ကမ္ဘာနှင့်ချီပြီး အလုပ်အကိုင် ရှားပါးမှု ဖြစ်ပေါ်နိုင်ဟု ကမ္ဘာ့ဘဏ် သတိပေး

ဆစ်ဒနေ၊ စက်တင်ဘာ ၉

ကမ္ဘာ့စီးပွားရေး နာလန်ထမှုကို နှောင့်နှေးစေနိုင်သော ကမ္ဘာနှင့်ချီပြီး အလုပ်အကိုင် ရှားပါးမှု အန္တရာယ်နှင့် မကြာခင် ရင်ဆိုင် ရနိုင်ကြောင်း၊ အဆိုပါ ပြဿနာကို အလျင်အမြန် ဖြေရှင်းနိုင်မည့် နည်းလမ်းလည်း မရှိ ကြောင်း ကမ္ဘာ့ဘဏ်က ယနေ့ သတိပေး ပြောကြား လိုက်သည်ဟု CAN သတင်းဌာနတွင် ဖော်ပြထား သည်။

သြစတြေးလျနိုင်ငံတွင် ကျင်းပပြုလုပ် လျက်ရှိသည့် G-20 အလုပ်သမားရေးရာ ဝန်ကြီးအဆင့် အစည်းအဝေးတွင် ထုတ်ပြန်သည့် စာတမ်းတစ်စောင်ထဲ၌ တိုးလာမည့် ကမ္ဘာ့လူဦးရေကို ကာမိရန် အတွက် ၂၀၃၀ ပြည့်နှစ်တွင် ကမ္ဘာတစ်ဝန်း၌ အလုပ်အကိုင် သန်း ၆၀၀ ခန့် ထပ်မံလိုအပ်မည်ဟု ကမ္ဘာ့ဘဏ်က ပြောကြားထားသည်။

“ကမ္ဘာနဲ့အဝန်း အလုပ်အကိုင် ရှားပါးမှု ဖြစ်ပေါ်မယ့် အန္တရာယ် ရှိနေပါတယ်” ဟု ကမ္ဘာ့ဘဏ်၏ အလုပ်အကိုင် ရေးရာ အကြီးတန်းအရာရှိ နီဂယ်လ်တို့စ် က ပြောကြားသည်။ “ဘရာဇီးတို့၊ တောင်အာဖရိကတို့လို နိုင်ငံအချို့မှာ စီးပွားရေး အနည်းငယ် တိုးတက်လာတာကို တွေ့မြင်ရပေမယ့် G-20 နိုင်ငံအများအပြားမှာ ဝင်ငွေ၊ ထွက်ငွေ မညီမျှမှု ဆိုးဆိုးရွားရွား ဖြစ်ပေါ်နေတာကိုလည်း တွေ့ရပါတယ်” ဟုလည်း ၎င်းက ပြောကြားသည်။

OECD နှင့် နိုင်ငံတကာ အလုပ်သမား အဖွဲ့အစည်းတို့၏ အချက်အလက်များကို အခြေခံထားသော အဆိုပါ ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာအရ G-20 နိုင်ငံများတွင် လူပေါင်း သန်း ၁၀၀ ခန့်မှာ အလုပ်လက်မဲ့ ဖြစ်လျက်ရှိပြီး လူပေါင်း ၄၄၇ သန်းခန့်မှာ တစ်ရက်လျှင် ၂ ဒေါ်လာထက် နည်းသော ဝင်ငွေနှင့် အသက်ရှင်ရပ်တည် နေရကြောင်း သိရသည်။

ကမ္ဘာ့စီးပွားရေးမှာ ၂၀၁၃- ၁၄ ခုနှစ်တွင် အသင့်အတင့် ဦးမော့လာခဲ့သည် ဆိုသော်လည်း အလုပ်အကိုင် ဈေးကွက်မှာ ဆက်လက်အားနည်းနေဆဲဖြစ်သဖြင့် မဝေးလှသော အနာဂတ်ကာလတွင် စီးပွားရေး ဦးစိုက် ဆင်းမည့် အန္တရာယ် ရှိနေဆဲ ဖြစ်ကြောင်း ယင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။ “ဒီအလုပ်အကိုင် ပြတ်လပ်မှု ပြဿနာကို အလျင်အမြန် ဖြေရှင်းနိုင်မယ့် နည်းလမ်းလည်း မရှိပါဘူး” ဟု မစ္စတာတို့စ်က ပြောကြားသည်။ စီးပွားရေး ကျဆင်းနေမှုနှင့် ပတ်သက်ပြီး G-20 နိုင်ငံများမှ ခေါင်းဆောင်များသည် ပြီးခဲ့သော နိုဝင်ဘာလအတွင်း ဘရစ္စဘိန်းတွင် တွေ့ဆုံစဉ်ကတည်းက ဖွံ့ဖြိုးတိုးတက်ရေး နည်းဗျူဟာများနှင့် အလုပ်အကိုင် အခွင့်အလမ်း တိုးတက်ရေး အစီအမံများ ဖော်ထုတ်ရန် အပြန်အလှန် သဘောတူညီ ထားခဲ့ကြပြီး ဖြစ်သည်။

“ဤဒေသများအတွင်း ပူးပေါင်း လုပ်ဆောင်ရေး မူဝါဒများ ချမှတ်ခြင်းသည် အလုပ်အကိုင် အခွင့်အလမ်း တိုးတက်ရေးအတွက် အခြေခံအုတ်မြစ်များ ဖြစ်သည်” ဟု ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာထဲတွင် ဖော်ပြထားသည်။


The Voice Journal
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...