3D printer ဖြင့် ဖန်တီးထားသည့် စက်ရုပ်များကို ရောင်းချရန် Intel အသင့်ရှိနေ


3D printer ဖြင့် ထုတ်လုပ် ထားသည့် အစိတ် အပိုင်းများဖြင့် ပြုလုပ်ထားသော လမ်းလျှောက်နိုင်ပြီး စကားပြောနိုင်သည့် စက်ရုပ်တစ်မျိုးကို Intel က မိတ်ဆက်ပေး ခဲ့သည်။ အဆိုပါ စက်ရုပ်ကို ယခုနှစ် ကုန်ပိုင်းတွင် သုံးစွဲသူများထံ အမေရိကန်ဒေါ်လာ ၁,၆၀၀ ဖြင့်ရောင်းချ မည်ဖြစ်သည်။

Jimmy ဟုခေါ်သည့် အဆိုပါစက်ရုပ်ကို Intel ကုမ္ပဏီမှအမှုဆောင်ချုပ် Brian Krznich က ကယ်လီ ဖိုးနီးယားပြည်နယ်၊ ရန်ချိုပါလော့စ် ဗာဒက်စ်မြို့ရှိ Recode Code conference တွင် မိတ်ဆက်ပေး ခဲ့ခြင်းဖြစ် သည်။ အရပ် ၂ ပေရှိသည့် အဖြူရောင်စက်ရုပ်သည် Code conference စင်မြင့်တွင် လမ်းလျှောက်ပြီး လက်ဝှေ့ယမ်းကာ နှုတ်ဆက်ခဲ့ကြောင်း သိရသည်။

Intel ၏အဆိုအရ Jimmy စက်ရုပ်သည် သုတေသနစက်ရုပ် တစ်ခုဖြစ်သော်လည်း ကုမ္ပဏီက 3D printer နှင့် ထုတ်လုပ် ဖန်တီးထားသည့် အတွက် အဆင့်မြင့်စက်ရုပ်ထက် ကုန်ကျစရိတ် နည်းပါးကြောင်း၊ သို့သော် 3D printer ဖြင့်မပြုလုပ်နိုင်သည့် မော်တာများနှင့် Intel Edison ပရိုဆက်ဆာတို့ကို တွဲဖက် ကုမ္ပဏီများမှ ဝယ်ယူသွား မည်ဖြစ်ကြောင်းသိရသည်။

Jimmy စက်ရုပ်သည် သီချင်းသီဆိုခြင်း၊ ဘာသာပြန်ပေးခြင်း၊ tweet များပေးပို့ခြင်းနှင့် ဘီယာငှဲ့ပေးခြင်း တို့ကို ပြုလုပ်ပေးနိုင်သည်။ ထို့အပြင် အဆိုပါစက်ရုပ်ကို ပိုင်ဆိုင်သူများအနေဖြင့်လည်း ထူးခြားဆန်းသစ် သည့် လုပ်ဆောင်ချက်များကို စီစဉ်သတ်မှတ်ပေးထားနိုင်ကြောင်း၊ ထို့အပြင် app များကို download ပြုလုပ် သကဲ့သို့ ပရိုဂရမ်များကို ပိုင်ရှင်အချင်းချင်း ဝေမျှနိုင်မည်ဖြစ်ကြောင်း သိရသည်။

Intel ကမူ အဆိုပါစက်ရုပ်များကို ၅ နှစ်အတွင်း အမေရိကန်ဒေါ်လာ ၁,၀၀၀ အောက်ဖြင့် ရောင်း ချနိုင်အောင် ဆောင်ရွက်သွားမည်ဟု မျှော်လင့်ထားကြောင်း ပြောကြားခဲ့သည်။

-နောင်နောင်

Ref: Reuters
Internet Journal
အတွဲ (၁၅)၊ အမှတ် (၂၁)
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...