဖြစ်ပွားခဲ့ခြင်းမရှိဘဲ ဆွီဒင်၊ ဖင်လန်နှင့် သြစတြီး ယား နိုင်ငံတို့တွင် စီးပွားရေး အကျပ်အတည်း ကာလအတွင်း၌လည်း ကိုယ့်ကိုယ်ကိုယ် သတ်သေမှုနှုန်း မြင့်တက်ခဲ့ခြင်း မရှိချေ။

“စီးပွားရေး အကျပ်အတည်း ကာလမှာ ကိုယ့်ကိုယ်ကိုယ် သတ်သေမှုနှုန်း မြင့်တက်တယ် ဆိုတာကို သက်သေပြဖို့ အထောက်အထားတွေ အများကြီး ရှိပါတယ်။ ဒါပေမဲ့ အံ့သြစရာကောင်းတာက နေရာ တိုင်းမှာ အဲဒီလို မဖြစ်တာပါပဲ။ ဆွီဒင်၊ ဖင်လန်နဲ့ သြစတြီးယား နိုင်ငံတို့မှာဆိုရင် ကိုယ့်ကိုယ် ကိုယ် သတ်သေမှုနှုန်း လုံးဝမမြင့်တက်ခဲ့ပါဘူး” ဟု University Of Oxford မှ ဒေါက်တာ အေရွန်ရိဗ် က ပြောကြားသည်။

“ဒါဟာ တိုင်းပြည်တစ်ပြည်မှာ မူဝါဒချမှတ်မှုက ဘယ်လောက် အရေးကြီးတယ် ဆိုတာကို ပြနေပါတယ်။ ကိုယ့်ကိုယ်ကိုယ် သတ်သေမှုနှုန်း မမြင့်တက်တဲ့ တိုင်းပြည်တွေမှာ အလုပ်အကိုင် ဆုံးရှုံးသွားတဲ့သူတွေကို အလုပ်ပြန်ရဖို့အတွက် သင်တန်းပေးတာ၊ အကြံပေးတာအပြင် ငွေကြေးအရ ထောက်ပံ့ပေးတဲ့ အစီအမံ မျိုးတွေတောင် ရှိတာကို တွေ့ရပါတယ်” ဟုလည်း ၎င်းကပြောကြားသည်။


The Voice Journal
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...