ကျူရှင်ကိုစား အားရှိသူများ


မကြာမီတက္ကသိုလ်ဝင်တန်းစာမေးပွဲတွေ ဖြေဆိုကြပေတော့မည်။ စာမေးပွဲပြီးလျှင် နွေရာသီကျောင်း ရက်ရှည်ပိတ်တော့မည်။

ကျွန်မသည်နှစ်ပေါင်းများစွာ စာသင်ခန်းမှာ ကျင်လည်ခဲ့သူတစ်ယောက်ဖြစ်သည်။ ကျန်းမာရေးအခြေ အနေအရ နာမကျန်းပင်စင်ဖြင့် အငြိမ်းစားပင်စင်ယူခဲ့ရသူ ဖြစ်သည်။ ဒါပေမဲ့ကျွန်မရဲ့အာရုံက အစဉ် အမြဲကျောင်းသင်ခန်းဆီ တဝဲလည်လည်ပျံဝဲနေဆဲပါ။ ယခုလိုစာမေးပွဲနီးကပ်လာပြီဆိုလျှင် အိမ်နီးချင်း ကလေးများကိုအရေးကြီးသည့် အင်္ဂလိပ်စာ၊ သင်္ချာလိုဘာသာရပ်များ ကူညီပြသလေ့ရှိသည်။ အထူး သဖြင့်ကျူရှင်မတက်နိုင်သော ကလေးတွေကိုပါပဲ။

ကျွန်မတို့ရပ်ကွက်က ဆင်ခြေဖုံးမှာရှိပြီး လက်လုပ်လက်စားမိသားစုများသည်။ ဈေးသည်သားသမီးပီပီ မိဘအလုပ်ကို ဝိုင်းကူပေးကြရသည်။ ထမင်းတစ်ဝမ်းစာအတွက် ခဲယဉ်းစွာဖြေရှင်ကြရသည်။ အဘယ် မှာကျူရှင်တက်နိုင်ကြမည်နည်း။ ကျောင်းကဆရာ၊ ဆရာမသင်လိုက်သည့်သင်ခန်းစာများကိုသာ အားပြုကျက်မှတ်ကြရသည်။

ကျောင်းတော်ကြီးတွေမှာတော့ ဆရာ၊ ဆရာမအားလုံးနီးပါး ကျူရှင်ပြကြသည်။ အကြောင်းပြချက် က တော့ရသည့်လစာနှင့်အခြားအရေးမဆိုထားနှင့် မိသားစုဝမ်းရေးကိုတောင် ပြည့်ပြည့်ဝဝဖြည့်ဆည်း မပေးနိုင်ဟူ၏။ သူတို့ကိုကြည့်လိုက်လျှင်တော့ ရွှေလက်ကောက်တဝင်းဝင်း၊ လည်ပင်း၌ဆွဲထားသော ဆွဲကြိုးကြီးက လက်မပြားအရွယ်ခန့်၊ ဆွဲကြိုး၌ဆွဲထားသောလော့ကတ်ကလည်း မျက်စိကျိန်းလောက် အောင် ဖိတ်ဖိတ်တောက်လို့။ တန်ဖိုးကတော့ သေးလိမ့်မည်မထင်။ ဒါတင်ဘယ်ကမလဲ။ ဆလင်း ဘတ်အိတ်အကောင်းစား၊ ထီးအကောင်းစား၊ ဖိနပ်အကောင်းစားတွေကလည်း ကိန်းဂဏန်းငါးလုံး အထက်မှာ၊။ အမျိုးသားကျောင်းဆရာတွေကတော့ ကျူရှင်ပြတာချင်းတူပေမယ့် ဆရာမတွေလောက် မပလွှားတော့မျက်စိသိပ်မနောက်ပေ။ ဆရာမတွေကတော့ ကောင်းပေ၊ ညွန့်ပေ့တွေဝတ်ပြီး ဆရာမ အချင်းချင်းဂုဏ်တု၊ ဂုဏ်ပြိုင်ကြွားဝါကြကုန်၏။

'ယူ့အတန်းက ခင်သော်တာပပဆွေကတော့ အလန်းပဲ။ ယူ့ကိုကြိုးကြီးချိတ်နဲ့ခြင်းတစ်ခြင်း ကန်တော့ တယ်ဆို'

'အံမာ . . . သူကများပြောရတယ်လို့၊ မင်းလည်းစာအိတ်တစ်အိတ်နဲ့ မုန့်ပုံးရတာပဲဟာ'

ထိုကဲ့သို့အပြိုင်အဆိုင် သူ့ထက်ငါထုတ်ဖော်ပြောဆိုနေကြတာ သူတို့ရဲ့စာသင်ခန်းထဲမှာပါ။ ကလေး တွေကြားနာမိစေပေါ့။ မပေးရသေးသူရှိလျှင် 'ပေးပါတော့၊ ခပ်များများလေး' ဟု ဆိုလိုက်သလိုပါပဲ။ မပေးနိုင်သည့်ကလေးကတော့ မျက်နှာငယ်လေးနှင့် ဝမ်းနည်းစွာဆရာ့မျက်နှာကို မကြည့်ရဲသလို ကျောင်းလည်းမတက်ချင်တော့ပေ။

ဒီအသံတွေကတော့ ရပ်ကွက်ထဲမှာ မကြားချင်းမှအဆုံး။ အငြိမ်းစားဆရာမတစ်ယောက်မို့ ရင်ဖွင့်ပြော ချင်သူတွေ ရှိလားရှိရဲ့။ ကြားရသည့်သတင်းစကားတွေက ကျွန်မရင်ကိုထိရှသွားစေတာ အမှန်ပါ။

ထိုအခါ . . . လွန်ခဲ့သောနှစ်ကာလများဆီက ကျွန်မတာဝန်ထမ်းဆောင်ခဲ့သော အတိတ်ပုံရိပ်ကိုပြန် လည်ငေးမျှော်ကြည့်မိပါသည်။ မြန်မာနိုင်ငံ၏ တတိယမြို့တော်မှာ မွေးဖွားကြီးပြင်းလာသော ကျွန်မ သည်ဇာတိမြေမှာပဲ မူလတန်းပြဆရာမအလုပ်ကို စတင်ခဲ့သည်။ ထိုမှတစ်ဆင့် ရာထူးတိုးအလယ် တန်းပြဆရာမဖြစ်လာတော့ အထက်တန်းကျောင်းတစ်ကျောင်း၌ တာဝန်ကျသည်။ ထိုကျောင်းသည် မိန်းကလေးကျောင်းဖြစ်သည်။ ဆရာများကလည်း အားလုံးဆရာမသတ်သတ်ဖြစ်သည်။ ကျောင်းအုပ် ဆရာမကြီး၏ တည်ငြိမ်ရင့်ကျက်ပြီး သဘောထားပြည့်ဝသော ဟန်ပန်များကြောင့်လက်ထောက် ဆရာမအားလုံး ချစ်ခင်လေးစားကြသည်။ အထူးသဖြင့် ဆရာမကြီး၏တိကျပြတ်သားသော စည်းကမ်း အောက်ဝယ် ဆရာမနှင့်တပည့်အားလုံး တညီတညွတ်တည်း လိုက်နာကြသည်။ ထို့ကြောင့်လည်း တက္ကသိုလ်ဝင်တန်း၌ အောင်ချက်အများဆုံး ကျောင်းတစ်ကျောင်းအဖြစ် သတင်းကောင်းများ မွှေးကြိုင်လှိုင်သည်။

တစ်ကျောင်းလုံးရှိ ဆရာမအားလုံးသည် စာသင်ချိန်၌မခိုမကပ်ဘဲ အချိန်ပြည့်စာသင်ကြခြင်း၊ တစ်နှစ် တွင်ခွင့် ၁၀ ရက်ရရှိသော်လည်း ကျောင်း ပျက်ရက်မရှိသော ဆရာမများရှိနေခြင်း၊ မဖြစ်မနေလိုအပ် မှသာခွင့်ယူကြသည်။ ခွင့်ယူသည့်ဆရာမ အစားနားချိန်ရသော ဆရာမများကအစားဝင်ရောက် သင်ပေးရသည်။ ထိုအခါ ဆရာမများသည် အလုအယက် အစားဝင်ချင်ကြသည်။ အချို့ဆိုလျှင် အစားမဝင်ရ၍ စိတ်ကောက်ကြသည်။ ဤကဲ့သို့ စေတနာရှေ့ထားကာ စာသင်ကြားခြင်းကြောင့်လည်း အောင်ချက်ကောင်းတာ မဆန်းလှချေ။ သူတို့ စိတ်ထဲ ကျူရှင်သင်ဖို့စိတ်မကူး။ ကျွန်မသည်လည်း ထိုကျောင်းရောက်မှ ဆရာမတစ်ယောက်အဖြစ်သို့ ရောက်ရှိသည်ဟု ခံစားမိသည်။

မကြာခဏဖျားနာတတ်ပြီး ခွင့်ခဏခဏယူနေရသော ကျွန်မသည် ထိုကျောင်းရောက်မှ အဖျားအနာ ကင်းဝေးခဲ့သည်။ အံ့သြစရာမကောင်းပေဘူးလား။ ခေါင်းဆောင်ကောင်းတစ်ယောက်၏ လက် အောက်မှာနေထိုင်ရခြင်းသည် မိမိအတွက်အရည်အချင်းပြည့်မီလာခြင်းကို ရရှိသလိုစိတ်ဓာတ်ခွန်အား လည်းမြင့်တက်လာစေသည်။ ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်မှုပိုရှိလာသည်။ ကျောင်းအုပ်ကြီးနှင့် လက်ထောက်ဆရာမများ၊ လက်ထောက်ဆရာမ အချင်းချင်း၊ ဆရာမနှင့်တပည့်စသဖြင့် သုံးပွင့်ဆိုင် ညီညွတ်မျှတနေသောအခါ ကျောင်းဆိုတာဂုဏ်ကျက်သရေတင့်ကာ ပျော်စရာကောင်းလှသည်။

ဤသို့ဖြင့် အချိန်တွေရွေ့လျားလာရာ ကျွန်မလည်းအိမ်ထောင်ရက်သားကျပြီး သျှောင်ဆံထုံးပါခဲ့ရ သည်။ ဘဝတစ်ခုအစပြုဖို့ ရွှေပြည်တော်ကြီး ရန်ကုန်မြို့ဆီသို့ရောက်ရှိခိုဝင်ခဲ့သည်။ ကျွန်မသည် ရန်ကုန်မြို့ မြို့လယ်ကောင်ရှိကျောင်းကြီးတစ်ကျောင်း၌ တာဝန်ကျပါသည်။ အရာအားလုံးပြောင်းလဲ သွားပါသည်။

ပထမဦးဆုံးကြုံရသည့် ပြောင်းလဲမှုကတော့ ဆရာ၊ ဆရာမလေးပုံသုံးပုံလောက်က ကျူရှင်ပေးနေခြင်း ပင်။ ဒုတိယပြောင်းလဲမှုမှာ ကျောင်းသား၊ ကျောင်းသူအများစုကလည်း ကျောင်းမှာသင်သည့် သင်ခန်း စာကိုစိတ်ပါဝင်စားမှုနည်းပါးပြီး အတန်းပိုင်မှဖွင့်လှစ်ထားသော ကျူရှင်ကိုသာအားကိုးနေကြခြင်း ဖြစ်ပါသည်။ ထူးဆန်းမှုတစ်ခုမြင်တွေ့လိုက်ရသော ကျွန်မမှာအံ့သြခြင်းမက အံ့သြရပါသည်။ ဆက် လက်ရှုစားလိုက်ပြန်သောအခါ ဆရာ၊ ဆရာမများသည် အတန်းပိုင်ဖြစ်ဖို့ လိုလားကြသည်။ အတန်းပိုင် မှသာ သူဖွင့်ထားသောကျူရှင်၌ ကျောင်းသား၊ ကျောင်းသူများအားကိုးတကြီး လာရောက်တက်ကြ မည် မဟုတ်ပါလား။

ကျူရှင်လုံးဝမပြဘဲ ရိုးအေးရှင်းလင်းသော ကျောင်းဆရာမဘဝကို ထာဝစဉ်ဖက်တွယ်ချင်သော ကျွန်မကိုခပ်တုံးတုံး၊ ခပ်ညံ့ညံ့ဟုမြင်ပါစေတော့။ သန့်ရှင်းစင်ကြယ်မှုဖြင့်သာ ကိုယ့်ကိုယ်ကိုယ်ယုံကြည် မှုရှိချင်သည်။ နောက်ကျောလုံပြီးလိပ်ပြာသန့်ချင်သည်။

ကျောင်းအုပ်ဆရာမကြီး၏ စည်းဝေးခန်းမိန့်ခွန်းများတွင် ဆရာ၊ ဆရာမများကျူရှင်ပေးနေခြင်းကို သူကောင်းကောင်းသိရှိကြောင်း၊ ယခုအချိန်မှစ၍ ကျူရှင်ပေးခြင်းကို ရပ်တန့်စေလိုပါကြောင်း ထည့် သွင်းပြောကြားပေမယ့် ပြောင်းလဲခြင်းလုံးဝမရှိပါ။ ဒုံရင်း၊ ဒုံရင်းပါပဲ။ ကျူရှင်ရေစီးကြောင်းကတော့ အရှိန်အဟုန်ကြီးစွာဖြင့် စီးဆင်းနေဆဲပါ။ သို့သော်မည်သည့်အရာမှ ထာဝစဉ်တည်တံ့မနေသော နိယာမအတိုင်း ပြောင်းလဲမှုတစ်ခုကတော့ ခပ်ဖြည်းဖြည်းတိုးဝင်လာတော့သည်။ အခြားမဟုတ်ပါ။ ပညာရေးဌာန၏ လမ်းညွှန်ချက်ဖြင့် ကျောင်းများတွင်အချိန်ပို၊ နာရီပိုင်းသင်ကြားပေးရန် ဖြစ်သည်။ ကျောင်းလွှတ်ပြီး ခေတ္တအနားပေးသည်။ ပြီးတော့အချိန်ပိုခေါင်းလောင်းထိုးပြီး ကျောင်းတက်စေသည်။

ကျောင်းပြန်တက်သည့်အခါ အချိန်ပိုဇယားအတိုင်းဘာသာရပ်ဆရာ၊ ဆရာမတွေက သင်ကြားပေးရ သည်။ ကျူရှင်တက်မည့်အချိန်ကို အစားထိုးလိုက်ခြင်းပါပဲ။ ကျောင်းသားတစ်ဦးလျှင် ငါးရာကျပ်နှုန်း ဖြင့် တက်ရသည်။ ကျောင်းသားတွေဆီက ရရှိငွေကိုအတန်းဝင်ချိန်ပေါ်မူတည်ပြီး ဆရာ၊ ဆရာမများ အချိုးကျရရှိကြသည်။

ဆရာ၊ ဆရာမတွေအဖို့ မိသားစုစားဝတ်နေရေးကို ပညာရေးဌာနက ဤနည်းဖြင့်ဖြည့်တင်းပေးခြင်း အပြင်ကျူရှင်ပပျောက်ဖို့ပါ ရည်ရွယ်သည်။ အချိန်ပိုတက်သည့် ကျောင်းသားဦးရေမှာ အစပထမ၌ အားလုံးနီးပါးတက်ကြပါသည်။ သို့သော်နောက်ပိုင်းမှာ တဖြည်းဖြည်းကျဲပါးလာသည်။ ထိုမှပို၍နည်းပါး လာရာ နောက်ဆုံးထိုစနစ်ကြီးပါ လွင့်ပါးပျောက်ကွယ်သွားခဲ့ရလေသည်။

အဲဒီနောက်ကျူရျင်အင်အားက တစ်နေ့တခြားပို၍ ပို၍အရှိန်အဟုန်ကြီးမားစွာ ထိုးဖောက်လာတာ အားလုံးအသိအမြင်ပါပဲ။ ကျွန်မသည်လည်း မြတ်နိုးတန်ဖိုးထားခဲ့ရသော ပညာရေးဝန်ထမ်းဘဝမှ နာမကျန်းပင်စင်ဖြင့် အငြိမ်းစားယူလိုက်ရပါတော့သည်။ အငြိမ်းစားယူပြီးနောက် စောစောကပြောခဲ့သ လို မပြည့်စုံသောကလေးများကို အခမဲ့စာသင်ပေးသည်။ ဒီလိုစာသင်ပေးသောအခါ ကျောင်းသားမိဘ တွေရော၊ ကလေးတွေပါ ကျွန်မကိုယုံကြည်အားကိုးလာပြီး ကျောင်းကဆရာ၊ ဆရာမများ၏ ဆက်ဆံ ရေးကိုရင်ဖွင့်ပြောကြားလာကြသည်။ ပြောလာသည့်စကားထဲမှာ အရုပ်အဆိုးဆုံးကတော့ အတန်းပိုင် ဆရာမဆီမှာ ကျူရှင်ယူသောကလေးတစ်ယောက်အား ကျူရှင်မှနှင်ထုတ်ပုံအကြောင်းဖြစ်သည်။ တော်တော်နှလုံးသားမည်းညစ်သည့် ဆရာမ။ ဖြစ်ပုံကနှင်ထုတ်ခံရသည့် ကလေး၏ဖခင်သည် အစိုးရ ရုံးတစ်ရုံးမှဝန်ထမ်းတစ်ဦးဖြစ်သည်။ လကုန်သည့်အခါ သူလစာရရှိသလိုကလေးအတွက် ကျူရှင်ဖိုးကို လည်း လဆန်း ၁ ရက်နေ့တိုင်းပေးလေ့ရှိသည်။

ဖြစ်ချင်တော့ ကလေး၏ဖခင်သည်အလုပ်ထွက်ပြီး တက္ကစီမောင်းသည့်အလုပ်ကို ပြောင်းလုပ်ကိုင် သောကြောင့် လဆန်းရက်၌ ကျူရှင်လခမပေးနိုင်တော့။ လဝက်ရောက်မှပေးနိုင်သည်။ နောက်ကျ သွားသည်နှင့် ဆရာမကသည်းမခံနိုင်တော့။ ကျောင်းသားလေးအား 'လကုန်လို့ကျူရှင်ဖိုး မပေးနိုင်ရင် ငါ့ကျူရှင်ကို လာစရာမလိုတော့ဘူး' စာမေးပွဲကြီးနီးခါမှ နှင်ထုတ်ခံလိုက်ရခြင်းဖြစ်သည်။ ဘယ် လောက်သမားဂုဏ်နှင့် ဝေးကွာပါသလဲ။ နက်နက်ကြီးခံစားကြည့်ပါ။ ဒီလိုဆရာမမျိုးတွေ ကျောင်းသင် ခန်းဆီမှာ ဘယ်လောက်များပြားနေသလဲ။

ထို့ပြင်ကျောင်းသားမိဘဆီက ရင်ဖွင့်သံကြားသိလိုက်ရတာရှိသေးသည်။ သီတင်းကျွတ်ပထမနှစ်ဝက် စာမေးပွဲဖြေဆိုခါနီး၌ အတန်းပိုင်ကသူ့ဆီမှာ ကျူရှင်တက်သော ကလေးများကိုသာမေးခွန်းနှင့်အဖြေ တွဲလျက်ပေးသည်။ ပြောလိုက်သေးသည်။

'အခုဆရာမပေးတဲ့မေးခွန်းနဲ့ အဖြေကိုပဲသေချာကျက်။ ဆရာမဆီမှာ ကျူရှင်မတက်တဲ့သူကို လုံးဝပြ စရာ၊ ပြောစရာမလိုဘူး'

ဆရာတစ်ဦး၏အတ္တသည် မည်မျှကြောက်စရာကောင်းလိုက်သလဲ။ ဆရာဟူသည် ကျောသားရင်သား မခွဲခြားဘူးဆိုသောစကားကို မေ့ပစ်လိုက်ပုံရသည်။ ကျူရှင်မတက်သည့် ကလေးတွေကိုတော့ သင် ထားတဲ့သင်ခန်းစာအကုန်လုံး ကျက်ခိုင်းသည်။ တကယ်စာမေးပွဲခန်းမှာ မေးခွန်းထွက်လာတော့ ကျူရှင်တက်သော ကလေးတွေကိုပေးသည့် မေးခွန်းပုံစံအတိုင်း၏။ သည်မရွေ့ပါလာ၏။ ကျူရှင်တက် သည့်ကလေးတွေကတော့ အေးဆေးပေါ့။

နောက်စကားတစ်ခွန်းကလည်း မယုံကြည်နိုင်စရာကောင်းလှသည်။

'ငါ့ဆီမှာ ကျူရှင်မတက်တဲ့သူဟာ ငါ့တပည့်မဟုတ်ဘူး' တဲ့။

အဲဒီလောက်အထိ ခါးသီးစရာကောင်းသည့် စကားပြောထွက်ရက်သည့်ဆရာမ။ ကြင်နာစိတ်ကင်း လှပါဘိ။ စာနာတရားဆွံ့ပါးလှသည်။ ဤကဲ့သို့တစ်နေ့တခြား ကျူရှင်တောမှာပျော်ပါးမွေ့လျော်နေပြီး ကျောင်းမှာဝတ်ကျေ တန်းကျေနေနိုင်ရက်သူများအား မည်သို့လုပ်ကြမည်နည်း။ ပြည်သူ့ဝန်ထမ်းဖြစ် ပြီး ပြည်သူ့လစာကိုစားကာ ပြည်သူ့သားသမီးများအပေါ် အမြတ်ထုတ်နေသည့် ပညာရေးဝန်ထမ်းကိစ္စ ဘယ်လိုဖြေရှင်းမလဲ။ ဒီအတိုင်းထိုင်ကြည့်နေခဲ့တာ ကြာပြီ။ အမြစ်တွေလည်းစွဲနေကုန်ပြီ။ အသည်းနာ လှပြီ။ တစ်ခုခုတော့လုပ်သင့်ပြီဟု ကျွန်မထင်မြင်မိသည်။

'နာသုံးနာ' ဆိုသည့်ဆရာတစ်ယောက်ထားရမည့် စိတ်ဓာတ်ကို ရိုက်ချိုးဖဲ့ပစ်နေသူများအား ဘာ ကြောင့်ဤမျှကြာအောင် သက်ဆိုးရှည်နေရတာလဲ။ ကျူရှင်ဖွင့်ချင်လျှင်လည်း အလုပ်ထွက်ပြီး သန့် သန့်ရှင်းရှင်း သင်ကြစေလိုပါသည်။ ကိုယ်ပိုင်ကျောင်းများဖွင့်လှစ်လာတာ ကျွန်မဝမ်းသာသည်။ ကြိုဆို သည်။ ရိုးအီပြီး နားရည်ဝပေမယ့် အဓိပ္ပာယ်ပြည့်ဝနေသော 'တပည့်မရှား၊ တစ်ပြားမရှိ၊ ပီတိကို စား၊ အားရှိ၏' ဆိုသောကဗျာကိုသာ သတိရနေမိသည်။

နောက်ဆုံးသတိချပ်စေလိုတာကတော့ ကျွန်မတို့ဖြတ်သန်းခဲ့ရသော ငယ်ဘဝကျောင်းနေစဉ်တုန်းက ဆရာ၊ ဆရာမတွေကလည်း ကျောင်း၌အစွမ်းကုန်စာသင်ကြသလို ကျောင်းသား၊ ကျောင်းသူများက လည်း အစွမ်းကုန်ကြိုးစားကြသည်။ ကျူရှင်မရှိခဲ့ပါသော်လည်း စာတတ်၊ ပေတတ်တွေ ထွက်ပေါ်လာ တာလည်း အားလုံးအသိ။ အခုတော့မူကြိုအဆင့်ကအစ တက္ကသိုလ်အထိ အားလုံးကျူရှင်တက်မှဖြစ် မည်ဟုမိဘရော၊ ကလေးပါခံယူချက်ကို ပြောင်းလဲကြဖို့ အချိန်တန်ပြီဟု တပ်လှန့်နှိုးဆော်လိုက်ရပါ သည်။

စံတော်ချိန်သတင်းစာ
အတွဲ(၁)၊ အမှတ်(၃၂၅)၊ မတ်လ(၄) ရက်၊ ၂၀၁၄ ခုနှစ်

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...