စိုးရိမ်တတ်သော အကျင့်ပျောက်အောင်

မုန့်စား ကျောင်းဆင်းချိန်မှာ သူ့ကစားဖော်တွေက နေပြီးတော့ သူနဲ့ မကစားမှာကို စိုးရိမ်ခြင်း အတွက်နဲ့ တော့ သူငယ်ချင်းတွေနဲ့ မပေါင်းသင်းဘဲ နေလို့ရမှာ မဟုတ်ကြောင်း၊ ထိုနည်းတူစွာပဲ စာမေးပွဲ ကျမှာကို စိုးရိမ်နေခြင်း အတွက်နဲ့တော့ စာကြိုးစားတဲ့ အလုပ် အမှတ်ကောင်းအောင် ကြိုးစားရတဲ့ အလုပ်တွေကို ရပ်တန့်ထားလို့ရမှာ မဟုတ်တဲ့ အကြောင်း ပြောပြပြီး လုပ်စရာရှိတာ လုပ်ဖို့ အားပေးနေရမှာ ဖြစ်ပါတယ်။

တချို့ကလေးတွေဟာ တခြားကလေးထက်ပိုပြီး သူ့ ပင်ကိုယ်ကိုက စိုးရိမ်သောက ပိုတတ်ပါတယ်။ သူတို့တစ်တွေဟာ သူတို့နဲ့ သက်တူရွယ်တူကလေးတွေ က္ကနြေ္ဒ ပပျက်လုပ်နိုင်တဲ့ ကိစ္စမျိုးတွေ၊ အတန်းသစ် စတက် ရတာမျိုးတွေ၊ လူစိမ်းတွေနဲ့ တွေ့ဆုံရတာမျိုးတွေ၊ စားလေ့ စားထ မရှိသေးတဲ့ အစားအသောက်တွေကို စားသောက် ရတာမျိုးတွေ စတဲ့ ဘ၀ရဲ့ အသေးအဖွဲ ကိစ္စလေးတွေ အတွက် စိတ်ပူပန်တတ် ကြပါတယ်။ အသက် ၅ နှစ်၊ ၆ နှစ်သားအရွယ် ကလေးတွေရဲ့ ၁၀ ရာခိုင်နှုန်း၊ ၁၅ ရာခိုင်နှုန်း လောက်ဟာ ဒီလိုကိစ္စမျိုးတွေမှာ ထင်ရှားတဲ့ အကြောင်းရင်း မရှိဘဲ ဇီဇာကြောင်ပြီး တဖြည်းဖြည်းနဲ့မှ ပုံမှန် တိုးတက်လာတာမျိုး ရှိတတ်ပါတယ်။

တကယ်လို့ သင့်ကလေးဟာ ဇီဇာကြောင်တဲ့အကျင့် စိုးရိမ်ပူပန်တတ်တဲ့ အကျင့်ရှိနေခဲ့မယ်ဆိုရင် ဘာမှ ကြီးကြီး ကျယ်ကျယ် စိုးရိမ်စရာမဟုတ်တဲ့အကြောင်းအရာလေးတွေကို သူစိုးရိမ်နေကြောင်း အရာရာဟာ သူ့အတွက် စိတ်ပိုင်းဆိုင်ရာ စိန်ခေါ်မှုတစ်ခုလိုဖြစ်နေကြောင်း တွေ့ရပါလိမ့်မယ်။ သင့်အနေနဲ့ သူ့ကို စိုးရိမ်သောကကင်းပြီး စိတ်ပျော်ရွှင်နေတဲ့ ကလေးတစ်ယောက် ဖြစ်လာစေချင်မှာလည်း အမှန်ပါပဲ။

သိမ်ငယ်စိတ် ကင်းအောင်

သင့်ရဲ့ ၆ နှစ်အရွယ် ကလေးက အသေးအဖွဲ့လေးတွေကို စိတ်ပူပန် နေတတ်ခြင်းဟာ အတ္တအလေးအမြတ် ထားမှု နိမ့်ကျခြင်း၊ သို့မဟုတ် သိမ်ငယ်စိတ် ရှိနေခြင်း အပါအ၀င် အကြောင်းအရင်း အမျိုးမျိုးကြောင့် ဖြစ်နိုင်ပါ တယ်။ သူဟာ တခြားကလေးတွေနဲ့ ယှဉ်ရင် မိမိအစွမ်းအစ အပေါ်ယုံ ကြည်စိတ်နည်းပြီး သံသယဖြစ်နေတတ် ပါတယ်။ တခြားလူတွေက သူ့ထက်ပိုတော်တယ်လို့ သံသယဖြစ် ခံစားနေတတ်ပါတယ်။ ဒါကြောင့် သူ့ရဲ့ အစွမ်းအစအားလုံးကို သူကိုယ်တိုင်မြင်လာအောင် သင့်အနေနဲ့ပုံမှန် ထောက်ပြပေးနေဖို့လည်း လိုပါလိမ့်မယ်။ အဲဒီအခါမျိုးမှာ ကလေးဟာ ချက်ချင်းပြောလို့မရဘဲ သူ့ရဲ့ စိုးရိမ်သောကဟာ ဆက်ပြီး ရှိကောင်းရှိနေဦးမှာလည်း အမှန်ပါပဲ။ ဒါပေမဲ့ သင်က သူ့ရဲ့ အစွမ်းအစများအပေါ် အပြုသဘော အားပေးထောက်ပြမှုတို့ မကြာမကြာ လုပ်ပေးရင် တဖြည်းဖြည်းနဲ့ ကလေးဟာ သဘောပေါက် လာပါလိမ့်မယ်။

တစ်ခုခုကို အကျပ်အတည်းဒုက္ခလို့ သင်ထင်မြင်လာဦးမယ်ဆိုရင် သူ့ရဲ့ စိုးရိမ်စိတ်တွေ၊ သံသယတွေဟာ စိတ်ထဲမှာ ထပ်ပြီး ပေါ်လာတတ်ပါတယ်။ သူ့အတွက် ၀န်ထုပ်ဝန်ပိုးလို တွေ့ကြုံခံစားလာတတ်ပါတယ်။ ဒါကြောင့် မိမိကိုယ်မိမိ အပြုသဘောညွှန်းဆိုမှုများ၊ ဆိုလိုတာက မိမိရဲ့ ယုံကြည်စိတ်၊ မိမိရဲ့ ပျော်ရွှင်မှုများကို မိမိ အားပေး ခြင်းဟာ စိုးရိမ်စိတ်ကျနေခြင်း ကို ပြေပျောက်သွားစေနိုင်တဲ့ အားပြင်းတဲ့ စိတ်ဖြေဆေးတစ်လက် ဖြစ်ပါတယ်။

ဥပမာ သူဟာ မိမိကိုယ်မိမိ အကောင်းမြင်ဝါဒီလေးများ “ဒီကိစ္စကို ပါလုပ်နိုင်တယ်။”၊ “ဒီကိစ္စမှာ ငါအောင်မြင်ရမယ်၊ ဘာမှ ကြောက်စရာမလိုဘူး”၊ “ဒီကိစ္စနဲ့ ပတ်သက်လို့ ငါလုပ်ရတာ နှစ်သက်တယ်၊ သဘောကျတယ်” စသဖြင့် ပြောနေစေခြင်း၊ သို့မဟုတ် သူကြားရရုံအသံလေးနဲ့ သူ့ကိုယ်သူပြောနေစေခြင်းများကို လေ့ကျင့်ခိုင်းနိုင်ပါတယ်။

မိမိကိုယ်မိမိ အပြုသဘော အားပေးပြော ကြားနေစေခြင်းဟာ ကြောက်ရွံ့နေတဲ့ သင့်ရဲ့ကလေးအား အပြုသဘော ရလဒ်များကို အလှည့်အပြောင်း စဉ်းစားလာစေပါလိမ့်မယ်။ ဒီလိုစိတ်ပိုင်းဆိုင်ရာ လေ့ကျင့်မှုမျိုး အလုံအလောက် မကြာခဏ လုပ်ခိုင်မယ်ဆိုရင် သှူု့ရဲ့ ထင်မြင်မှုများဟာ အစစ်အမှန် ဖြစ်ပါလားဆိုတာ သူ့ကိုယ်သူ စတင်ယုံကြည် လာစေပါလိမ့်မယ်။ စိုးရိမ်မှုတွေနဲ့ သူ ဘယ်အခါမှာပဲ ကြုံကြုံ သူ့စိတ်ထဲမှာ သူ့ကိုယ်သူ အောင်မြင်မှု ခံစားနေ ပုံကို ထင်မြင်အာရုံပြုခိုင်းပါ။ ဒီလို အောင်မြင်မှုတွေကို စိတ်တွင်း ထင်မြင် စဉ်းစားခိုင်းတဲ့ နည်းဟာလည်း သူ့ကို လက်လျှော့လိုက်စေခြင်းထက် ကြိုးစားစွမ်းဆောင်ဖို့ အားပေးနေသလို ဖြစ်ပါလိမ့်မယ်။

ဖြစ်စရာရှိတာ ဖြစ်ပါစေ၊ လုပ်စရာရှိတာ လုပ်ပါစေ

တချို့သော အရာတွေမှာ စိတ်ပူစရာတွေ ကြုံနိုင်ကြောင်း သင့်ကလေးကို ထောက်ပြပါ။ ဒါပေမဲ့ တစ်ချိန်တည်းမှာ စိုးရိမ်ပူပန်မှုတွေနဲ့ အတူနေရတာ သဘာဝပဲဆိုတာ ထောက်ပြပါ။ တစ်နည်းအားဖြင့် နေ့စဉ်ဘ၀ရဲ့ နိစ္စဓူဝ အလုပ်တွေကနေ စိုးရိမ်စိတ်တွေကို သူဖယ်ရှားလို့ ရနိုင်မျာ မဟုတ်ကြောင်း ပြောပြပါ။ ဥပမာ မုန့်စားကျောင်း ဆင်း ချိန်မှာ သူ့ကစားဖော်ကနေပြီးတော့ သူနဲ့ မကစားမှာကို စိုးရိမ်ခြင်းအတွက်နဲ့တော့ သူငယ်ချင်းတွေနဲ့ မပေါင်းသင်းဘဲနေလို့ရမှာ မဟုတ်ကြောင်း ထိုနည်းတူစွာပဲ စာမေးပွဲကျမှာကို စိုးရိမ်နေခြင်းအတွက်နဲ့တော့ စာကြိုးစားတဲ့အလုပ်၊ အမှတ်ကောင်းအောင် ကြိုးစားရတဲ့ အလုပ်တွေကို ရပ်တန့်ထားလို့ရမှာ မဟုတ်တဲ့ အကြောင်း ပြောပြပြီး လုပ်စရာရှိတာလုပ်ဖို့ အားပေးနေရမှာဖြစ်ပါတယ်။ ဒီနည်းများနဲ့သူ့ရဲ့ ပြည့်ဝတဲ့ ဘ၀တစ်ခု ဆီရောက်အောင် ဦးတည်အားပေး ရပါလိမ့်မယ်။

သင့်ရဲ့ ကလေးအနေနဲ့ ဘာအကြောင်းကိုပဲ စိုးရိမ် စိုးရိမ် ဘ၀ရဲ့ စိန်ခေါ်မှုတွေကို ရှောင်လွှဲခြင်းအားဖြင့် မိမိဘ၀ ကို မိမိ တည်ဆောက်လို့ရမှာ မဟုတ်ဘူးဆိုတာ သူသိအောင် လုပ်ပါ။ ဥပမာအားဖြင့် တခြားသော ကလေးတွေနဲ့ တွေ့ရမှာ ကြောက်လို့ အခြားကလေးတစ်ယောက်ရဲ့ မွေးနေ့ပွဲ၊ အလှူပွဲကို မသွားပါ ရစေနဲ့လို့ သင့်ကို တောင်း ဆိုကောင်း တောင်းဆိုပါလိမ့်မယ်။ သူ ဘယ်လိုပဲပြောပြော သွားဖြစ်အောင်သွားခိုင်းပါ။

လမ်းပေါ်ထွက် စက်ဘီးစီးသင်ရမှာ ကြောက်လို့ အိမ်ထဲမှာပဲ ကစားပါရစေလို့ သင့်ကို သူတောင်းဆိုကောင်း တောင်းဆိုပါလိမ့်မယ်။ သူတောင်းဆိုသည့်တိုင် သင့်အနေနဲ့ မိနစ် အနည်းငယ်လောက် လေ့ကျင့်ပေးဖို့ အိမ် အပြင်ကို ခေါ်ကောင်း ခေါ်ရပါလိမ့်မယ်။ သင်က စွဲစွဲ မြဲမြဲပြောဆိုချိန်မှာ သူစိတ်ပျက်ကောင်း စိတ်ပျက်နေမှာ ဖြစ်သော်ငြားလည်း နောက်ဆုံးမှာ ကြိုးစားရင်းနဲ့ သူ့ကိုယ်သူ ဂုဏ်ယူပြီး ပျော်ရွှင်လာပါလိမ့်မယ်။

သူစိတ်ပူပန်နေတဲ့ နယ်ပယ်များစွာမှာ သူကြိုးစားရင်းရခဲ့တဲ့ အောင်မြင်မှုများဟာ “ငါ စိုးရိမ်နေတဲ့ စိုးရိမ်မှုများဟာ စစ်မှန်တဲ့ အခြေအမြစ် ဘာမှမရှိပါလား” ဆိုတာ သူ့ကိုယ်သူ သဘောပေါက်သွား စေပါလိမ့်မယ်။ သင့်ရဲ့ စိတ်ပိုင်း ဆိုင်ရာ အားပေးမှု၊ စိတ်ရှည် အကောင်းမြင်တတ်မှုနဲ့ဒီဆောင်းပါးကလေးကို အားပေးဖို့ အခြေခံနည်းဗျူဟာ တွေနဲ့အတူ လေ့ကျင့် ပေးမယ် ဆိုရင် လအနည်းငယ်လောက် အတွင်းမှာပဲ အစစ်အမှန် တိုးတက်လာမည် ဖြစ်ကြောင်း သင်တွေ့ရှိနိုင်ပါတယ်။


ဒေါက်တာ မြင့်လွင် (စိတ်ပညာ)
ကင်ဆာရောဂါ နှင့် ကျန်းမားရေးဆောင်းပါးများ
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...