ကလေးများရဲ့ စာမျက်နှာ

ဘယ်နေရာကိုပဲကြည့်ကြည့် ကလေးတွေအတွက် ဦးစားပေးလုပ်ငန်းတွေ မရှိသလောက် ရှားတာ ကိုတွေ့ရတော့ စိတ်မကောင်းပါဘူး။ တချို့ အဖွဲ့အစည်းများကလည်း ကလေးများအတွက် အမည်ခံပြီး လူကြီးကသာလျှင် အကျိုးအမြတ်များစွာ ရနေတာကိုလည်း မြင်ရမှာပါ။ ကလေးစိတ် ပညာသင်ခဲ့ရစဉ်က ဆရာ၊ ဆရာမတွေပြောတဲ့ စကားကို သတိရနေမိပါတယ်။ ကလေးတွေကို အကောင်းဆုံး ဆိုတာတွေနဲ့ ပြုစုပျိုးထောင်ကြပါတဲ့။ ဒါမှ အကောင်းစားကလေးတွေ ဖြစ်လာမှာတဲ့။
လူမှုရေး အဖွဲ့အစည်းမှာ လုပ်အားပေး လုပ်ခဲ့စဉ်က ကလေးတွေအတွက် အစီအစဉ်တွေ ပါပါတယ်။ ကျောင်းအပ်တာ၊ အာဟာရကျွေးတာ၊ ကျန်းမာရေးစောင့်ရှောက်တာ စသဖြင့်ပေါ့။ ဒီအစီအစဉ်တွေကို လူကြီးများက စီစဉ်ဆောင်ရွက်ကြတာပါ။ ကျောင်းအပ်ရာသီရောက်ရင် ကလေးတွေအတွက် လွယ်အိတ်၊ စာအုပ်၊ ခဲတံ၊ ထီး၊ ထမင်းဘူး စတာတွေကို ထောက်ပံ့ကြပါတယ်။ တချို့အဖွဲ့များထောက်ပံ့တဲ့ လွယ် အိတ်များဟာ ကျောင်းစတက်ချိန်မှာပဲ ကြိုးပြတ်တာ၊ ထီးချုပ်ရိုးတွေ ပွင့်ထွက်ကုန်တာ တွေ့ခဲ့ရပါတယ်။ ချပေးတဲ့ ဘတ်ဂျက်ထဲကနေ ၀ယ်ပေးရတဲ့အတွက် အဖိုးနည်းဝန်ပါ လုပ်ကြတာပါ။ ဒီတော့ ကျွန်မက တောင်းဆိုဖူးပါတယ်။ လွယ်အိတ်ကောင်းကောင်း တစ်လုံးလောက်ပဲ ၀ယ်ဖို့။ ဒါမှမဟုတ် ထီးကောင်းကောင်း တစ်လက်ဝယ်ဖို့ ပြောမိပါတယ်။ ကျွန်မစကား အရာမထင်ခဲ့ပါဘူး။ ကလေးတို့ စိတ်ဖြောင့်ဖြောင့် ချမ်းချမ်းသာသာနဲ့ လွယ်အိတ်လေး လွယ်စေချင်ပါတယ်။ အမိုးအကာ လုံခြုံကျန်းမာတဲ့ ထီးလေးဆောင်းပြီး ကျောင်းတက်စေချင်ပါတယ်။ ငါ့လွယ်အိတ်ကြိုးလေး ဘယ်တော့ပြတ်မလဲဆိုတဲ့ စိုးရိမ်စိတ်တွေနဲ့ ကျောင်းမတက်စေချင်ပါဘူး။ အဖွဲ့အစည်းများကလည်း အလှူရှင်များကို ပြတဲ့အခါ ဒီလောက်ငွေနဲ့ ဒါတွေအများကြီး ပံ့ပိုးနိုင်တယ်ဆိုတာကို ဂုဏ်ယူနေကြပုံရပါတယ်။ ဒီလို ထီးတွေ၊ လွယ် အိတ်တွေ ပေးတဲ့အခါတိုင်း ကလေးများကို ကျွန်မ သတိထားကြည့်မိပါတယ်။ သူတို့ စိတ်မ၀င်စားပါဘူး။ ဗလာစာအုပ်မှာ ပါလာတဲ့ ကာတွန်းရုပ်ကို စိတ်ဝင်စားတာကို အများဆုံး တွေ့ရပါတယ်။ ဒီပစ္စည်းတွေ ရဖို့လည်း ကလေးတွေတောင်းဆိုတာ မဟုတ်ပါဘူး။ လူကြီးတွေက လိုအပ်တယ်ဆိုပြီး တောင်းဆိုခဲ့ကြ တာပါ။
နွေရာသီ ကျောင်းပိတ်ရက်ရောက်တိုင်း ကလေးတွေအတွက် ပြုလုပ်ပေးတဲ့ သင်တန်းတွေမှာ ဆရာမ အဖြစ် လုပ်အားပေးနေလေတော့ ကလေးတွေနဲ့ နှစ်စဉ်မပြတ် ထိတွေ့ခဲ့ပါတယ်။ ကျွန်မက ကလေးတွေ ကို သင်ကြားပေးရသလို ကလေးတွေကလည်း ကျွန်မကို ပြန်သင်ကြားပေးခဲ့တာတွေ ရှိခဲ့တယ်ဆိုတာ ၀န်ခံပါတယ်။ ကလေးဆိုတာ လောဘကြီးတတ်တဲ့ အမျိုးအစား မဟုတ်ပါဘူး။ သူတို့တွေရဲ့ စိတ်ကျေ နပ်ပျော်ရွှင်မှုဟာ ငွေကြေးလည်း မဟုတ်ပါဘူး။ ရုပ်ဝတ္ထုလည်း မဟုတ်ပါဘူး။ သဘာဝကိုက ဖြူစင်ရိုး သားကြပါတယ်။ သူတို့ဖြစ်ချင်တာလေးတွေကလည်း လူကြီးတွေလို မျှော်လင့်ချက်နဲ့ မဟုတ်ပါဘူး။ သူ တို့ဖြစ်ချင်တာ တစ်ခုခုကို လုပ်လိုက်ရရင် ကျေနပ်နေတတ်ကြပါတယ်။ သိပ်ချစ်စရာ ကောင်းပါတယ်။
ကျွန်မတပည့် အများစုက ဖြစ်ချင်တာကို အမျိုးမျိုး တောင်းဆိုတတ်ကြပါတယ်။ သူတို့တောင်းဆို သမျှက လည်း ကျဉ်းထဲကျပ်ထဲ ရောက်လောက်အောင် မဟုတ်ပါဘူး။ ဒီတော့ မဖြစ်ဖြစ်အောင် လုပ်ပေးရမယ့် တာဝန်က ဆရာမတစ်ယောက်မှာ ရှိလာပါလေရော။ တစ်နှစ် နွေရာသီသင်တန်းမှာ ကျွန်မတို့အသင်းက ကလေး ၄၃ ယောက်နဲ့ ဆရာ၊ ဆရာမ လေးယောက်ရှိပါတယ်။ သင်တန်းရဲ့ စွမ်းရည်ပြပွဲ အ လှည့်ရောက်တော့ အသင်းခေါင်းဆောင်ကလေး အပါအ၀င် ကလေးအများစုက ပြကွက်တစ်မျိုးနဲ့ လုပ်ချင် လာပါတယ်။ ကျန်ဆရာများကတော့ တစ်မျိုးလုပ်ချင်ပါတယ်။ ကျွန်မကတော့ ဆရာမတွေထဲမှာ အကြီးဖြစ် လို့ ဘေးကနေ စောင့်ကြည့်နေမိပါတယ်။ ဆရာမများကလည်း သူတို့လုပ်ချင်တာကိုပဲလုပ်ဖို့ ကလေးတွေ ကို အတင်းစွတ်ပြောလာပါတယ်။ ကြောက်တတ်ပုံရတဲ့ အေးတဲ့ကလေးတွေကတော့ ခေါင်းလေးတွေ တညိတ်ညိတ်နဲ့ပေါ့။ ကျန်ကလေးတွေကတော့ သူတို့ပြကွက်သာလျှင် ဆုရမယ့်ပြကွက် ဖြစ်တယ်လို့ ပြောပြီး ဆရာမတွေပြောတဲ့ ပြကွက်ကို မလုပ်နိုင်ကြောင်း၊ ဆုမရနိုင်ကြောင်း ပြန်လည်ပြော ဆိုပါတယ်။ ဆရာမတို့ရဲ့ပြကွက်ဟာ ရိုးလွန်းနေပြီး အခြားအသင်းတွေနဲ့လည်း ပုံစံတူနေကြောင်းကို အချက်ကျကျ ပြောလာပါတယ်။ ဆရာမတွေ စိတ်ဆိုးသွားကြပါတယ်။ ဒီတော့ ကျွန်မက အကြီးပီပီ ထိန်းရမယ့်အချိန် ရောက်လာတာပေါ့။ ဆရာမတွေကိုလည်း ဖျောင်းဖျပြောဆိုမိပါတယ်။ ဒါပေမဲ့ ဆရာမ များက လုံးဝလက် မခံပါဘူး။ ကလေးများကတော့ ကျွန်မကို အားကိုးတကြီး မော့ကြည့်နေကြပါတယ်။
ဒီတော့ ကျွန်မက လူမိုက်လုပ်ရတော့တာပေါ့။ ကဲကလေးတို့ မင်းတို့ဖြစ်ချင်တာ ဆရာမကူမယ်။ မင်းတို့ လုပ်ချင်တာကိုတော့ အကောင်းဆုံးလုပ်ရမယ်။ မကောင်းရင် ဆရာမ မင်းတို့ကို နောက်ဆို အလိုမ လိုက်တော့ဘူးလို့ ကြားဝင်လိုက်ရပါတယ်။ ဆုရရမယ်လို့ သူတို့ကို မပြောခဲ့မိပါဘူး။ အကောင်းဆုံး လုပ် ရမယ်ဆိုတဲ့ ကတိပဲ တောင်းလိုက်ပါတယ်။ ဆုဆိုတာကြီးနဲ့ ကလေးတွေကို မချုပ်ကိုင်ချင်လို့ပါ။ ကျန် ဆရာမများ မပါဘဲနဲ့ ကလေးတွေအားလုံး သူတို့ရဲ့စွမ်းရည်ကို လေ့ကျင့်ကြပါတယ်။ ကျွန်မကတော့ ခပ်လှမ်းလှမ်းကပဲ ထိုင်ကြည့်ဖြစ်ပါတယ်။ ညပိုင်း ပြိုင်ပွဲဝင်ခါနီးတော့မှ ကျွန်မက ကူရပါတယ်။ သူတို့ လိုတဲ့ အ၀တ်အစားတွေ စုပေးတာမျိုး။ ပြကွက်နဲ့ လိုက်ဖက်မယ့် မိတ်ကပ်တွေ ပြင်ပေးတာမျိုး လုပ်ကူရ ပါတယ်။ ကလေးအားလုံးက တက်ကြွနေကြပါတယ်။ စိတ်လည်း လှုပ်ရှားနေပုံ ရပါတယ်။ ကျွန်မကိုယ် တိုင်လည်း သူတို့နဲ့ ထပ်တူပါပဲ။ နွေရာသီလည်းဖြစ်လို့ ကလေးတွေကော ကျွန်မကော ချွေးတလုံးလုံး နဲ့ပါပဲ။ သူတို့က ဆရာမ ဘာယူပေးပါဦး၊ ညာယူပေးပါဦး ခိုင်းလိုက်။ ကိုယ်က ပြေးလွှားသွားယူပေးလိုက်။ ကလေးတွေက ဆရာမ ဒါမဟုတ်ဘူး ဟိုဟာဆိုရင်လည်း ကျွန်မက ပြေးသွားလိုက်နဲ့။ စွမ်းရည်ပြပွဲစမှပဲ နားရပါတော့တယ်။
ကျွန်မကလေးတွေ အလှည့်ရောက်တော့မှ ကျန်တဲ့ ကိုယ့်အသင်းက ဆရာမများကို လိုက်ရှာမိပါတယ်။ ဆရာမလေးများကတော့ လှတပတနဲ့ ပွဲကြည့်ခုံတွေမှာ ငြိမ်သက်စွာ ထိုင်နေကြပါတယ်။ သူတို့ မျက်နှာလေးတွေမှာ ကျေနပ်မှု မရှိဘူးဆိုတာ တွေ့နေရပါတယ်။ စိတ်ထဲမှာလည်း ဆရာမလေးတွေနဲ့ ကျွန်မတော့ သင်တန်းတစ်လျှောက် စိတ်စနိုးစနောင့်နဲ့ သွားရတော့မယ်ဆိုတာ သိနေပါတယ်။ ကျွန်မ ကတော့ ဆရာမသုံးယောက်နဲ့ ကလေး ၄၃ ယောက်ကို လဲလိုက်ပါတယ်။ ကလေးတွေကိုလည်း သင်တန်းပြီးတဲ့အထိ မျက်ခြည်မပြတ် ကာကွယ်ပေးရမှာပါလား ဆိုတာလည်း တွေးနေမိခဲ့ပါတယ်။
ဆောင်းဘောက်စ်ကနေ ကြေညာသံ ထွက်လာပါတယ်။
“ဆင်းရဲချမ်းသာ စွမ်းရည်အတွက် အ၀ါအသင်းမှ ပြိုင်ပွဲဝင်ရန် စင်မြင့်ပေါ် ကြွပါခင်ဗျာ”
ကလေးတွေ စင်ပေါ်တက်တာနဲ့ လက်ခုပ်သံတွေ ထွက်လာပါတယ်။ မတ်တတ်ရပ်ကြည့်သူ ကြည့်နဲ့မို့ ကျွန်မလည်း စင်နားရောက်အောင် သွားကြည့်ရပါတယ်။ ကလေးတွေ အမူအရာတစ်ခုခု လုပ်လိုက်တိုင်း လက်ခုပ်သံတွေ ထွက်လာတာပါ။ သူတို့အကောင်းဆုံး လုပ်ဆောင်နိုင်ပါလားဆိုတာ ပွဲစစဉ်မှာပဲ သိလိုက် ရပါတယ်။ ၀မ်းသာလွန်းလို့ မျက်ရည်တောင် ကျမိပါတယ်။ ဆင်းရဲချမ်းသာစွမ်းရည်မှာ ကျွန်မအသင်းက ကလေးတွေအားလုံးက သူတောင်းစား လုပ်ကြရတာပါ။ ကလေး ၁၀ ယောက်လောက်ကပဲ သူဌေးလုပ် ကြပါတယ်။ စင်တစ်ခုလုံး အ၀တ်စုတ်တွေ၊ အမှိုက်တွေနဲ့ တကယ့်သူတောင်းစား ရပ်ကွက်ကြီးတစ်ခုလို သူတို့ပြင်ဆင် တင်ဆက်တာပါ။ ကျွန်မ၀ယ်ပေးတဲ့ ပေါင်မုန့်တွေကိုလည်း လုစားကြ၊ ခြယ်သပေးထားတဲ့ အိုးမဲပေနေတဲ့ မျက်နှာလေးတွေကလည်း တကယ့်ငတ်ပြတ်နေတဲ့ ပုံမျိုးရအောင် သရုပ်ဆောင်ကြတာပါ။ သူဌေးကြီးလုပ်တဲ့ သူကလည်း သင်တန်းမှာရှိသမျှ ရွှေငွေတွေဝတ်ထားတာ ၀င်းလက်တောက်ပနေ ပါတော့တယ်။
“အခုချိန်ကစပြီး ဆုစာရင်းကို ကြေညာပါတော့မယ်”
ဒီလို ကြေညာသံကြားတော့ ပြကွက်တွေကို ဦးဆောင်သူ တပည့်လေးက ကျွန်မကို လှမ်းကြည့်ပါတယ်။ သူ့မျက်နှာလေးက စိုးရိမ်နေတယ်ဆိုတာ သိသာလှပါတယ်။ ကျွန်မက သူ့ကို လက်မထောင်ပြလိုက်တော့ သူက ခေါင်းညိတ်ပြရှာပါတယ်။
“သူတောင်းစားအဖွဲ့ကြီးဖြစ်တဲ့ အ၀ါအသင်း ပထမဖြစ်ပါတယ်”
ကလေးတွေအားလုံး ကျွန်မရှိရာဆီလာပြီး ပြေးဖက်ကြပါတယ်။ သူတို့တစ်ကိုယ်လုံးလည်း အိုးမဲတွေ ပေတူးနေသလို ကျွန်မလည်း ပေတူးနေခဲ့ပါတယ်။ ဒါဟာ ကလေးများကိုယ်တိုင် တီထွင်ဖန်တီးပြီး တင်ဆက်လိုက်တဲ့ ကလေးများနဲ့ ထိုက်တန်တဲ့ ဆုတစ်ခုပါပဲ။ အဲဒီသင်တန်းပြီးတော့ ကျွန်မကို သင်ခန်း စာပေးတဲ့ ကလေးများကို ကျေးဇူးတင်နေမိပါတယ်။ ကလေးများနဲ့ ကျွန်မလည်း ယုံကြည်ခြင်း၊ ချစ်ခြင်းတွေ တိုးလာခဲ့ပါတယ်။ ကလေးဆိုတာ အကောင်းဆုံးကို ဖန်တီးနိုင်စွမ်း ရှိကြပါတယ်။ ဖန်တီးနိုင်ခွင့်ရဖို့ပဲ လိုပါတယ်။
လောကရဲ့စာမျက်နှာမှာ ကလေးများကို နောက်ဆုံးပိုနေတဲ့နေရာမှာ မထားစေချင်ပါဘူး။ ကလေးများကို သီးသန့်စာမျက်နှာ ဖွင့်ပေးစေချင်ပါတယ်။ သူတို့ရဲ့ စာမျက်နှာကိုလည်း သူတို့ပါဝင် ရေးဆွဲစေချင်ပါတယ်။ သူတို့ရေးဆွဲထားတဲ့ စာမျက်နှာတွေဟာ တစ်နေ့မှာ လောကအတွက် အကျိုးရှိ အသုံးဝင်လာမယ်ဆိုတဲ့ ယုံကြည်စိတ်နဲ့ နေရာပေးစေချင်ပါတယ်။ ကလေးများရဲ့ စာမျက်နှာကို ၀င်မလုကြပါနဲ့။
Eleven Daily News
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
ကိုမျိုး (lwanmapyay.blogspot.com)