နိုက်ဂျီးရီးယားတွင် ဘောလုံးကွင်း၌ ဗုံးကွဲပြီး လူ(၄၀)ကျော်သေဆုံး
နိုက်ဂျီးရီးယားနိုင်ငံ၊ အရှေ့မြောက်ပိုင်း ဒေသတွင် ဘောလုံးပွဲ ပရိသတ်များကြား ဗုံးခွဲခဲ့ရာ အနည်းဆုံး လူ(၄၀)မျှ သေဆုံးခဲ့ကြောင်း သိရှိရသည်။ ဘိုကိုဟာရမ် အစ္စလာမ်မစ် အစွန်းရောက် ပြောက်ကျားများက ယခုတိုက်ခိုက်မှုကို အကောင်အထည် ဖော်ခဲ့ခြင်းဟု ယူဆရပြီး လတ်တလောတွင်မူ မည်သည့်အဖွဲ့ အစည်းကမျှ တာဝန်ခံခြင်း မရှိချေ။ အစောပိုင်းတွင် BBCသတင်းဌာနက ဗုံးကွဲမှုသည် ဘောလုံးပွဲကို TVမှ အတူတကွ စုရုံးကြည့်ရှုနေသည့် အရက်ဆိုင် တစ်ခု၌ ဗုံးကွဲခဲ့ခြင်းဟု ဖော်ပြခဲ့သည်။ သို့သော်လည်း Channel News Asia သတင်းဌာနကမူ ဗုံးပေါက်ကွဲမှုမှာ အာဒါမာဝါပြည်နယ်ရှိ၊ မူဘီမြို့မှ ဘောလုံးကွင်း တစ်ခုတွင် ဖြစ်ပွားခြင်းဟု ရေးသားထားခဲ့သည်။

အာဒါမာဝါသည် နိုက်ဂျီးရီးယား အရှေ့မြောက်ပိုင်း ဒေသ၌ ဘိုကိုဟာရမ်တို့ အဓိက လှုပ်ရှားနေသည့် ပြည် နယ်(၃)ခုအနက် (၁)ခုလည်း ဖြစ်သည်။ ပြီးခဲ့သည့် လအတွင်းက နိုက်ဂျီးရီးယား တစ်နိုင်ငံလုံးတွင် ဘိုကိုဟာရမ်တို့၏ ဗုံးခွဲတိုက်ခိုက်မှုများကြောင့် လူ(၂၀၀)ကျော် အသက်ဆုံးရှုံးခဲ့သည်။ “တနင်္ဂနွေနေ့ ညနေပိုင်းက မူဘီမှာ ဗုံးပေါက်ကွဲပါတယ်။ ဘောလုံးကွင်း တစ်ကွင်းနားမှာ ဖြစ်ပွားတဲ့ ပေါက်ကွဲမှုအတွင်း အနည်းဆုံး လူ(၄၀)လောက် သေဆုံးသွားပါတယ်”ဟု မြို့၏ အုပ်ချုပ်ရေး အရာရှိ တစ်ဦးက အမည်ဖော် မပြဘဲ ပြောဆိုသွားသည်။
မူဘီ ရဲတပ်ဖွဲ့ကမူ ဗုံးထောင်ထားသူသည် ဒေသတွင်း ကလပ်အသင်းအဆင့် ပွဲစဉ်တစ်ခုကို ကြည့် ရှုပြီး ဘောလုံးကွင်းမှ ပြန်ထွက်လာသည့် ပရိသတ်များကို ရည်ရွယ်တိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။ သေဆုံး သူများအနက် ဘောလုံးသမားများ ပါဝင်ခြင်းရှိမရှိ ရှင်းရှင်းလင်းလင်း မသိရသေးသော်လည်း ဆေးရုံနှင့် ရဲဘက်မှ တာဝန်ရှိသူများက ထိခိုက်သူ အများစုသည် ပရိသတ်များသာဖြစ်ကြောင်း အတည်ပြုထားပြီး အမျိုးသမီးနှင့် ကလေးအချို့လည်း ပါဝင်ခဲ့ကြောင်း သိရှိရသည်။
Planet Myanmar Network
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)