မိခင် နို့တိုက်ကြွေးရေးဆိုင်ရာ အမိန့်အား ကျန်းမာရေး ၀န်ကြီးဌာနက မိတ်ဆက်

မွေးစမှ အသက် ခြောက်လအထိ မိခင် နို့တစ်မျိုးတည်း တိုက်ကျွေးရမည် ဖြစ်သည်။

နို့စို့ကလေးများအား မိခင်နို့တိုက်ကြွေးရေး အစီအစဉ်ကို အဟန့်အတား ဖြစ်စေမှုများမှ ကာကွယ်ရန် အတွက် ထုတ်ပြန်ထားသည့် အမိန့်အား International Code of Marketing in Breast Milk Substitute ကို မြန်မာ မှု ပြုထားခြင်းဖြစ်ပြီး ပြည်တွင်းပြည်ပ ပညာရှင်များ၏ အကြံဉာဏ်ကို ရယူကာ အကြိမ်ကြိမ် ညှိနှိုင်းရေးဆွဲ ထားကြောင်း ကျန်းမာရေး ၀န်ကြီးဌာန တာဝန်ရှိသူ တစ်ဦးက ပြောသည်။

နို့စို့ကလေးနှင့် ကလေးငယ်အတွက် ဖော်စပ်ထုတ်လုပ်ထားသော အစားအသောက်များ ဈေးကွက် တင်ခြင်းဆိုင်ရာ အမိန့်မှာ သုးံနှစ်အောက်ကလေးများကို စနစ်တကျ အစားအစာကျွေးမွေးမှုကို အဟန့်အတားဖြစ်စေမှုများမှ အကာအကွယ်ပေးရန်အတွက် ထုတ်ပြန်လိုက်ခြင်း ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမင်းသန်းညွန့်က နေပြည်တော်ရှိ ရွှေပြည်တော်ဟိုတယ်တွင် ယခုလ ၉ ရက် နေ့ကကျင်းပသည့် မိတ်ဆက်ပွဲတွင် ပြောကြားခဲ့သည်။

"မွေးစမှ အသက် ခြောက်လအထိ မိခင်နို့တစ်မျိုးတည်း တိုက်ကျွေးဖို့နဲ့ အသက်နှစ် နှစ်အထိ မိခင်နို့ကို ဆက်လက် တိုက်ကျွေးဖို့ အတွက် အဓိကရည်ရွယ်ထားတာ ဖြစ်ပါတယ်။ ဈေးကွက်မှာ မိခင်နို့အစားထိုး ပစ္စည်းတွေကို တင်သွင်းဖြန့်ဖြူးရောင်းချနေခြင်းဟာလည်း မိခင်နို့အပြင်အခြား ရွေးချယ်စရာတွေကို ဖန်တီးပေးသလို ဖြစ်နေပါ တယ်"ဟု ၎င်းက ပြောသည်။

အခန်း ခုနစ်ခန်းပါဝင်သော အထက်ပါအမိန့်သည် လွှတ်တော်က အတည်ပြု ပြဋ္ဌာန်းပြီးဖြစ်သည့် 'အမျိုးသား အစား အသောက်ဥပဒေ' ၏ နောက်ဆက်တွဲ ထုတ်ပြန်ခြင်းဖြစ်ပြီး သတင်းစာများတွင်လည်း အများပြည်သူသိရှိစေရန် အတွက် ဆက်လက် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း အဆိုပါ ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ ထင်လင်းက ပြောကြားသည်။

"ကလေးငယ်နဲ့ သက်ဆိုင်တဲ့ ဆေးဝါး၊ အစားအသောက်တိုင်းကို လူတိုင်းနဲ့ မသင့်တော်ဘူးဆိုပြီး ပိတ်ပင်တာ မဟုတ်ဘူး။ မသိနားမလည်တဲ့သူတွေ ထင်ယောင်ထင်မှားနဲ့ ပိုကောင်းလေမလား ဆိုပြီး သုံးစွဲမိတာမျိုး မဖြစ်စေဘဲ နားလည်တတ်ကျွမ်းသူက လမ်းညွှန်တဲ့အချိန်မှ အရည်အသွေး ပြည့်ဝတာကို ရွေးချယ်ပြီး စားသုံးနိုင်ဖို့ ဒီအမိန့်ကို ထုတ်ပြန်ရခြင်းဖြစ်ပါတယ်"ဟု ၎င်းက ပြောကြားသည်။

ကလေးငယ်များအတွက် ဖြည့်စွက်စာအဖြစ် ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိသည့် နို့မှုန့်နှင့် နို့ဘူး ကုမ္ပဏီများ၏ ဆွဲဆောင်အားကြောင့် အသက်ခြောက်လ အထိ မိခင်နို့တစ်မျိုးတည်းသာ တိုက်ကျွေးရေး အစီအစဉ်သည်လည်း စိန်ခေါ်မှုနှင့် တွေ့ကြုံနေရကြောင်း ဒေါက်တာမင်းသန်းညွန့် က ပြောသည်။

"အထူးသဖြင့် ကျန်းမာရေးဝန်ထမ်းတွေဟာ နို့မှုန့်၊ နို့ဘူး မ၀ယ်ယူပေမယ့် နို့မှုန့် ကုမ္ပဏီတွေရဲ့ အထူး အာရုံစိုက် ခံရတဲ့ အထူးစားသုံးသူများအဖြစ် ဖြစ်မှန်းမသိ ဖြစ်နေကြောင်းကိုလည်း သတိပေးလိုပါတယ်။ ပြဋ္ဌာန်းချက်တစ်ခု ချိုးဖောက်မိတာတွေ၊ မလိုက်နာမိတာတွေ၊ လွန်ကျူးမိတာတွေ ရှိတတ်ပါတယ်။ ဒီလိုဖြစ်ခဲ့မယ်ဆိုရင်တော့ အခု ပြဋ္ဌာန်းထုတ်ပြန်ပြီးဖြစ်တဲ့ ဒီအမိန့် ကြော်ငြာရဲ့ အတိုင်းအတာ တစ်ခုအတွင်းမှာ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်" ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါး အာဏာပိုင်အဖွဲ့က အမျိုးသားအစားအသောက်ဥပဒေပါ အပ်နှင်း ထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံးကာ ယခုအမိန့်ကို ဇူလိုင်လ ၂၄ ရက် ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သော်လည်း ပြည်သူလူထုအကြား သိမြင်နားလည် မှုနည်းနေခြင်းကြောင်း ယခုကဲ့သို့ မိတ်ဆက်ပွဲ ပြုလုပ်ခြင်းဖြစ်ကြောင်း ဒေါက်တာထင်လင်း က ပြောသည်။

အမိန့်သည် သတ်မှတ်ကြေညာသည့်ရက်မှ စတင်ကာ အသက်ဝင်နေပြီဖြစ်ပြီး နောက်ဆက်တွဲ ဖြစ်သည့် ကုမ္ပဏီများ သတ်မှတ်ထားသည့်အတိုင်း လိုက်နာခြင်းရှိမရှိ စောင့်ကြပ်ကြည့်ရှုနိုင်မှသာ အသက်ဝင် အောင်မြင်နိုင် မည်ဖြစ်သကဲ့သို့ ဆက်စပ်ဌာနများနှင့် ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှု ရရှိမှသာ အောင်မြင်နိုင်မည်ဟု ဒေါက်တာ မင်းသန်းညွန့်က ပြောသည်။

ထိုကဲ့သို့ ကြီးကြပ်ခြင်း၊ စစ်ဆေးခြင်းစသည့် ပုံမှန်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ ရေးဆွဲရေး အတွက် International Baby Food and Action(IBFAN) အဖွဲ့အစည်းက အတွေ့အကြုံနှင့် နည်းပညာ အကူအညီပေး ရန် ကမ်းလှမ်း ထားကြောင်းလည်း သိရသည်။

ထို့ပြင် ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ ကလည်း ပါဝင်ကူညီမည်ဖြစ်သည်။

ကျန်းမာရေးဝန်ကြီးဌာနသည် ကုလသမဂ္ဂ ထောင်စုနှစ် ရည်မှန်းချက်အရ မျှော်မှန်း လူ့သက်တမ်းကို နှစ် ၇၀ ရောက်ရန် ကြိုးပမ်းလျက်ရှိပြီး ငါးနှစ်အောက်ကလေး သေဆုံးမှုကို လျှော့ချနိုင်လျှင် ရည်မှန်းချက် အောင်မြင်မည် ဖြစ်ကြောင်း၊ အသက် ခြောက်လ အထိ မိခင်နို့ တစ်မျိုးတည်းကို စနစ်တကျတိုက်ကျွေးလျှင် ငါးနှစ်အောက်ကလေး သေဆုံးမှုကို ၁၃ ရာခိုင်နှုန်း၊ အသက် ခြောက်လမှစပြီး ဖြည့်စွက်စာ စနစ်တကျ တိုက်ကျွေးလျှင် နောက်ထပ် ခုနစ်ရာခိုင်နှုန်း ထပ်မံလျှော့ချနိုင်မည် ဖြစ်ကြောင်း နိုင်ငံတကာပညာရှင်များ၏ လေ့လာတွေ့ရှိချက်ကို ကိုးကားပြီး
ဒေါက်တာ မင်းသန်းညွန့်က ပြောသည်။


Myanmar Times
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...