ချက်ခြင်းလုပ်ဆောင်ရမည့် ပြုပြင်ပြောင်းလဲရေးများနှင့် ကျူရှင်စရိတ်


အမျိုးသားအဆင့် လက်တွေ့ကျသော ပညာရေးပြုပြင်ပြောင်းလဲမှု ဆွေးနွေးပွဲကိုမတ်လ ၅ ရက်က စတင်ကျင်းပသည်။ မြန်မာနိုင်ငံပညာရေးမြှင့်တင်မှု အကောင်အထည်ဖော်ရေး အစီအစဉ်များ၏ တစ် ဆက်တစ်စပ်တည်းသော ဆွေးနွေးပွဲလည်းဖြစ်သည်။ ယင်းဆွေးနွေးပွဲသို့ တစ်နိုင်ငံလုံးတွင်ရှိသော ပညာရေးနှင့်စပ်လျဉ်းသည့်အဖွဲ့အစည်းများအားလုံးနီးပါး တက်ရောက်ကြသည်။ တက္ကသိုလ်အသီး သီးမှ ပညာရေးအကြီးအမှူးများ၊ ပညာရေးအရာရှိကြီးများ၊ အုပ်ချုပ်ရေးဆိုင်ရာ ပုဂ္ဂိုလ်ကြီးများ၊ အောက်ခြေရှိကျောင်းအုပ်ကြီးများ၊ ပညာရေးမှူးများ၊ ဆရာ၊ ဆရာမများနှင့် ပုဂ္ဂလိကကျောင်းများမှ တာဝန်ရှိသူများစုံညီစွာ တက်ရောက်ကြသည်ကို တွေ့ရသည်။ ယင်းဆွေးနွေးပွဲတွင် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက မြန်မာနိုင်ငံပညာရေး စနစ် ပြုပြင်ပြောင်းလဲရေးအစီအစဉ် ရေးဆွဲဖြစ်ပုံနှင့် ပညာရေးမြှင့်တင်မှု အကောင်အထည်ဖော်ရေးကော် မတီကြီးတစ်ရပ် ဖွဲ့စည်းကာပညာရေးပြုပြင် ပြောင်းလဲမည့် လုပ်ငန်းအဆင့်ဆင့် အကြောင်းကို ပြန်ပြောင်း တင်ပြပြောကြားခဲ့သည်။

ယခုပြောင်းလဲပြုပြင်မည့် ပညာရေးစနစ်သည် ‘လက်တွေ့ကျသော ပညာရေးပြုပြင်ပြောင်းလဲမှု’ ဟု ဝိသေသပြုပြီး ဒုတိယသမ္မတ မကြာခဏထည့်ထည့်ပြောဆိုသွားသည်။ ဒေါက်တာစိုင်းမောက်ခမ်းပြော ကြားချက်များထဲတွင် လက်တွေ့ကျသော ပညာရေးပြုပြင်ပြောင်းလဲရေးအတွက် ဆွေးနွေးပွဲများ ကျင်းပနေခြင်းနှင့်အတူ အခြားတစ်ဖက်တွင်လည်း ချက်ချင်းလုပ်ရမည့် ပြုပြင်ပြောင်းလဲရေးကိစ္စများ ကိုပညာရေးဝန်ကြီးဌာနအပါအဝင် ဆက်စပ်နေသည့် ဝန်ကြီးဌာနများက ဆောင်ရွက်နေကြောင်း ထည့်သွင်းပြောကြားသွားသည်။ ယင်းသို့ ‘ချက်ချင်းလုပ်ရမည့် ပြုပြင်ပြောင်းလဲရေးကိစ္စများ’ ဟူသည် ကို ကျောင်းသားမိဘများ မှတ်သားထားနိုင်ရန် ကောက်နုတ်ဖော်ပြပါမည်။

အဓိကဆောင်ရွက်နေ သောကိစ္စများမှာ (တစ်နည်းအားဖြင့် အခြေခံပညာကဏ္ဍမှာ-)

- အခြေခံပညာရေးကဏ္ဍမှာ ကျောင်းအပ်နှံနှုန်း ကျောင်းနေမြဲနှုန်း၊ အတန်းကူးပြောင်းနှုန်း၊ ညွှန်းကိန်း များမြင့်မားလာရေး၊ အရည်အသွေးအာမခံချက် ရှိရေးတို့အတွက် မူလတန်းနှင့်အလယ်တန်းအခမဲ့ ပညာသင်ကြားရေး ဆောင်ရွက်ခြင်း။

- မူလတန်းအဆင့်ကျောင်းများ၌ ဆရာ၊ ဆရာမငါးဦး အပြည့်ခန့်ထားရေးဆောင်ရွက်ခြင်း။

- ဆရာ၊ ဆရာမများ၊ ကျောင်းအုပ်ကြီးများနှင့် မြို့နယ်ပညာရေးမှူးများ စွမ်းဆောင်ရည်မြင့်မားရေး သင်တန်းများ ဖွင့်လှစ်ခြင်း။

- ဆရာအတတ်သင် သင်တန်းများ တိုးချဲ့ဖွင့်လှစ်ပို့ချရေး စီမံဆောင်ရွက်ခြင်း။

- ကျောင်းသား၊ ကျောင်းသူများ စဉ်းစားတွေးခေါ်မှုမှန်ကန်ရေးနှင့် ဦးနှောက်ဖွံ့ဖြိုးတိုးတက်ရေး သင်ရိုး များပြုပြင်ပြောင်းလဲရေးဆွဲခြင်း၊ စာမေးပွဲနှင့် အကဲဖြတ်စစ်ဆေးသည့်စနစ် ပြောင်းလဲအကောင် အထည်ဖော်ခြင်း၊ အဆင့်မြင့်ပညာကဏ္ဍမှာ

- တက္ကသိုလ်များနိုင်ငံတကာ အဆင့်မီရေးနှင့် ပိုမိုလွတ်လပ်သော တက္ကသိုလ်များဖြစ်လာစေရေး။

- သုတေသနအခြေပြု တက္ကသိုလ်များဖြစ်လာစေရန် ဦးတည်ဆောင်ရွက်ခြင်း၊ စသည်တို့ကို ချက်ချင်း လုပ်ဆောင်ရမည့် ကိစ္စများဟုသတ်မှတ်ထားပြီး အခြားပညာရေးနှင့် ဆိုင်သောကိစ္စများဖြစ်သည့် ပညာသင်ဆုများနှင့် ပညာသင်ထောက်ပံ့ကြေးများ ပေးအပ်ခြင်း၊ ကင်းထောက်လူငယ်များ ဖွဲ့စည်း ခြင်း၊ ဘက်စုံထူးချွန်လူငယ်များ ပေါ်ထွက်စေရေး အားပေးချီးမြှင့်ခြင်း၊ သင်ကြားမှုသင်ယူမှုအတွက် လိုအပ်သည့်အခြေခံအဆောက်အအုံများ တိုးချဲ့ခြင်း၊ သင်ထောက်ကူပစ္စည်းများ ဖြည့်ဆည်းခြင်းနှင့် စာကြည့်တိုက်များတိုးချဲ့ခြင်း စသည်တို့ကို ချက်ချင်းဆောင်ရွက်ဖွယ်ကိစ္စများအဖြစ် ဆောင်ရွက်မည် ဟုပြောကြားသွားကြောင်း တွေ့ရှိရပါသည်။

မြန်မာနိုင်ငံ လက်ရှိပညာရေးစနစ်ကို လက်တွေ့ကျသော ပညာရေးပြုပြင်ပြောင်းလဲမှု လုပ်နေဆဲ ကာလတွင် အထက်ပါကဲ့သို့ ပညာရေးလောကတွင် ချက်ချင်းလက်ငင်းဆောင်ရွက်ဖွယ်ရာများကို အ ချက်အလက်ဆွဲထုတ်ပြီး ပညာရေးဝန်ကြီးဌာနနှင့် အခြားဆက်စပ်သော ဝန်ကြီးဌာနများက လုပ် ဆောင်မည် (လုပ်ဆောင်ရမည်။) ဟု ဒုတိယသမ္မတက ပြောကြားသွားသည်ကို ကျေးဇူးတင်ရပါသည်။ ပညာရေးပြုပြင်ပြောင်းလဲရေး၊ ပညာရေးအဆင့်မြှင့်တင်ရေး ကိစ္စများသည်နှစ်ကာလများစွာ စီမံကိန်းချ ၍ဆောင်ရွက်ရန် ထုံးစံရှိသည်မို့ ပညာရေးပြုပြင်ပြောင်းလဲရေး စီမံကိန်းနှစ်အလိုက်ဆောင်ရွက်နေစဉ် အတွင်း ယခုကဲ့သို့ချက်ချင်းလုပ်ရမည့် ပြုပြင်ပြောင်းလဲရေးကိစ္စများ အတွေးပေါ်သည်ကို ကျေးဇူးတင် ရမည်ဖြစ်သည်။ သို့သော်ချက်ချင်းလုပ်ရမည့် ပြုပြင်ပြောင်းလဲရေးထဲတွင် ကျောင်းသားမိဘများ မျက်လုံးပြူးလျှာထွက်ဖြစ်နေကြရသော ချက်ချင်းလက်ငင်းပြဿနာလည်းဖြစ်နေသော ကျူရှင်ကိစ္စ၊ ကျူရှင်စရိတ်ကြီးလေးခြင်းကိစ္စ၊ အပိုသင်ကြားနေရခြင်းနှင့် အပိုကုန်ကျစရိတ်များကိစ္စ တစ်လုံးတစ်ပါဒ မျှမပါဝင်သည်ကိုတော့ ပြောစရာရှိနေပါသည်။

ပညာပြုပြင်ပြောင်းလဲရေး ချက်ချင်းလုပ်ရမည့် ကိစ္စများထဲတွင် ယခုနွေရာသီ ကျောင်းပိတ်ပြီဆိုက တည်းကပင် နောက်တက်ရမည့်အတန်းအတွက် ကြိုတင်သင်ကြားရေးအစီအစဉ်များ စတင်နေပြီဖြစ် သဖြင့် ယင်းအတွက်ကျူရှင်စရိတ်များ ဟောခနဲဟောခနဲထွက်နေရသည့် ကိစ္စလည်းပါဝင်နေပါသည်။ ယင်းကိစ္စကို ပညာရှိကြီးများနှင့် ပညာရှင်ကြီးများ မသိချင်ယောင်ဆောင်နေသည်လား၊ မျက်စိလျှမ်း နေသည်လား၊ သိသိချည်းနှင့်နှာစေးနေသည်လား၊ ပညာရှိသတိဖြစ်ခဲမူကို ကျင့်သုံးနေသည်လား မေး ကြည့်ချင်ပါသည်။

ယနေ့မြန်မာ့ပညာရေးစနစ် ပြုပြင်ပြောင်းလဲကြမည်ဆိုရာတွင် ပြောဆိုဆွေးနွေးနေကြသည့်အထဲတွင် အတန်းပညာတစ်ခုကို ပညာသင်နှစ်တစ်နှစ်တွင် အတန်းပညာတစ်ခုကို ပညာသင်နှစ်တစ်နှစ်တွင် နှစ်ခါသင်၊ သုံးခါသင်နေရသော ဒုက္ခ၊ ယင်းဒုက္ခနှင့်အတူ အတန်းပညာတစ်ခု တည်းကိုပင် ပညာသင် ကြားစရိတ်နှစ်ခါကုန်ကျခံရ၊ သုံးခါအကုန်ကျခံရသည့် ဒုက္ခများကိုမိဘပြည်သူများ ကျောကော့တစ် လှည့်၊ ခါးကိုင်းတစ်ခါ ခံစားနေရသည်ကို ပညာရေးပြုပြင်ပြောင်းလဲရန် ခါးတောင်းကျိုက်ထားသူ ပညာ ရှင်ကြီးများ သိစေချင်ပါ သည်။ အောက်ခြေတွင်ရှိသော အခြေခံပညာအဆင့်ကျောင်းအသီးသီး၊ မြို့နယ်အသီးသီး၊ တောကျေးလက်အဆုံး တစ်ပြည်လုံးတွင် နှစ်ခါသင်၊ သုံးခါသင်ကြားရသော ပညာ ရေးကြောင့် ဒုက္ခရောက်နေကြရသည့် အဖြစ်များမှာချက်ချင်းပြုပြင်ပြောင်းလဲရမည့် ပညာရေးကိစ္စဖြစ် ပါသည်ဟု ပြောချင်ပါသည်။

ထို့ပြင်တစ်နှစ်တခြား ကျူရှင်စရိတ်များ တက်တက်လာခြင်း ပြဿနာသည်လည်းအောက်ခြေတွင် လက်ငင်းရင်ဆိုင်နေရသည့် ကျောင်းသားမိဘများ အမောဆို့ရသော ပြဿနာဖြစ်နေပါသည်။ ကျူရှင် ဟုဆိုရာတွင် အများပြည်သူသိကြသည့်အတိုင်း ကျောင်းတွင်းကျူရှင်နှင့် ပြင်ပကျူရှင်ဟူ၍ ရှိပါသည်။ ထို့ပြင်ဝိုင်းသီးသန့်၊ ရှယ်အတန်း၊ ရိုးရိုးအတန်းကျူရှင်များလည်း ရှိပါသေးသည်။ အခြေခံပညာအဆင့် (သူငယ်တန်းမှ နဝမတန်းအထိ) ကျောင်းသားတစ်ဦးသည် ပညာသင်နှစ်တစ်နှစ်အတွက် ပညာသင် ကြားရပြီဆိုလျှင် ကျောင်းတွင်းကျူရှင်လည်းယူရသည်။ ပြင်ပကျူရှင်လည်းယူနေရပါသည်။

တက္ကသိုလ်ဝင်တန်းဟုခေါ်သော ဒသမတန်းကျောင်းသားကျတော့ ကျောင်းတွင်းကျူရှင်ထက် ပြင်ပ ကျူရှင်များဖြစ်သော ရှယ်တန်း၊ ထူးထူးရှယ်တန်း၊ သီးသန့်ဝိုင်းကြီး၊ ဝိုင်းလေး၊ တစ်ဦးတည်းဝိုင်းတို့ အပြင် ဂိုက်ဟူသောစာကူကျက်ပေးသည့် ဆရာလည်းခေါ်ရ၏။ ထိုသို့မလုပ်ချင်လျှင် ပုဂ္ဂလိကကျောင်း တက်ချင်လည်းရသည်။ ဘော်ဒါထားလျှင်လည်း ရသည်။ ပုဂ္ဂလိကကျောင်းတက်မည်ဆိုလျှင် အစိုးရ ကျောင်းများကဲ့သို့ နေ့စဉ်ကျောင်းတက်ရပြီး နေ့စဉ်စာသင်ပေးသော်လည်း မသေချာသေး၍ ပြင်ပဝိုင်း သော်လည်းကောင်း၊ ဂိုက်သော်လည်းကောင်း ထပ်တက်နေရသေးသည်။ အချို့ဘော်ဒါကျောင်းသား များသည်ပင် ပြင်ပမှဝိုင်းသို့မဟုတ် ဂိုက်ကိုအားကိုးနေရသည်လည်းရှိသည်။

ပြောချင်သည်မှာ စာကိုနှစ်ခါ။ သုံးခါသင်ကြားနေရသော ပညာရေးစနစ်ဖြစ်နေသေးခြင်းနှင့် ဘာ ကြောင့်စာကိုတစ်နှစ်အတွင်း နှစ်ခါ၊ သုံးခါသင်ကြားရလောက်အောင် ဖြစ်နေရပါသလဲဆိုသည် ကို ပြောလိုရင်းဖြစ်သည်။ တစ်နှစ်အတွင်း စာနှစ်ခါ၊ သုံးခါသင်ယူရသည်ဖြစ်၍ ကျောင်းသားလည်း ပင်ပန်း သည်။ အချိန်ကုန်သည်။ အချိန်ဖြုန်းရာကျသည်။ အချိန်ဖြုန်းတီးနေသည်။ မိဘများအဖို့လည်း ပညာ သင်ကြားစရိတ်များနှစ်ခါ၊ သုံးခါအပိုကုန်ကျနေရပါသည်။ စာတစ်ပုဒ်ကိုတစ်နှစ်အတွင်း နှစ်ခါ၊ သုံးခါ သင်ကြားစရိတ်များ နှစ်ခါ၊ သုံးခါအပိုကုန်ကျနေရပါသည်။ စာတစ်ပုဒ်ကိုတစ်နှစ်အတွင်း နှစ်ခါ၊ သုံးခါ သင်ကြားနေကြခြင်းဖြစ်သည်။ သင်ကြားသူ ဆရာ၊ ဆရာမများကသင်ကြားမှု ညံ့ဖျင်းနေ၍လား၊ သင်ယူသူကျောင်းသား၊ ကျောင်းသူတိုင်းကပဲ ဉာဏ်ထုံထိုင်းနေ၍လား၊ ယင်းပြဿနာအောက်ခြေတွင် နှစ်တိုင်းဖြစ်ပျက်နေပါ၍ ယင်းပြဿနာအောက်ခြေတွင် နှစ်တိုင်းဖြစ်ပျက်နေပါ၍ ယင်းပြဿနာသည် လည်း ချက်ချင်းလက်ငင်းပြုပြင်ပြောင်းလဲရမည့်အထဲတွင် ထည့်သွင်းရမည်ဖြစ်ပြီးချက်ချင်းပင် ဖြေရှင်း ရမည်ဟု ပြောချင်းပါသည်။

ထို့ပြင်နောက်ထပ်ပြောချင်သည်များ ရှိပါသေးသည်။ မိဘပြည်သူများလက်ငင်းခံစားနေရသော ဒုက္ခ တစ်ခုဖြစ်ပါသည်။ ကျောင်းသားမိဘတိုင်းသည် မိမိတို့သားသမီးရင်သွေးတိုင်းအား အများနည်းတူ ပညာတတ်စေချင်သော ဆန္ဒလူတိုင်းရှိကြသည်ကို မည်သူမျှငြင်းကြမည်မဟုတ်ချေ။

ယနေ့ပညာခေတ်ကြီးထဲတွင် ပညာရေးကို အားမပေးသောမိဘဟူ၍ ရှိလိမ့်မည်မထင်။ ထို့ကြောင့် မိဘတိုင်း မိမိသားသမီးများပညာတတ်များ ဖြစ်ကြသည်ကို မြင်သွားလိုသူချည်းဖြစ်၍ ပညာရေးနှင့် ပတ်သက်လျှင် အရိုးကြေကြေ အရေခန်းခန်း အသက်ပင်စွန့်ရစွန့်ရ၊ မရမကရှာဖွေပြီး ပညာသင်စရိတ် ကိုကျားကုတ်ကျားခဲပြုနေကြသည်။

သို့သော် အချို့သောအာစရိယ စိတ်ပျောက်ကွယ်နေသည့် ဆရာကြီး၊ ဆရာမကြီးအချို့သည် သူတို့ စီစဉ်ဖွင့်လှစ်သည့် ပုဂ္ဂလိကကျောင်း၊ သို့မဟုတ် ဘော်ဒါကျောင်း၊ သို့မဟုတ် ကျူရှင်ဝိုင်းကြီးများတွင် ကျောင်းလခ၊ ကျူရှင်လခကို တနင့်တပိုးရက်ရက်စက်စက် အညှာအတာမဲ့တောင်းနေကြသည်။ ပညာ သင်ယူခြင်းကို ရောင်းကုန်အဖြစ်စီးပွားတွက်တွက်ကာ ရောင်းဈေး၊ ဆိုဈေး၊ ကြမ်းခင်းဈေးလုပ်နေကြ သည်။ ယင်းသည်ပညာရေးကိုအကြောင်းပြုပြီး ဝိသမစီးပွားရေးဆန်ခြင်းပင် ဖြစ်သည်။

ကျောင်းသားတစ်ဦးကို ကျောင်းသားတစ်ဦး၊ အနာဂတ်တစ်ခု၊ ဘဝတစ်ခုဟုမမြင်တော့ဘဲ လက်သပ် မွေးရမည့် မွေးမြူရေးသတ္တဝါတစ်ကောင်လို သဘောထားနေကြသည်။ မိမိခြံထဲကထွက်သောမြင်း၊ အလွန်ပြေးအားသန်နေသည်ဟု ကြော်ငြာကာ စီးပွားရေးအတွက် ဖန်လွန်းအားကြီးနေသည်။ တည့် တည့်ပြောရလျှင် တက္ကသိုလ်ဝင်တန်းအောင်မြင်ရေးအတွက် ကုန်ကျစရိတ်လွန်စွာ ကြီးလေးနေပါ သည်။ သိန်းပေါင်းရာနှင့်ချီသည်လည်းရှိသည်။ သိန်း ၂၀ မှ ၆၀ ဝန်းကျင်ကုန်ကမခံဘဲ ၁၀ တန်းမ အောင်နိုင်ဟူသောသဘောမျိုး ဖြစ်နေပါသည်။ ယင်းကိစ္စသည်လည်း ပညာရေးလောကတွင် ချက်ချင်း ဖြေရှင်းရမည့်ကိစ္စဟု မြင်ပါသည်။

ပညာရေးလောက၏ ရိုက်စားခွင်ဖန်လုပ်နေကြသော ဝိသမကိစ္စများအားပြောရလျှင် မကုန်နိုင်ပါ။ နှစ်စဉ်နှစ်တိုင်း ယင်းကဲ့သို့တည်မြလာခဲ့သည်မှာ တစ်နှစ်တခြား ပိုဆိုးဆိုး၍လာနေပါသည်။ ထိုသို့ သော ဝိသမပညာရေးသမားများကြောင့် အာစရိယဂုဏ်နှင့်အညီ အေးအေးလူလူစာသင်ကြားပေးသူ ဆရာကြီးအချို့အား သွားထိခိုက်နေစေသည်များလည်း ရှိနေပါသည်။ ယနေ့ကာလသည် ပညာသင် ကြားရေးတွင် ငွေကြေးအကုန်ကျမခံနိုင်ပါက အများနည်းတူပညာသင်ယူခွင့် ဆုံးရှုံးရမည့် အခြေအနေ ဖြစ်နေသည်။

ပညာရေးကို ငွေကြေးဖြင့်ချိန်စက်ဝယ်ယူနေရသည် ဆိုသည်ကတော့ လွန်စွာကြားမကောင်းသော ကိစ္စဖြစ်နေသည်။ တန်းတူပညာသင်ကြားခွင့် ဆုံးရှုံးနေသော တိုင်းပြည်၊ ပညာသင်ကြားရေးတွင် ခွဲခြားဆက်ဆံနေရသော တိုင်းပြည်၊ ငါ့ဝမ်းပူဆာမနေသာ၍ အာစရိယဂုဏောစိတ်များ ပျောက်ကွယ် နေသော တိုင်းပြည်၊ ထိုတိုင်းပြည်၏အနာဂတ်သည် မကျေနပ်ချက်များစွာနဲ့ ကြီးပြင်းလာသောလူများ ၏ လက်ထဲတွင်သာ ရှိပါလိမ့်မည်။

ထို့ကြောင့် လက်ရှိမြန်မာ့ပညာရေးစနစ်သည် ကျူရှင်စနစ်မရှိသော၊ သို့မဟုတ် နှစ်ခါသုံးခါထပ်ကာ ထပ်ကာ စာမသင်ရသော ပညာရေးစနစ်မျိုးချက်ချင်းလုပ်ယူ၍ ရနိုင်ဦးမည်မဟုတ်သောကြောင့် မိဘ ပြည်သူများလက်ငင်းရင်ဆိုင်နေရသော ကျူရှင်စရိတ်ကြီး မြင့်လာခြင်းကိစ္စ၊ ဘော်ဒါခ၊ ကျောင်းလခ ကြီးမြင့်လွန်းသောကိစ္စများကို အပေါ်ကပညာရေးစီမံကိန်းချမှတ်သူ ပညာရှင်ကြီးများ အောက်ခြေသို့ ဆင်းလာကာ စစ်ဆေးမေးမြန်းပြီး သူ့အိုးသူ့ဆန်တန်ရုံနှုန်းထားများဖြင့် သတ်မှတ်ကောက်ခံကာ ပညာ သင်ကြားပေးကြပါဟု ကျောင်းသားမိဘများကိုယ်စား တောင်းဆိုလိုက်ရပါ၏။

စံတော်ချိန်သတင်းစာ
အတွဲ(၁)၊ အမှတ်(၃၃၃)၊ မတ်လ(၁၂) ရက်၊ ၂၀၁၄ ခုနှစ်

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...