အဝ မလွန်အောင် ထိန်းသိမ်း နေထိုင်ပါက ကင်ဆာအပါအဝင် ရောဂါအများအပြား ဖြစ်ပွားနိုင်ခြေကို လျှော့ချပေးစေနိုင်

Written by ကေတီအမ်

“အဝလွန်သူ တိုင်းတွင် ကင်ဆာရောဂါ ဖြစ်တယ်လို့ မဆိုနိုင်ပေမယ့်လဲ အဝမလွန်ရင်တော့ ကင်ဆာ ရောဂါ အပါအဝင် မကူးစက်တတ်တဲ့ ရောဂါအများ စုဖြစ်နိုင် ခြေကို လျှော့ချပေးနိုင် ပါတယ်” ဟု ကင်ဆာ အထူးကု ဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာ ရင်ရင်ထွန်း က ပြောသည်။

မွေးရာပါမျိုးရိုးဗီဇ၊ ဟော်မုန်း၊ အနည်းအများ၊ ပတ်ဝန်း ကျင်၏ လွှမ်းမိုးမှု၊ အစားအသောက် အနေအ ထိုင်၊ ကိုယ်လက်လှုပ်ရှားမှု၊ စိတ်ပိုင်းဆိုင်ရာ ခံစားမှု၊ ယဉ်ကျေးမှုဓလေ့စရိုက် စသည်တို့သည် လူတစ် ဦးအတွက် အဝလွန်စေနိုင်သော အခြေခံ အချက်များ ပင်ဖြစ်ကြောင်း သိရသည်။

“မွေးရာပါမျိုးရိုးဗီဇအရ အဝလွန်တာနဲ့ ဆက်စပ်တဲ့ DNA Gene အရ အဝလွန်နိုင်ပေမယ့်လဲ မိမိရဲ့ဘဝ တစ်လျှောက် နေထိုင်စားသောက်မှု ပုံစံကို ကျန်းမာရေးနှင့် ညီညွတ်မျှတအောင် စားသောက်မယ်၊ နေ့စဉ်ပုံမှန် ကိုယ်လက်လှုပ်ရှားတဲ့ အလေ့အကျင့်၊ အလေ့အထကောင်းများကို ရွေးချယ်လိုက်နာမယ်၊ ကျင့်သုံးမယ်ဆိုရင် အဝမလွန်အောင်ထိန်းသိမ်းထားနိုင်ပါတယ်” ဟုဒေါက်တာရင်ရင်ထွန်းက ပြော သည်။

အဝလွန်သူတွေ ဘာဖြစ်နိုင်သလဲ

အဝလွန်သူများတွင် ခန္ဓာကိုယ်အဆီပမာဏ ပုံမှန်ထက်များခြင်းကြောင့် သွေးထဲတွင်လည်ပတ်လျက်ရှိ သော အင်ဆူလ်ဟော်မုန်း၊ အင်ဆူလ်ကဲ့သို့သော လှုံ့ဆော်သည့်ဓာတ်နှင့် အမျိုးသမီးဟော်မုန်းတစ်ခု ဖြစ်သော အီစတြိုဂျင် ပမာဏများ ပိုမိုများလာပြီး ယင်းဟော်မုန်းဓာတ်များသည် ကင်ဆာလဲလ်များ အဖြစ်ကြီးထွားစေခြင်းကို အားပေးခြင်းနှင့်ကင်ဆာဆဲလ်များ ပျက်စီးမှုပိုမိုဟန့်တားစေခြင်းတို့ဖြစ်စေ ကြောင်း သိရသည်။

ဘဝတစ်လျှောက်လုံးရှိ ခန္ဓာကိုယ်အလေးချိန်သည် ကင်ဆာဖြစ်နိုင်ခြေနှင့် ဆက်စပ်လျက်ရှိကြောင်း နိုင်ငံတကာ သုတေသနတွေ့ရှိချက်များအရ သိရကြောင်း၊ မွေးဖွားချိန်၌ အလေးချိန်များခြင်း၊ ကလေး အရွယ်နှင့် လူလတ်ပိုင်း အရွယ်များတွင် အဝလွန်သူများသည် လူကြီးပိုင်းသို့ရောက်ချိန်တွင် အဝလွန် သူများဖြစ်နိုင်ပြီး ခန္ဓာကိုယ် အလေးချိန်များလာလိုက်၊ ပြန်လျော့သွားလိုက် အနေအထားမျိုး ခဏခဏ ဖြစ်နေသူများ စသည့်သူများတွင် ကင်ဆာပိုမိုဖြစ်နိုင်ခြေများသူများဖြစ်ကြောင်း သိရသည်။

“ဘဝတစ်လျှောက်လုံးမှာ မှန်မှန်ခန္ဓာကိုယ်အလေးချိန်ကို ထိန်းသိမ်းထားနိုင်သူတွေက ကင်ဆာရောဂါ ဖြစ်နိုင်ခြေ လျော့နည်းစေနိုင်ပါတယ်” ဟုပြောသည်။

အဝလွန်သူများတွင် ဖြစ်နိုင်ခြေများသည့် အဓိကကင်ဆာအမျိုးအစားများမှာ အူမကြီးနှင့်အစာအိမ် ဟောင်းကင်ဆာ၊ ရင်သားကင်ဆာ၊ အသည်းကင်ဆာစသည်တို့ဖြစ်နိုင်ပြီး အခြားကင်ဆာများဖြစ်သော ပန်ကရိယ၊ ကျောက်ကပ်၊ အစာမျိုးလမ်းကြောင်း၊ သည်းခြေအိတ်၊ သိုင်းရွိုက်၊ သားဥအိမ်ကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာ၊ သွေးကင်ဆာ တချို့စသည်တို့သည် အဝလွန်ခြင်းနှင့် ဆက်စပ်မှုရှိကြောင်း သိရသည်။

ဝနိုင်ခြေရှိသူများ

ဝနိုင်ခြေရှိသူများမှာ အသက်အရွယ်မရွေး၊ ကျားမမရွေးဖြစ်နိုင်ပြီး မျိုးရိုးကြောင့်သော်လည်းကောင်း၊ ပတ်ဝန်းကျင် လွှမ်းမိုးမှုကြောင့်သော်လည်းကောင်း၊ တချို့သောသူများတွင် ပိုမိုဝနိုင်ကာအချိုအဆိမ့် စားသောက်မှုများသူများ၊ ပုံမှန်လေ့ကျင့်ခန်းမပြုလုပ်သူများတွင် ပိုမိုဝလာနိုင်ကြောင်း သိရသည်။

“အဝလွန်တာကများသောအားဖြင့်တော့ ပုံမှန်လေ့ကျင့်ခန်းမလုပ်တာ၊ အဆီများလွန်းတဲ့ အစားအ သောက်တွေကို စားသုံးတာ၊ အချိုအစိမ့်တွေကို စားလွန်းအားကြီးတာတွေကြောင့် ခန္ဓာကိုယ်က သကြားဓာတ်ကို အသုံးနည်းပြီး ပိုတဲ့သကြားဓာတ်တွေကို အဆီအဖြစ်သိုလှောင်ထားတဲ့အတွက် ခန္ဓာ ကိုယ်အလေးချိန်ကတက်ပြီးတော့ အဝ လွန်တာပါ” ဟု ယင်းကဆက်လက်ပြောသည်။

ဆိုးကျိုးများ

အဝလွန်ခြင်းအားဖြင့် ဆီးချို၊ သွေးချို၊ သွေးတိုးရောဂါ၊ သွေးတွင်းအဆီဓာတ်များသည့် ရောဂါများစ သည့်ရောဂါတို့ သည် တစ်ခုချင်းဖြစ်စေ သုံးမျိုးစလုံးသည် အဝလွန်သည့်လူတစ်ဦးတွင်တွဲ၍ တွေ့ရ တတ်ပြီး နှလုံးသွေးကြော ကျဉ်းရောဂါ၊ လေဖြတ်ခြင်း၊ အသက်ရှူခက်ခဲခြင်း၊ အရိုးကျီးပေါင်းရောဂါ၊ ဆီးမထိန်းနိုင်ခြင်း၊ အမျိုးသမီးများတွင် ကလေးရရှိရန်ခက်ခဲခြင်း စသည်တို့ဖြစ်နိုင်ကြောင်း သိရသည်။

ဆီးချို၊ သွေးချိုရောဂါနှင့်ကင်ဆာဆက်စပ်မှုကို သုတေသနလုပ်ငန်းများ ပြုလုပ်ခြင်းဖြင့် ပိုမိုရှင်းလင်းစွာ သိရှိ လာကြပြီး ဆီးချိုသွေးချိုရောဂါရှင်များအနေဖြင့် အဝလွန်ပါကကင်ဆာဖြစ်နိုင်ခြေ ပိုမိုများသကဲ့သို့ အဝမလွန်ဘဲနှင့် လည်း ကင်ဆာဖြစ်နိုင်ခြေများရှိကြောင်း သိရသည်။ 


Democracy Today Daily
စက်တင်ဘာ (၂) ရက်၊ ၂၀၁၄ ခုနှစ်
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...