ဆင်းရဲခြင်းကို အကြောင်းပြု၍

ည ၈ နာရီသတင်း နားထောင်ရန် ပြင်နေစဉ် မိုးရွာနေ သောကြောင့် လမ်းထိပ်သို့ထီးဖြင့် လာကြိုရန် အမျိုး သမီးက ဖုန်းဆက် လာသည့်အတွက် ထီးတစ် ချောင်းဖြင့် ထွက်လာခဲ့ ရပါသည်။ လမ်းထိပ်ကား မှတ်တိုင်အနီး မိုးရွာထဲ ရပ်နေစဉ် မြင်တွေ့လိုက်ရသည့် မြင်ကွင်း တစ်ခုကြောင့် ဆင်းရဲခြင်းကို အကြောင်းပြု၍ ဆိုသည့် ခေါင်းစဉ်ဖြင့် ယခုစာကို ရေးရခြင်း ဖြစ်ပါ သည်။

လမ်းထိပ် ကားမှတ်တိုင်အနီး မီးတိုင်အောက်တွင် ရှိသော စည်ပင် အမှိုက်ပုံးဘေးတွင် ရပ်ထားသော စက်ဘီး တစ်စီးနှင့်အတူ မိုးကာအင်္ကျီရှည်ကို ဝတ်ဆင်ပြီး အလုပ်ရှုပ်နေသည့် လူတစ်ဦးကို တွေ့လိုက်ရပါသည်။ ထိုသူသည် ဦးခေါင်းတွင် စွပ်ထားသည့် မီးအကူအညီယူကာ လက်ကိုင်စွပ်ဖြင့် သပ်ရပ်စွာ ပြုလုပ်ထားသည့် ချိတ်ကောက် တစ်ခုကိုသုံးပြီး အမှိုက်အိတ်များ ကို တစ်အိတ်ချင်း လိုက်ဖောက်နေပါသည်။ ထို့နောက် အိတ်များတွင် ပါလာသည့် ပုလင်းခွံ၊ ဘူးခွံများကို စိတ်ကြိုက် ရှာဖွေ ယူနေသည်ကို တွေ့ရပါသည်။

ထိုသို့ ရှာဖွေယူနေစဉ် နောက်ထပ် ဝတ်စုံတူနှင့် လူတစ်ဦး စက်ဘီးဖြင့် ထပ်ရောက်လာပါသည်။ သို့သော် သူနောက်ကျသွားမှန်း သိသွားသည့် ထိုသူသည် ပထမလူကို “မင်းအမျိုးသမီး လည်ပင်းတွေလည်း လေးနေအောင် ဆင်ထားပြီးပြီ။ လောဘကြီး မနေနဲ့တော့” ဟုပြောပြီး စက်ဘီးနင်းကာ ပြန်လည် ထွက်ခွာသွားပါသည်။ ဒီနေရာ အတွက် နောက်ကျသွားသဖြင့် နောက်ထပ် နေရာသစ် ရှာဖွေရန် ဖြစ်မည်ထင်ပါသည်။

ဒီမြင်ကွင်းတွေကို မြင်တွေ့ရသည့်အခါ စာရေးသူ လွန်စွာစိတ်မကောင်း ဖြစ်မိပါသည်။ ကိုယ်တိုင်က ပြေလည်သူ မဟုတ်သော်လည်း မိုးရွာရွာမှာ အနံ့ပေါင်းစုံလင်လှသည့် အခြားသူတို့၏ စွန့်ပစ်ပစ္စည်းများကြားမှ မိမိတို့ စားဝတ် နေရေးအတွက် ပြန်လည် ရောင်းချနိုင်မည့် အရာများကို ရှာဖွေနေရသည့် သူများ၏ဘဝကို စာနာစိတ်ဖြင့် ဝမ်းနည်းရပါသည်။ ထိုသူတို့အတွက် ဆင်းရဲခြင်း အကြောင်းတရားသည် ကုရန် ဆေးမရှိသည့် ကျိန်စာများ ဖြစ်နေလေမလားဟု တွေးမိပါသည်။

ထိုသူတို့ဘဝကို ကိုယ်ချင်းစာမိသောကြောင့် စိတ်မကောင်း ဖြစ်မိသည်နှင့်အတူ ဆင်းရဲခြင်းကို အကြောင်းပြု၍ ဖြစ်ပေါ်လာသည့် နောက်ဆက်တွဲ အကျိုးတရားများကို တွေးမိသည့် အခါတွင် စိုးရိမ်စိတ်များစွာ ဖြစ်ပေါ်လာရ ပါသည်။ အထက်တွင် ဖော်ပြခဲ့သည့် အမှိုက်ပုံတွင် ရှာပုံတော်ဖွင့်နေသည့် သူသည် သူ့စားဝတ်နေရေးအတွက် ပုလင်းခွံ၊ ဘူးခွံ များများရရှိရေးမှ လွဲပြီး အခြားအရာများကို စဉ်းစားတွေးခေါ်နိုင်ခြင်း ဆင်းရဲသွားသည်ဟု ဆိုရမည် ထင်ပါသည်။ ပုလင်းခွံများများ တွေ့ရန်အတွက် ရှိသမျှသော အိတ်များကို ချိတ်ကောက်ဖြင့် ထိုးဆွဖောက်ရပါသည်။ ထိုအခါ အိတ်ဖြင့် သေချာ ပိတ်ထားသည့် အမှိုက်များက လူအများ ကားစောင့်စီးသည့် မှတ်တိုင်အနီး ကြည့်မကောင်း လောက်အောင် ပြန့်သွားရပါသည်။

ထို့အပြင် ပြန့်ကျဲနေသည့် စွန့်ပစ်ပစ္စည်းအချို့ကို အနီးအနားရှိ ခွေးများမှ လာရောက် ဆွဲယူသည့်အခါ ပိုလို့ပင် အရုပ်ဆိုးသွားရပါသည်။ ဆင်းရဲလွန်းသည့်အတွက် စားဝတ်နေရေး ပြေလည်လျှင် ပြီးပြီဟူသည့် စိတ်ကြောင့် ငွေကြေး ဆင်းရဲခြင်းနှင့်အတူ အခြားအရာများပါ ဆင်းရဲ သွားရပါတော့သည်။ ကိုယ်ချင်းစာတရားများ ဆင်းရဲ ကုန်ကြသည်၊ ကျင့်ဝတ်ပိုင်းဆိုင်ရာများ ဆင်းရဲကုန်ကြပါသည်။

ဒါ့အပြင် အထက်တွင် ဖော်ပြထားသည့် မြင်ကွင်းတွင် သွယ်ဝိုက်သောနည်းဖြင့် ပါဝင်ပတ်သက် နေသူများလည်း ရှိနေပါသေးသည်။ အမှိုက်အိတ်များကို ဖောက်ကာ ရှာဖွေနေသူသည် အမှိုက်ပုံးဘေး ချထားသော အိတ်များကိုသာ မွှေနောက်နေသည်ကို တွေ့ရပါသည်။ ဒီနေရာတွင် အမှိုက်ပုံး ထားရှိပေးထားပါသော်လည်း မည်သည့် အတွက်ကြောင့် အမှိုက်အိတ်များ ပုံးဘေးတွင် အပုံလိုက် ဖြစ်နေရသလဲဆိုသည့် အချက်မှာလည်း တွေးဆရမည့် အချက်တစ်ခု ဖြစ်ပါသည်။

စာရေးသူ တွေ့မြင်ခဲ့ရသည်မှာ ချထားပေးသည့် အမှိုက်ပုံး နှစ်ပုံးလုံး ပြည့်နေပါသည်။ သည့်အတွက်ကြောင့် အမှိုက်လာပစ်ကြသည့် သူများသည်လည်း အမှိုက်အိတ်များကို အမှိုက်ပုံးဘေးတွင် ကပ်လျက် ထားခဲ့ကြသည်ဟု ဆိုရမည် ထင်ပါသည်။ ထိုအခါ အထက်တွင်ဖော်ပြခဲ့သည့် သူများအတွက် အဆင်သင့် ဖြစ်သွားစေသည်ဟု မြင်မိပါသည်။

စဉ်းစားစရာ အချက်မှာ အမှိုက်ပုံး အရေအတွက် လုံလောက်စွာ ချထားမပေးခြင်း၊ အမှိုက်များကို အချိန်မှန် မသိမ်းနိုင်ခြင်း၊ အမှိုက်ပုံး မလုံလောက်သည်ကို သိသော်လည်း တင်ပြတောင်းဆိုခြင်း မရှိဘဲ အလွယ်နည်းဖြင့် အဆင်ပြေအောင် ဖြေရှင်းနေကြခြင်းနှင့် တာဝန်ရှိသူများက ကြည့်ရှု စစ်ဆေးမှုမရှိခြင်း စသည့်အချက်တို့ကို စဉ်းစားရမည် ထင်ပါသည်။

သက်ဆိုင်ရာ တာဝန်ရှိသူများ အနေနှင့်လည်း ပြည်သူများ ကျန်းမာရေးနှင့် ညီညွတ်သည့် ပတ်ဝန်းကျင်ကောင်း တစ်ခုရရှိစေရန် အမှိုက်များကို စနစ်တကျ စွန့်ပစ်နိုင်ရန် စီစဉ်ပေးရမည် ဖြစ်ပါသည်။ ထိုသို့ မစီစဉ် ပေးနိုင်သော ကြောင့် လူများသည် အလွယ်ပစ်၊ အထက်တွင် ဖော်ပြခဲ့သည့် လူမျိုးများက ပြန်ဖောက်နှင့် မလိုလားအပ်သည့် ဆိုးကျိုးများစွာ ဖြစ်ပေါ်လာနိုင်ပါသည်။ စည်ပင် ဝန်ထမ်းများကလည်း သိမ်းဆည်းသည့်အခါ အလွယ်တကူ မသိမ်းဆည်းနိုင်ဘဲ တစ်စချင်းစီ ပြန့်ကျဲနေသည့် အရာများကို လိုက်ကောက်နေရသဖြင့် ပိုအချိန်ကုန်နိုင်သလို ကျန်းမာရေးနှင့် မကိုက်ညီသည့် အန္တရာယ်ရှိ အနံ့များလည်း ရနိုင်ပါသည်။ တာဝန်ယူတတ်သည့် အကျင့်များ ဆင်းရဲ သွားသည့်အခါ တာဝန်ယူခြင်းနှင့် ဆက်စပ်သည့် အကြောင်းအရာများပါ ဆင်းရဲသွားရပါသည်။

ထို့အတူ အမှိုက်ပစ်သည့်သူများ အနေနှင့်လည်း စည်းကမ်းရှိစွာ ပစ်သင့်သည်ဟု မြင်ပါသည်။ ကိုယ့်လက်ထဲက လွတ် ပြီးရောဆိုသည့် စိတ်မျိုး မထားသင့်ပါ။ ကျန်းမာရေးနှင့် ပတ်သက်သည့် ဗဟုသုတ အမြော်အမြင်၊ ပတ်ဝန်းကျင်နှင့် ပတ်သက်သည့် ဗဟုသုတနှင့် အမြော်အမြင်တို့ မရှိသည်လား၊ ရှိသော်လည်း ထည့်သွင်း မစဉ်းစားကြသည်လား မဆိုတတ်တော့ပေ။ မိမိ၏ လုပ်ရပ်ကြောင့် အခြားသူများကို ထိခိုက် စေနိုင်သည်ဆိုသည့် အခြေခံကျသော ကိုယ်ချင်းစာစိတ် ကလေးကိုပင် မေ့လျော့နေကြလျှင် အေးချမ်းပျော်ရွှင်ဖွယ်ရာ ပတ်ဝန်းကျင် ကောင်း ဖြစ်နိုင်ရန် ခက်ခဲနေမည် ထင်ပါသည်။

ငွေကြေးဥစ္စာ ပိုင်ဆိုင်မှု ဆင်းရဲခြင်းကို ဖြတ်ကျော်ရန် လွယ်ကူကောင်း လွယ်ကူနိုင်သော်လည်း အကျင့်စာရိတ္တ ဆင်းရဲခြင်းကိုမူ ကျော်ဖြတ်ရန် ခက်ခဲလှသည်ဟု မြင်ပါသည်။ အချို့သော သူများမှာ ငွေကြေးဥစ္စာ ဆင်းရဲသော် လည်း အကျင့်စာရိတ္တ မဆင်းရဲကြပါ။ အချို့သော သူများသည် ငွေကြေးချမ်းသာသော်လည်း အကျင့်စာရိတ္တ ဆင်းရဲ တတ်ကြပါသည်။ အချို့သော သူများမှာမူ ငွေကြေးဥစ္စာ ဆင်းရဲခြင်းကို အကြောင်းပြု၍ အကျင့်စာရိတ္တကိုပါ ဆင်းရဲအောင် လုပ်လိုက်ကြပါသည်။

လူပုဂ္ဂိုလ် တစ်ယောက်မှသည် နိုင်ငံတစ်ခုအထိ ငွေကြေးဥစ္စာ ဆင်းရဲခြင်း၊ ချမ်းသာခြင်းတို့သည် အရေးပါသည့် အရာများ ဖြစ်ပါသည်။ ထို့ထက် အရေးပါသည့် အရာမှာ အကျင့်စာရိတ္တပိုင်းဆိုင်ရာ ဆင်းရဲခြင်း၊ ချမ်းသာခြင်းတို့ ဖြစ်သည်ကို အားလုံး လက်ခံကြမည် ထင်ပါသည်။ ဘေးကင်းသည့် ပတ်ဝန်းကျင်၊ ခိုင်မာတိကျသည့် စည်းကမ်း၊ ကောင်းမွန်သည့် လူ့အဖွဲ့အစည်း တစ်ခုဖြစ်ရန် ကျင့်ဝတ်ပိုင်းဆိုင်ရာ ဆင်းရဲ၍ မရနိုင်ပါ။

သို့ဖြစ်သည့်အတွက် ငွေကြေးဥစ္စာ ဆင်းရဲခြင်းကို အကြောင်းပြု၍ ကျင့်ဝတ်ပိုင်းဆိုင်ရာများ ဆင်းရဲမသွားရန် အထူးသတိပြုကြရမည် ဖြစ်ပါသည်။ စားဝတ်နေရေးအတွက် နံနက်နေထွက်မှ နေဝင်သည်အထိ လှုပ်ရှားရုန်းကန် နေရသည့်အတွက် မစဉ်းစားအားပါဘူး ဆိုသည့်အသံတွေ ကျယ်လောင် လာသည်မှာလည်း နိုင်ငံနှင့် လူမျိုး အတွက် ကောင်းမွန်သည့် အချက်တစ်ခု မဟုတ်ပေ။ အကြောင်းအရာတစ်ခု၊ အလုပ်တစ်ခုကို စဉ်းစားချင့်ချိန် မှုထက် ဝမ်းရေးအတွက် ရွေးလိုက်ရသည်ဟု အကြောင်းပြချက် ပေးခြင်းသည်လည်း စဉ်းစားချင့်ချိန်နိုင်သည့် အခြေအနေနှင့် အချိန် ဆင်းရဲခြင်းကြောင့်ဟု ဆိုနိုင်မည် ထင်ပါသည်။

ယနေ့ ကျွန်တော်တို့ နိုင်ငံတွင် ဖြစ်ပျက်နေသည့် အကြောင်းအရာ အားလုံးနီးပါးသည် ကျင့်ဝတ်ပိုင်းဆိုင်ရာ လုပ်ဆောင်မှုများ၊ လိုက်နာမှုများ ဆင်းရဲ သွားရခြင်းကြောင့်ဟု ဆိုနိုင်မည် ထင်ပါသည်။ တာဝန်ယူရမည့်သူမှ တာဝန် မယူခြင်း၊ လိုက်နာရမည့် သူများမှလည်း အပြည့်အဝ မလိုက်နာခြင်း စသည့် အခြေခံအကျဆုံး လိုအပ်ချက် များအား တိကျစွာ လိုက်ပါ လုပ်ဆောင်မှု အားနည်းသွားကြသည့်အခါ တစ်နည်းအားဖြင့် ဆင်းရဲသွားကြသည့်အခါ ဆင်းရဲခြင်းကို အကြောင်းပြု၍ နှစ်လိုဖွယ် မရှိသည့်၊ ကြောင်းကျိုးဆီလျော်မှု မရှိသည့်အရာများ အချိန်မရွေး ဖြစ်ပေ လာနိုင်သည့်အတွက် ငွေကြေးဥစ္စာ ချမ်းသာခြင်းကို စိတ်နှစ်ထားသကဲ့သို့ ကျင့်ဝတ်ပိုင်းဆိုင်ရာ လိုက်နာမှု စိတ်ဓာတ် ကောင်းမွန်ခြင်းကိုလည်း မေ့ထား၍မရပါကြောင်း တင်ပြလိုက်ရပါသည်။ 


ဖြိုးဝေမြင့် (စက်မှုအင်ဂျင်နီယာ)
The Voice Journal
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...