အမျိုးသမီးတွေကြား အထူးရေပန်း စားလာတဲ့ ဆေးလိမ်း အဆီချနည်း သွယ်လျစေဖို့ တကယ်ပဲ အကျိုးရှိသလား

(Smart Girl ကာယ လေ့ကျင့်ရေးနဲ့ အဆီချ ခန်းမ၌ ဆေးလိမ်းပြီး အဆီချနေတဲ့ အမျိုးသမီးတစ်ဦး။ -ဇာနည်ဖြိုး/မြန်မာတိုင်း(မ်) )

"မတွေ့ရတာကြာပြီ နေကောင်းလား"ဆိုတဲ့ စကားရဲ့ နောက်က ကပ်လိုက်လာတာက "ဟယ်.. နင်ဝလာ လိုက်တာ" ဆိုတာပါပဲ။

ဒီစကားက တစ်နှစ်အတွင်း တအိအိတက်လာတဲ့ စာရေးသူရဲ့ ခန္ဓာကိုယ်ပုံစံကြောင့် တွေ့တဲ့သူတိုင်း
ပြောလေ့ရှိကြတဲ့ နှုတ်ဆက်စကားပါ။

ဒီတော့ စာရေးသူမှာ အားကျမခံ မြန်မာ့စကားပုံတစ်ခုဖြစ်တဲ့ '၀လို့ လှလို့' ဆိုတာပဲရှိတယ်၊ 'ပိန်လို့ လှလို့' ဆိုတာ မရှိဘူးဆိုပြီး ကြံဖန်တွေးလို့ ကိုယ့်ကိုယ်ကိုယ် အားပေးရပါတယ်။

ကြားရဖန်များလာတဲ့ အခါမှာတော့ အားတင်းထားရတာတွေလည်း အလုပ်မဖြစ်တော့ဘဲ ပြောင်းလဲလာတဲ့ ခန္ဓာကိုယ်ကို မှန်ထဲကြည့်ပြီး အလိုလိုနေရင်း စိတ်ဓာတ်ကျလို့ စိတ်ပျက် အားလျော့လာပြီး အဆီတွေ စုလာတဲ့ ကိုယ့်ခန္ဓာကိုယ်ကို မနှစ်မြို့စရာလို့ ထင်မြင်လာပါတယ်။

ဒါက စာရေးသူမှ မဟုတ်ပါဘူး။ ခေတ်အခြေအနေအရ နေထိုင်မှုလူ့ဘ၀ပုံစံတွေ ပြောင်းလဲလာတာ နဲ့အမျှ၊ အသက် အရွယ်ရလာတာနဲ့အမျှ အဆီတိုးလို့ ဗိုက်ခေါက်ထူလာတဲ့ အမျိုးသမီးတွေအတွက် ခန္ဓာကိုယ်အလေး ချိန်တိုးလာတဲ့ ပြဿနာဟာ အိမ်မှာပဲ အနေများကြတဲ့ အိမ်ထောင်ရှင်မ တွေထက် နေ့စဉ်ဝတ်စားပြင်ဆင်ပြီး အပြင် ထွက် အလုပ်လုပ်ကြရတဲ့ အမျိုးသမီးတို့အတွက် စိန်ခေါ်မှုတစ်ခု ဖြစ်လာပါတော့တယ်။

တကယ်လို့ ကိုယ်က သွယ်လျနေပြီး ဖက်ရှင်ကျတဲ့အ၀တ်အစားတွေ ရွေးချယ် ၀တ်စားနိုင်မယ်ဆိုရင် နေ့စဉ်အလုပ် ခွင်မှာ ယုံကြည်မှု ပိုရှိလာမယ်လို့ ယူဆပါသလား ...

အသက် ၃၀ အရွယ်၊ စာရင်းကိုင်တစ်ဦးဖြစ်တဲ့ မထက်ထက်ကတော့ သွယ်လျလှပမှုကိုသာ ပိုင်ဆိုင်ထား မယ်ဆိုရင် သူ့အနေနဲ့ လုပ်ငန်းခွင်မှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပိုရှိလာနိုင်မယ်လို့ စိတ်အားထက်သန်စွာနဲ့ ဆိုပါတယ်။

ပုံမှန်ထက် စူဖြိုးနေတဲ့ သူ့အတွက် (သူက ပေါင်ချိန်ကိုပြောဖို့ ငြင်းဆိုပါတယ်) တစ်လက်မ နှစ်လက်မလောက် ပဲဖြစ်ဖြစ် အဆီကျသွားဖို့အတွက် ဘယ်လိုဝိတ်ချနည်းကိုမဆို အမြဲတမ်း စိတ်ဝင်စားလေ့ ရှိတယ်လို့လည်း ၀န်ခံပါ တယ်။

"ကျွန်မအနေနဲ့ ဘယ်လိုလုပ်ရင် ၀ိတ်ကျမယ်ဆိုတဲ့ နည်းလမ်းတွေကို အမြဲတမ်းနားစွင့်လေ့ ရှိတယ်"လို့ သူက ပြောပါတယ်။

ဒီအခါမှာ မထက်ထက်လို ၀ိတ်ကျဖို့ စိတ်အားထက်သန်သူတွေနဲ့ ၀ိတ်ချချင်ပေမယ့် အစားမလျှော့နိုင်၊ လေ့ကျင့်ခန်း မလုပ်နိုင်သူတွေ၊ လုပ်ဖို့အချိန်မပေးနိုင်တဲ့သူတွေ၊ ပျင်းရိသူတွေကြားမှာ လတ်တလော ရေပန်းစားနေတာကတော့ လိမ်းဆေးနဲ့နှိပ်နယ်ပြီး အဆီချတဲ့နည်းပဲ ဖြစ်ပါတယ်။

အဆီချဆိုင်တွေကလည်း ဒီနည်းလမ်းဟာ လေ့ကျင့်ခန်း ပုံမှန်လုပ်စရာမလိုဘဲ အချိန်တိုအတွင်းမှာ အဆီချပေးနိုင် မယ်လို့ ကြော်ငြာနေတာကြောင့် အမျိုးသမီးတွေကို စိတ်ဝင်စားစေတာလည်း ဖြစ်ပါတယ်။

ဒါ့ပြင်ကိုမှ ဆေးလိမ်းမှုကြောင့် ဘယ်လိုဘေးဥပဒ်မှ မဖြစ်စေဘူးလို့ အဆီချဆိုင်တွေက ရဲရဲကြီး အာမခံထားကြ ပါသေးတယ်။

"အခု အဲဒီနည်းလမ်းက လေ့ကျင့်ခန်းအတွက် အချိန်မပေးနိုင်တဲ့ အမျိုးသမီးတွေကြားမှာတော့ အဆင်ပြေနေ တယ်"လို့ ၂၀၀၅ ခုနှစ်က တည်းက Smart Girl အမျိုးသမီးသီးသန့် ကာယလေ့ကျင့်ရေး ခန်းမနဲ့ အဆီချလုပ်ငန်းကို ပူးတွဲပြီး ဖွင့်လှစ်လာခဲ့တဲ့ ဒေါ်ဝင်းမမလှိုင်က ဆိုပါတယ်။

ခုဆိုရင် သူက ရန်ကုန်မှာ ဆိုင်နှစ်ဆိုင်နဲ့ မန္တလေးမှာ ဆိုင်နှစ်ဆိုင် ဖွင့်လှစ် ထားပြီးဖြစ်ပါတယ်။

လျှို့ဝှက်ချက်ထားတဲ့ လိမ်းဆေးတံဆိပ်ဆိုင်မှာ အသုံးပြုတဲ့ ဆေးအမျိုးအစားကို ဖောက်သည် တွေကို အသိမပေး ပေမယ့် သူ့ဆီမှာ ပုံမှန်ဆေးလိမ်းအဆီချတဲ့ အမျိုးသမီးတွေများစွာ ရှိတယ်လို့ ဒေါ်ဝင်းမမလှိုင်က ဆိုပါတယ်။

"ကျွန်မ အနေနဲ့က အဆီလာချတဲ့ သူတွေအနေနဲ့ တခြား ဘာဘေးထွက် ဆိုးကျိုးမှမရှိတဲ့ သဘာဝ ထွက်ကုန်တွေ ကို အသုံးပြုထားတဲ့ဆေးကို သုံးပြီးတော့ အဆီချပေးတယ်။ နောက်ပြီးတော့လည်း အဆီတကယ်ကျရမယ် ဆိုပြီးတော့ အာမခံပေးထားတယ်။ ဒါကြောင့် ဘယ်သူမှ ကျွန်မဘယ်လိမ်းဆေး သုံးတယ်ဆိုတာကို မမေးကြသလို၊ တကယ်လို့မေးခဲ့ရင် ဒါက လုပ်ငန်း သဘောအရ အခုအချိန်မှာ အပြိုင်အဆိုင်တွေရှိတာကြောင့် အသိပေးသွားမှာ
မဟုတ်ပါဘူး" လို့လည်း သူက ခိုင်ခိုင်မာမာပဲ ပြောပါတယ်။

သူ့ဆီ အဆီလာချတဲ့ သူတွေထဲမှာ ဆေးနဲ့ပတ်သက်လို့ ပြဿနာကြုံ ရတာမျိုး မရှိခဲ့ဖူးသလို သတ်မှတ်ထားတဲ့ ရက်အတွင်းမှာ နှစ်လက်မကနေ လေးလက်မအထိ လျော့ကျသွားနိုင်တယ် ဆိုပြီးတော့လည်း အာမခံပြီး အဆီ ချပေးနေတာ ဖြစ်ပါတယ်။

အသုံးပြုတဲ့ ဆေးအမည်တံဆိပ်ကို ပြောပြတဲ့ဆိုင်တွေ ရှိသလို၊ မပြောပြတဲ့ဆိုင်တွေလည်း အများအပြားရှိပေမယ့် ဆိုင်တိုင်းမှာ ဖောက်သည်တွေ ရှိနေတာကတော့ အမျိုးသမီးတွေရဲ့ လှပချင်တဲ့ စိတ်ဆန္ဒက စွန့်စားစေဖို့ဖြစ်သွား စေတာ ဖြစ်ပါလိမ့်မယ်။

"ခုခေတ်မှာ ဈေးဝယ်စင်တာတွေမှာတောင်မှ အဆီချခရင်မ်တွေ ရောင်းနေတာ ဘာမှန်းညာမှန်းတောင် မသိတောင် ၀ယ်လိမ်းနေကြတာပဲ။ ဆိုင်မှာ လုပ်ပေးတဲ့ဟာက ပိုပြီးလုံခြုံမှု ရှိတယ်လို့ ထင်တယ်။ တံဆိပ်မပြော ပြလည်း ပြဿနာတော့မရှိဘူး"လို့ Smart Girl မှာပဲ အဆီချနေတဲ့ မထက်ထက်က လုံးဝကို စိတ်မပူဟန်နဲ့ ဆိုပါတယ်။

အဲဒီဆိုင်မှာပဲ အဆီချခရင်မ်နဲ့ နှိပ်နယ်အဆီချနေတဲ့ အသက် ၂၃ နှစ် အရွယ် အမည်မဖော်လိုတဲ့ ကုမ္ပဏီဝန်ထမ်း အမျိုးသမီးလေးကတော့ သူ့အနေနဲ့ ဘာမှန်းမသိတဲ့ ဆေးကိုသုံးပြီး အဆီချနေရတာက သိပ်တော့ အဆင်မပြေဘူး လို့ ဆိုပါတယ်။

ဒါပေမဲ့ လတ်တလောမှာတော့ လှချင်စိတ်က သူ့စိုးရိမ်စိတ်ထက်ကို ကျော်လွန်နေတာမို့ စွန့်စားပြီး အဆီချတာကို ခံယူနေတာလို့လည်း ဆိုပါတယ်။

"ဆိုင်က ဘယ်လောက်ပဲ ဘာဘေးထွက်ဆိုးကျိုးမှ မရှိပါဘူးလို့ အာမခံတယ်ပဲပြောပြော ကျွန်မအနေနဲ့ စိတ်မချ သလို ခံစားရတယ်။ ဒါပေမဲ့ ကျွန်မက အချိန်တိုတွင်းမှာ ၀ိတ်ကျသွားချင် တယ်၊ ဒါကြောင့် အရဲစွန့်ပြီး လုပ်ဖြစ်သွား တာပါ။ နောက်ပြီးတော့လည်း အခုခေတ်လို အဆီချတဲ့ ခရင်မ်တွေကို ဈေးဝယ်စင်တာတွေမှာ ၀ယ်ပြီး ကိုယ့် ဘာသာလိမ်းပြီးတောင် အဆီချနေကြတာ ဆိုတော့ သူတို့ကလည်း အာမခံပေးထားတာနဲ့ လုပ်ဖြစ်သွားတာပါ" လို့ သူက ပြောပြပါတယ်။

အ၀လွန်ခြင်းကြောင့် ၀ိတ်ချဖို့ ခက်ခဲသူတို့အတွက် အဆီချလိမ်းဆေးတွေကလည်း ဆွဲဆောင်ရာ ဖြစ်လာပါတယ်။ မို့မို့သော်/မြန်မာတိုင်း(မ်) 

အဆီချလိမ်းဆေးတွေကို အလှကုန်ဆိုင်တွေမှာ ရရှိနိုင်

အလှကုန်ဆိုင်တွေမှာ ၀ယ်ယူရရှိနိုင်တဲ့ နိုင်ငံပေါင်းစုံထုတ် တံဆိပ်အမျိုးမျိုးသော အဆီချလိမ်းဆေး တွေကတော့ ဆေးကို အသားထဲ စိမ့်ဝင်အောင် လိမ်းပေးခြင်းအားဖြင့် ခန္ဓာကိုယ်မှာရှိတဲ့ အဆီခဲတွေကို ချေဖျက်ပေးနိုင်တယ်လို့ အခိုင်အမာကို ညွှန်းထားကြပါတယ်။

ဒါပေမဲ့လည်း အဆီချလိမ်းဆေးအများစုမှာ လူကို အန္တရာယ်ပေးနိုင်တဲ့ aminophylline လို့ခေါ်တဲ့ asthma treatment တွေ ပါဝင်တယ်လို့ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ၀က်ဘ်ဆိုက် WebMD မှာ ဖော်ပြထားပါတယ်။

ဒါကြောင့် တချို့သောသူတွေမှာ အဆီချလိမ်းဆေးကြောင့် အရေပြားနဲ့ ပတ်သက်တဲ့ ဓာတ်မတည့်မှုတွေ ဖြစ်တတ် တဲ့အပြင် ခန္ဓာကိုယ်တွင်း သွေးလည်ပတ်မှုဆိုင်ရာ ပြဿနာတွေကို ဖြစ်စေနိုင်တယ်လို့ ဖော်ပြထားပါသေးတယ်။

တချို့လေ့လာတွေ့ရှိချက်တွေကလည်း အဆီချလိမ်းဆေး သုံးစွဲပြီးတဲ့အခါမှာ သုံးစွဲလိုက်တဲ့ ခန္ဓာကိုယ် အစိတ် အပိုင်းနေရာက ဖုထစ်လှိုင်းထနေတဲ့ အဆီပြင်တွေ (cellulite)ကို ယာယီအားဖြင့် ပျောက်ကင်းသွားအောင် လုပ်ဆောင်နိုင်တယ်လို့ ဖော်ပြထားကြပါတယ်။

"ဆေးလိမ်းနှိပ်နယ်ပေးပြီးတော့ အရင်က ကြွက်သားတွေလို တင်းနေတဲ့ ဗိုက်နဲ့ပေါင်က အဆီပြင်တွေ အရင်က ထက်စာရင် ပိုပြီး ပျော့လာတယ်။ ဒါပေမဲ့ နှိပ်ပြီးတဲ့အခါမှာတော့ တချို့နှိပ်ခံထားရတဲ့ နေရာတွေမှာ အညိုမည်း ရာတွေ ကျန်ခဲ့တယ်။ ပြီးတော့လည်း အဲဒီနေရာတွေဆိုရင် ထိလိုက်တာနဲ့တောင် နာနေတယ်"လို့ ငါးကြိမ်မြောက် အနှိပ်ခံပြီးတဲ့နောက်မှာ ဖျားတဲ့အထိ ဖြစ်သွားတဲ့ ကုမ္ပဏီဝန်ထမ်း အမျိုးသမီးလေးက ဆိုပါတယ်။

"ဆိုင်က ပြောတာက လေး၊ ငါးကြိမ်လောက်လုပ်ပြီးရင် မနာတော့ဘူးပြောပေမယ့် ခုနစ်ကြိမ်၊ ရှစ်ကြိမ်မြောက် အထိ နာနေတုန်းပဲ။ အညိုအမဲတွေလည်း မပျောက်သေးဘူး"လို့ဆိုပါတယ်။

သူက ဗိုက်၊ ပေါင်နဲ့ ခြေသလုံးတို့ကို အဆီချခရင်မ်နဲ့ နှိပ်နယ်ပြီး ၁၂ ရက်တာ ကုသမှုခံယူနေတာ ဖြစ်ပါတယ်။

ခန္ဓာကိုယ်အစိတ်အပိုင်း တစ်ခုစီကို ၁၅ မိနစ်ကနေ မိနစ် ၄၀ ကြာလောက် ဆေးလိမ်းပြီး နှိပ်နယ်ရတာကြောင့် သူကုသနေတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်း သုံးခုအတွက် တစ်ကြိမ်ကို တစ်နာရီခွဲကျော်လောက် အချိန်ပေးရပါတယ်။

"အနှိပ်ခံတဲ့အခါမှာ သုံးရက်ထက်ကျော်ပြီး ပျက်ကွက်လို့မရဘူး။ ကျော်ပြီးပျက်သွားရင် အာမခံတဲ့အတိုင်း အဆီကျဖို့ တာဝန်မယူဘူးလို့ ဆိုင်က ပြောထားတယ်။ အခု ကိုးရက် ရှိသွားပြီ။ ပြီးသွားလို့ ပေါင်က နှစ်လက်မလောက် သေးသွားရင် ကျေနပ်တယ်"လို့လည်း ဆိုပါတယ်။

တရားဝင် တင်သွင်းခွင့်မပြုထား

မြန်မာနိုင်ငံ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲမှုဌာန (FDA) မှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ သဇင်ရည်လှိုင် ကတော့ မြန်မာနိုင်ငံတွင်းကို ဘယ်လို အဆီချ လိမ်းဆေးတံဆိပ်ကိုမှ တင်သွင်းခွင့် မပြုထားဘူးလို့ ဆိုတာကြောင့် ဆိုင်တွေမှာ ရောင်းချနေတဲ့ အဆီချ တံဆိပ်ပေါင်းစုံနဲ့ အဆီချ စင်တာတွေမှာ အသုံးပြုနေတဲ့ အဆီချဆေးတွေဟာ တရားမ၀င်တင်သွင်းပြီး အသုံးပြုနေတဲ့ သဘောမျိုး သက်ရောက်နေ တာဖြစ်ပါတယ်။

ဒီလိုဆိုရင် စုံစမ်းစစ်ဆေးမှုတွေ မပြုလုပ်ဘူးလားဆိုတဲ့ မေးခွန်းက မေးစရာဖြစ်လာပါတယ်။

Myint & Son Professional Skin Care Clinic မှ ဒေါက်တာ စိုးဝင်းဦးကတော့ အဆီချလိမ်းဆေးတွေမှာ ပင်လယ်ရေမှော်၊ ချင်း၊ ကော်ဖီ၊ ပရုတ်၊ နနွင်း စတဲ့ ဘေးထွက်ဆိုးကျိုးမရှိတဲ့ သဘာဝအရင်းအမြစ်ပစ္စည်းတွေကို သုံးထားတယ်ဆိုရင်တောင်မှ နိုင်ငံတွင်းကို တင်သွင်းခွင့် မပေးထားတဲ့ ပစ္စည်းတွေက တရားမ၀င်တာကြောင့် မသုံးသင့်ဘူးလို့ သူ့အမြင်ကို ပြောပါတယ်။

"ကျွန်တော့်အနေနဲ့ ဘယ်ဆေးစာအုပ်မှာမှ ဒီလိုမျိုးဝန်ဆောင်မှုတွေကြောင့် အဆီတကယ်ကျတယ် လို့ မှတ်တမ်း တင်ထားတာမျိုး မတွေ့ဖူးသေးဘူး။ ကျန်းမာရေးအရ အဆီချဖို့ အကောင်းဆုံး နည်းလမ်းကတော့ အစား အသောက်ကို ဆင်ခြင်ပြီးတော့ လေ့ကျင့်ခန်းလုပ်ဖို့ပါပဲ"လို့ သူက ပြောပါတယ်။

ဒါပေမဲ့ အခုချိန်ထိကတော့ မြန်မာနိုင်ငံအပါအ၀င် တစ်ကမ္ဘာလုံးက အမျိုးသမီးထုအနေနဲ့ သူတို့တွေရဲ့ အဆီတွေနဲ့ ဖောင်းကားနေတဲ့ ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းပြင်းပြင်းထန်ထန် လုပ်စရာမလိုဘဲ သွယ်လျသွားစေဖို့ slimming cream၊ anti-cellulite cream နဲ့ slenderising cream တွေကို တရားဝင်သည်ဖြစ်စေ၊ မ၀င်သည်ဖြစ်စေ သုံးစွဲနေကြတုန်းပါပဲ။

MYM ကိုယ်ကာယလေ့ကျင့်ရေးနဲ့ အဆီချခန်းမကို လှည်းတန်းမှာပဲ ဆိုင်ခွဲ သုံးဆိုင် ဖွင့်လှစ်ထားတဲ့ မယမင်း ကတော့ အမြန်နည်းနဲ့ ကိုယ်အလေးချိန် ကျချင်သူတွေအနေနဲ့ အဆီချတာကို အများဆုံး လုပ်ကြတယ်လို့ ဆိုပါ တယ်။

"တစ်လ၊ နှစ်လလောက်နဲ့တော့ နှစ်နဲ့ချီပြီး စားထားတဲ့ ခန္ဓာကိုယ်က သိသိသာသာပြီး ပြောင်းလဲမသွားနိုင်ဘူး။ ကျန်းမာရေးရှုထောင့်အရ နည်းလမ်းအကျဆုံးကတော့ လေ့ကျင့်ခန်း လုပ်ဖို့ပါပဲ။ ဒါပေမဲ့ အဲဒီလို လုပ်ဖို့ကျတော့ အနည်းဆုံး သုံးလ၊ အများဆုံး ခြောက်လ၊ တစ်နှစ် လောက်မှ ရမှာ။ ဒါကြောင့် တချို့က မင်္ဂလာပွဲရှိတယ်၊ နိုင်ငံခြား သွားမယ်ဆိုတဲ့သူတွေကျတော့ အမြန်နည်းဖြစ်တဲ့ ဆေးလိမ်းပြီး အဆီချတာကို လုပ်ကြတယ်။ ခုနောက်ပိုင်းဆို အဲဒီလိုလူတွေမှ မဟုတ်ဘဲ လေ့ကျင့်ခန်းလုပ်ဖို့ကို အချိန်မပေးချင်တဲ့သူတွေ ဆေးလိမ်းအဆီချဖို့ကို စိတ်ဝင်စားလာ
ကြတယ်"လို့ ဆိုပါတယ်။

သူ့ဆိုင်မှာ အသုံးပြုတဲ့ လိမ်းဆေးကိုလည်း လျှို့ဝှက်မထားဘဲ ယိုးဒယားဆေးကို သုံးပါတယ်လို့ မယမင်းက ဆိုပါ တယ်။ ၀မ်းဗိုက်နဲ့ ပတ်သက်တဲ့ ဗိုက်ခွဲထားသူတွေ၊ အူကျထားတဲ့ သူတွေကိုတော့ သေချာမေးမြန်းပြီးမှပဲ အဆီချ မယ့်သူအနေနဲ့ လက်ခံတယ်လို့လည်းဆိုပြီး သူ့ခန်းမတွေမှာ တစ်လကို ပုံမှန်ဆေးလိမ်းအဆီချတဲ့သူ ခုနစ်ဦး၊ ရှစ်ဦးလောက် ရှိတယ်လို့လည်း ပြောပြပါတယ်။

"အဲဒီလို အဆီချတဲ့အခါမှာ အရေပြားပေါ် မူတည်တယ်။ တချို့က အလာဂျီဖြစ်တဲ့ သူတွေကျတော့ အဆင်မပြေ သလို အရေပြားပါးတဲ့ သူတွေအနေနဲ့လည်း နှိပ်ပြီးတော့ အဆီချတာ၊ ဆေးပူတာကြောင့် အညိုကွက်တွေ ကျန်တတ်တယ်"လို့လည်း ဆေးလိမ်းရာက ကြုံရနိုင်တဲ့ အချက်တွေကို ပြောပြပါတယ်။

ဈေးနှုန်းမသေးတဲ့ ၀န်ဆောင်မှု အဆီချလိမ်းဆေးနဲ့ နှိပ်နယ်အဆီချတဲ့ဝန်ဆောင်မှုက တချို့ အားကစားခန်းမမှာ ကိုယ်လက်လေ့ကျင့်ခန်းပြုလုပ်တဲ့ တစ်လသင်တန်းကြေးထက် ဈေးပိုများပါတယ်။

ခန္ဓာကိုယ် အစိတ်အပိုင်းပေါ် မူတည်ပြီးတော့ နှိပ်နယ်ပေးတဲ့ အချိန်ကလည်း ၁၂ ရက်ကနေ ရက် ၃၀ လောက်ထိ ဖြစ်နိုင်သလို ၀န်ဆောင်ခကလည်း တစ်ဆိုင်နဲ့ တစ်ဆိုင် မတူပါဘူး။

ရန်ကုန်မြို့တွင်းက ဆိုင်တွေမှာတော့ ပေါင်၊ ဗိုက်၊ ခြေသလုံး၊ ခါး၊ လက်မောင်းစတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်း တစ်ခုစီအတွက် ၀န်ဆောင်ခ ကျပ်သုံးသောင်း ကနေ ခုနစ်သောင်းအထိ ရှိပြီးတော့ တချို့ အဆီချလုပ်ငန်းတွေ မှာတော့ ခန္ဓာကိုယ်အပေါ်ပိုင်းနဲ့ အောက်ပိုင်းအပြင် တစ်ကိုယ်လုံး ၀န်ဆောင်မှုပေးနေပြီး ၀န်ဆောင်ခကလည်း သိန်းချီပြီး ကုန်ကျနိုင်ပါတယ်။

အသက် ၂၅ နှစ်အရွယ် မသန္တာကတော့ တာမွေမှာ ဖွင့်လှစ်ထားတဲ့ Beauty Sweet ကာယလေ့ကျင့်ရင်းနဲ့ အဆီချခန်းမမှာ ဆေးလိမ်းအဆီချတဲ့အပြင် လေ့ကျင့်ခန်းပါ တွဲလုပ်ခဲ့ပြီး နှစ်လအတွင်းမှာ ပေါင် ၃၀ လောက် ကျသွားတယ်လို့ ဆိုပါတယ်။

"ကျွန်မ အနေနဲ့ကတော့ အရင်က ဆေးလိမ်းအဆီချဖူးတယ်။ အဲဒီတုန်းက နှိပ်ပေးတဲ့အပြင် အဆီတွေကို ရိုက် တယ်၊ ဆွဲလိမ်တာတွေလုပ်တော့ တော်တော်လေးကို ခံစားခဲ့ရတယ်။ ဒါကြောင့် အဲဒီဆိုင်ကို နောက်ထပ် မသွားဖြစ်တော့ဘူး"လို့ သူက ပြောပါတယ်။

သူ့အိမ်နားက အလှပြင်ဆိုင်နဲ့ တွဲဖွင့်ထားတဲ့ အဆီချပေးတဲ့ဆိုင်ကို ပြောင်းလိမ်းဖြစ်သွားတဲ့ အခါမှာတော့ ရက် ၂၀ ကြာလောက် ဆေးလိမ်း၊ နှိပ်နယ်၊ တုန်ခါတဲ့စက်နဲ့ အဆီချပြီး လေ့ကျင့်ခန်းပါ တွဲလုပ်ပြီးတဲ့နောက်မှာတော့ အခုလိုမျိုး ပေါင် ၃၀ လောက် ကျသွားတာလို့လည် ပြောပြပါတယ်။

မသန္တာကို ဥပမာပေးလို့ ဆေးလိမ်းပြီး အစားရှောင်မယ်၊ လေ့ကျင့်ခန်းပါ တွဲလုပ်မယ်ဆိုရင် အာမခံပေးထားတဲ့ အတိုင်းအတာထက်ကို ပိုပြီးတော့ ၀ိတ်ကျပါတယ်လို့ Beauty Sweet ကို ဖွင့်လှစ်ထားတဲ့ ဒေါ်ဝါ၀ါရှိန်က ပြောပါ တယ်။

"လူတွေက ဈေးကြီးပေးရတဲ့ အရာတွေဆိုရင် ပိုပြီးတော့ တန်ဖိုးထားကြတာ များတယ်။ ဆေးလိမ်း အဆီချတယ် ဆိုတာက ပုံမှန် လေ့ကျင့်ခန်းလုပ်ပြီး အဆီချတာထက် ငွေပိုကုန်တယ် ဆိုတော့ နေ့စဉ်လေ့ကျင့်ခန်းလုပ်ဖို့ အချိန်သာ ပျက်ကွက်ချင်ပျက်ကွက်မယ်၊ ဆေးလိမ်းဖို့တော့ မပျက်ကွက်ကြတော့ဘူး"လို့လည်း သူက ဆိုပါတယ်။

"ကျွန်မကိုယ်အလေးချိန်က ပေါင် ၁၄၀ ကနေ ၁၀၀ လောက် ဖြစ်သွားပြီ။ ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်မှု ပိုရှိလာသလို ပျော်လည်း ပျော်တယ်။ အခုဆိုရင် အစားရှောင်ပြီးတော့ လေ့ကျင့်ခန်း ပုံမှန်လုပ်ပြီး ၀ိတ်မတက် အောင် ထိန်းထားတယ်"လို့ မသန္တာက တက်ကြွစွာနဲ့ ဆိုလိုက်ပါတယ်။


ref;Myanmar Times
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...