Samsung ၏ စမတ်စက်ဘီး



Samsung က စက်ဘီးထုတ်လုပ်သူ Giovanni Pelizzoli နှင့် ပူးပေါင်းပြီး စမတ်ဖုန်းမှထိန်းချုပ်နိုင်သည့် စမတ်စက်ဘီးကို တီထွင်နေပါသည်။ Samsung ၏ စမတ်စက်ဘီးကို အီတလီနိုင်ငံ မီလန်မြို့တွင် ကျင်းပ သည့် ဒီဇိုင်းပြပွဲတွင် ပြသခဲ့သည်ဟု သိရပါသည်။

စက်ဘီးကို Samsung ၏ စမတ်ဖုန်းနှင့် တွဲဖက်အသုံးပြုရမည်ဖြစ်ပြီး ဖုန်းကို စက်ဘီးလက်ကိုင်တွင် တပ် ဆင်ရမည်ဖြစ်သည်။ စမတ်ဖုန်းမှတစ်ဆင့် လေဆာရောင်ခြည်ထုတ်လွှင့်သည့် ကိရိယာကို အဖွင့်၊ အပိတ်ပြုလုပ်နိုင်သကဲ့သို့ တည်နေရာလမ်းညွှန်မှုများကို ကြည့်ရှုနိုင်မည်ဖြစ်သည်။

လေဆာရောင်ခြည်ထုတ်လွှင့်သည့် ကိရိယာများသည် အလင်းရောင်နည်းပါးလာသည်နှင့် အလို အလျှောက် လေဆာရောင်ခြည်များ ထုတ်လွှင့်ပေးနိုင်ပါသည်။ လေဆာရောင်ခြည်များသည် လမ်းမ များပေါ်တွင် စက်ဘီး၏ လမ်းကြောင်းကို ပြသပေးမည်ဖြစ်သည်။ ထို့အတွက် မော်တော်ကားမောင်းနှင် သူများက လေဆာရောင်ခြည်များကို တွေ့မြင်နိုင်ပြီး စက်ဘီးကို ရှောင်ကွင်းမောင်းနှင်နိုင်မည်ဖြစ်သည်။ တစ်နည်းအားဖြင့် လေဆာရောင်ခြည်များသည် လုံခြုံရေးအတွက် တပ်ဆင်ပေးထားခြင်းဖြစ်ပါသည်။

အခြားလုံခြုံရေး ကိရိယာ အနေဖြင့် စက်ဘီး၏ အနောက်ဘက်တွင် ကင်မရာ တပ်ဆင်ပေးထားပြီး အနောက်ဘက်မြင်ကွင်းကို စမတ်ဖုန်းမှ တွေ့မြင်နိုင်ပါသည်။

စက်ဘီးစီးနင်းမှုနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို အခြား စမတ်စက်ဘီး စီးနင်းသူများနှင့် မျှဝေနိုင်သကဲ့သို့ အခြားသူများ မည်သည့်နေရာတွင် စက်ဘီးစီးနင်းနေသည်ကိုလည်း အချိန်နှင့် တစ်ပြေး ညီ သိနိုင်ပါသည်။

စက်ဘီးကို အလူမီနီယမ်ကိုယ်ထည်ဖြင့် ပြုလုပ်ပေးထားပြီး မညီညာသည့်လမ်းများတွင် တုန်ခါမှုများကို လျော့နည်းစေမည်ဖြစ်သည်။ 

Samsung ၏ စမတ်စက်ဘီးသည် ကွန်ပြူတာသဖွယ်အသုံးပြုနိုင်ပြီး ဘက်ထရီ ၊ ဒစ်ဂျစ်တယ် ကင်မရာ ပါရှိပါသည်။ WiFi, Bluetooth ဆက်သွယ်မှုများအသုံးပြုနိုင်ပါသည်။

Samsung က စမတ်စက်ဘီးကို ရောင်းချမည်ဆိုသည့် သတင်းကို မသိရှိရသေးပါ။


သူရ
Myanmar Digital Life Journal
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...