မကွေး လေတပ်စခန်းဌာနချုပ်မှ MiG-29 တိုက်လေယာဉ် လေ့ကျင့်ပျံသန်းစဉ် မြို့သစ်မြို့နယ်အနီး ပျက်ကျခဲ့
မကွေး လေတပ်စခန်းဌာနချုပ်မှ MiG-29 တိုက်လေယာဉ်တစ်စီးသည် ဇွန်လ ၁၁ ရက်နေ့ နံနက်ပိုင်းက လေ့ကျင့်ပျံသန်းစဉ် မြို့သစ်မြို့နယ်အနီးတွင် ပျက်ကျမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။
ဇွန်လ ၁၁ ရက်နေ့ နံနက် ၈ နာရီ ၁၅ မိနစ်ခန့်က မကွေး လေတပ်စခန်းဌာနချုပ်မှ မောင်းနှင်လာသည့် MiG-29 အမျိုးစား တိုက်လေယာဉ်တစ်စီးသည် မြို့သစ်မြို့နယ်အနီး လေ့ကျင့်ပျံသန်းရေး ဧရိယာအတွင်း အနိမ့်ပျံ ပျံသန်းနေစဉ် ပျက်ကျမှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ယင်းသို့ လေယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ရာတွင် လေယာဉ်ပေါ်တွင် လိုက်ပါလာသော ဒုတိယ ဗိုလ်မှူးကြီးနှင့် ဗိုလ်ကြီးအဆင့်ရှိ အရာရှိနှစ်ဦးမှာ လေထီးဖြင့် မြေပြင်သို့ ဆင်းသက်နိုင်ခဲ့ခြင်းကြောင့် အသက်အန္တရာယ် ထိခိုက်မှု တစ်စုံတစ်ရာ မရှိခဲ့ကြောင်း သိရသည်။
“မကွေး လေတပ်စခန်းဌာနချုပ်ကနေ လေ့ကျင့်ပျံသန်းဖို့ မောင်းနှင်လာတဲ့ MiG-29 တိုက်လေယာဉ်က အနိမ့်ပျံနေစဉ်မှာ ပျက်ကျခဲ့တာ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်လုံးက သူတို့ရဲ့ Seat ကို Eject လုပ်ပြီး စွန့်ခွာနိုင်ခဲ့တာကြောင့် ထိခိုက်ဒဏ်ရာရမှု တစ်စုံတစ်ရာ မရှိခဲ့ဘူး။ လေယာဉ်ကတော့ ပျက်စီးသွား တယ်လို့ သိရပါတယ်” ဟု လေတပ်အသိုင်းဝိုင်းနှင့် နီးစပ်သူတစ်ဦးက The Daily Eleven သတင်းစာသို့ ပြောပြခဲ့သည်။
အဆိုပါ MiG-29 လေယာဉ်သည် ရုရှားနိုင်ငံထုတ် တိုက်လေယာဉ်အမျိုးအစားဖြစ်ပြီး ယင်းလေယာဉ် တစ်စီး ပျမ်းမျှတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂၉ သန်းရှိကြောင်း Wikipedia တွင်ဖော်ပြထားချက်အရ သိရှိရသည်။
Eleven Media
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
ကိုမျိုး (lwanmapyay.blogspot.com)