ဆိုက်ဘာတိုက်ခိုက်မှု မြင့်တက်လာပြီး ဟက်ကာများ ပိုမိုအဆင့်မြင့်လာကြောင်း စစ်တမ်းတစ်ခု ဖော်ပြ

အမေရိကန် စီးပွားရေးလုပ်ငန်းများ၊ ဥပဒေရေးရာ ဝန်ဆောင်မှုများနှင့် အစိုးရ အေဂျင်စီများမှ အမှုဆောင် ၅၀၀ ဦးထံ စစ်တမ်း ကောက်ယူချက်အရ ဟက်ကာများသည် အွန်လိုင်းတိုက်ခိုက်မှုများဖြင့် ကွန်ပျူတာများထံ ချိုးဖောက်ဝင်ရောက်ကာ အချက်အလက် ခိုးယူကြကြောင်းနှင့် ဟက်ကာများသည် ၎င်းတို့ကို တားဆီးမည့် သူများထက် နည်းပညာပိုင်းတွင် ပိုမိုအဆင့်မြင့်လာကြောင်း သိရသည်။
၁၂ ကြိမ်မြောက် နှစ်စဉ် ကောက်ယူခဲ့သည့် ဆိုက်ဘာတိုက်ခိုက်မှု စစ်တမ်းအရ ဖြေကြားသူ လေးဦးအနက် သုံးဦးသည် ပြီးခဲ့သည့်နှစ်က လုံခြုံရေး ချိုးဖောက်မှု တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပြီး အဖွဲ့အစည်း တစ်ခုလျှင် လုံခြုံရေး ချိုးဖောက်မှု ၁၃၅ ကြိမ် ဖြစ်ပွားခဲ့ကြောင်း ဆိုသည်။
စစ်တမ်းကောက်ယူရာတွင် ကူညီထောက်ပံ့သည့် အမေရိကန်လျှို့ဝှက်ဝန်ဆောင်မှု၏ ဒုစရိုက်မှု စုံစမ်းစစ်ဆေးရေး ဌာနမှ အကြီးအကဲဖြစ်သူ Ed Lovery က ဆိုက်ဘာလုံခြုံရေး နည်းပညာများတွင် ရင်းနှီးမြှုပ်နှံမှု အများအပြား ပြုလုပ်ခဲ့ကြသော်လည်း ဆိုက်ဘာ ဒုစရိုက်သမားများက အဆိုပါ နည်းပညာများကို ချိုးဖောက်ပြီး အရေးကြီးသည့် အချက်အလက်များကို ရယူရန်အတွက် နည်းလမ်းမျး ဆက်လက်ရှာဖွေနေကြကြောင်း ပြောကြားခဲ့သည်။
ထို့အပြင် ကုမ္ပဏီများနှင့် အစိုးရအေဂျင်စီများ အနေဖြင့် ဆိုက်ဘာလုံခြုံမှု အတွက် မတူညီသည့် ချဉ်းကပ်မှုများဖြစ်သည့် antivirus software အသုံးပြုခြင်း၊ ဝန်ထမ်းများကို လေ့ကျင့်ပေးခြင်း၊ တင်းကျပ်သည့် လုပ်ဆောင်ချက်များ သတ်မှတ်ခြင်း တို့ကို ပြုလုပ်ရန် လိုအပ်ကြောင်း ဆိုခဲ့သည်။
ထိပ်တန်း ဆိုက်ဘာတိုက်ခိုက်မှု နည်းလမ်း ၅ ခုကိုလည်း အထက်ပါ စစ်တမ်းတွင် ဖော်ပြခဲ့ပြီး ၎င်းတို့မှာ malware, phishing, network interruption, spyware နှင့် denial-of-service တိုက်ခိုက်မှုများဖြစ်ကြောင်း သိရသည်။ ထို့အပြင် တိုက်ခိုက်သူများသည် ကန်ထရိုက်တာများ၊ လက်ရှိ သို့မဟုတ် ယခင် ဝန်ထမ်းများ၊ ဝန်ဆောင်မှုကုမ္ပဏီများမှ အတွင်းလူများဖြစ်ကြောင်း အထက်ပါ စစ်တမ်းတွင် ဖော်ပြခဲ့သည်။
-နောင်နောင်
Ref: AP
Internet Journal
အတွဲ (၁၅)၊ အမှတ် (၂၁)
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
ကိုမျိုး (lwanmapyay.blogspot.com)