Tablet များ ရောင်းချမှုပမာဏ ခန့်မှန်းထားသည်ထက် လျော့ကျဖွယ်ရှိ

ကမ္ဘာအနှံ့သို့ Tablet ကွန်ပျူတာများ တင်ပို့ရောင်းချမှုသည် ယခုနှစ်အတွင်း ခန့်မှန်းထားသည့် ပမာဏအောက် ကျဆင်းဖွယ်ရှိကြောင်း ဈေးကွက် လေ့လာသူများက မှတ်ချက်ပြု ပြောကြားခဲ့သည်။ International Data Corp (IDC)မှ ပညာရှင်များက ဈေးကွက်ထဲတွင် Screenအရွယ် ကြီးမားသည့် စမတ်ဖုန်း (Phablet)များကို တောင်းဆိုမှု ပိုမိုကျယ်ပြန့်လာခြင်းကြောင့် Tabletများ ရောင်းချရမှုသည် လျာထားချက် ပြည့်မီရန် မလွယ်ကူနိုင်ကြောင်း သုံးသပ်ခဲ့ကြသည်။ IDCက (ဖုန်းကတ် ထည့်သွင်းနိုင် သည့် အမျိုးအစားများ အပါအဝင်) Tabletများ ရောင်းချရမှု ပမာဏသည် (၂၀၁၄)ခုနှစ်အတွင်း (၂၆၀.၉) သန်းမျှထိ ခန့်မှန်းလျာထားသော်လည်း (၂၄၅.၅)သန်းမျှထိ ကျဆင်းနိုင်ကြောင်း ပြောကြားခဲ့သည်။

Tabletများ ရောင်းချရမှုတွင် (၇)လက်မနှင့် (၈)လက်မအရွယ် Screenကို အသုံးပြုထားသည့် Tablet များက ဈေးကွက်၏ (၄၄.၅)ရာခိုင်နှုန်းစာမျှကို ချုပ်ကိုင်ထားလိမ့်မည်ဟု IDCက ဆိုသည်။ (၈)လက်နှင့် (၁၁)လက်မကြားအရွယ် Tabletများကမူ အရောင်းရဆုံးအဖြစ် (၄၇.၃)ရာခိုင်နှုန်းထိ ရောင်း ထွက်နိုင်ကြောင်း IDCက သုံးသပ်ခဲ့သည်။ Samsung Galaxy Note Pro 12.2ကဲ့သို့ Screen အရွယ်အစား (၁၁)လက်အထက် အရွယ်များကမူ ဈေးကွက်၏ (၁.၉)ရာခိုင်နှုန်းမျှကိုသာ ပိုင်ဆိုင်ဖွယ် ရှိနေကြောင်းလည်း သိရသည်။ တစ်ဖက်တွင် Screen အရွယ်အစား ကြီးမားသည့် စမတ်ဖုန်းများက Tabletများ ရောင်းချရမှု နယ်ပယ်ကို ကြီးမားသော အခန်းကဏ္ဍမျိုးမှ သက်ရောက်နိုင်ကြောင်းလည်း ပညာရှင်များက ခန့်မှန်းထားခဲ့သည်။


IDC၏ စမတ်ကိရိယာများနှင့် Displayများဆိုင်ရာ လေ့လာမှုဌာနမှ ဒုတိယဥက္ကဋ္ဌ တွမ်မင်နဲလက်စ်က “Phablet တွေ၊ ဥပမာ (၅.၅)လက်မနဲ့ အဲဒီထက်ကြီးတဲ့ Screenမျိုးပါတဲ့ စမတ်ဖုန်းတွေ အရောင်းတွင် ကျယ်လာတာဟာ လူတွေကို Tabletတစ်လုံး သီးခြားဝယ်ဖို့ တော်တော်လေး စဉ်းစားချင့်ချိန်သွားစေ တယ်။ Screenအကြီး စမတ်ဖုန်းတွေ ရှိနေတဲ့အခါ Tabletအနေနဲ့ ပြောင်းလဲအသုံးပြုဖို့ လုံလောက်ပြီလို့ အများစုက ယူဆသွားတတ်ပါတယ်”ဟု ရှင်းပြခဲ့သည်။ ထိုအတောအတွင်း ဈေးကွက် လေ့လာရေး ကုမ္ပဏီ တစ်ခုဖြစ်သည့် Jupiterက Phabletဖုန်းများ အရောင်းတွင်ကျယ်မှုသည် (၂၀၁၈)ခုနှစ်တွင် ယခုထက် (၆) ပိုမိုမြင့်တက်ပြီး တစ်နှစ်အတွင်း အလုံးရေ သန်း(၁၂၀)မျှထိ ရောင်းထွက်နိုင်ကြောင်း ခန့်မှန်းထားသည်။

မင်နဲလက်စ်က Tabletများ ရောင်းချမှု ဈေးကွက်ကို နှောင့်နှေးစေသည့် သီးခြားအကြောင်း နှစ်ရပ်လည်း ရှိသေးကြောင်း ဆိုသည်။ “ဈေးကွက်ကို နှေးကွေးသွားစေတဲ့ အချက်နှစ်ခု ရှိပါတယ်။ ပထမတစ်ချက်က ဝယ်ယူအသုံးပြုသူတွေက ရှိရင်းစွဲ Tabletကိုပဲ ဆက်သုံးတယ်။ အသစ်ထွက်ပေါ်လာတဲ့ စွမ်းဆောင် ရည်မြင့် အမျိုးအစားတွေကို ဝယ်ဖို့ထက် လက်ရှိအမျိုးအစားကို တတ်နိုင်သမျှ အချိန်အကြာဆုံး ထိန်းသိမ်း ထားလေ့ရှိတယ်။ နောက်တစ်ချက်ကတော့ လက်ဆင့်ကမ်းမှုပဲ။ တကယ်လို့ Tablet အသစ်တစ်လုံး ဝယ်ယူလိုက်တဲ့အခါ အရင်Tabletကို တခြားမိသားစုဝင် တစ်ယောက်ဆီ လက်လွှဲပေးလိုက်တယ်။ ဒီအခါမှာ ဈေးကွက်ရဲ့ ဝယ်လိုအား အခြေအနေအပေါ် သက်ရောက်မှုတွေ ဖြစ်လာတတ်ပါတယ်”ဟု မင်နဲလက်စ်က ပြောဆိုသွားသည်။


Planet Myanmar Network
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...