5G ကွန်ရက်ကို (၂၀၂၀)ပြည့်နှစ်တွင် စတင်အသုံးပြုနိုင်ရန် တရုတ်ရည်ရွယ်


5G ဆက်သွယ်ရေး ကွန်ရက်ကို သုတေသနပြု တည်ဆောက်လျှက်ရှိပြီး (၂၀၂၀)ပြည့်နှစ်တွင် လက်တွေ့ စတင် အသုံးပြုနိုင်ရန် တရုတ်နိုင်ငံက မျှော်လင့်ထားကြောင်း သိရှိရသည်။ ကမ္ဘာ့နိုင်ငံ အသီးသီးတွင် မျိုးဆက်သစ် ဆက်သွယ်ရေး နည်းပညာအဖြစ် 5Gအဆင့်ကို မြှင့်တင်တည်ဆောက်ရန် အပြိုင်အဆိုင် ကြိုးပမ်းနေရာ တရုတ်နိုင်ငံက လာမည့်(၆)နှစ်မျှအတွင်း လက်တွေ့ဖြစ်လာရန် ရည်မှန်းထားခြင်း ဖြစ် သည်။ ယခုသီတင်းပတ်အတွင်း ပြုလုပ်ကျင်းပနေသည့် Mobile Asia Expo 2014တွင် စက်မှုကဏ္ဍနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး လျူလီဟွာက “တရုတ်နိုင်ငံဟာ 5Gနည်းပညာကို စတင်ပြီး သုတေသနပြု စမ်းသပ်နေပါပြီ။ ဆက်သွယ်ရေး ကဏ္ဍမှာ တစ်ကမ္ဘာလုံး အတိုင်းအတာအရ ဦးဆောင်လာနိုင်မယ့် နည်းပညာကို အနာဂတ်မှာ လက်တွေ့ အသုံးချ သွားနိုင်ဖို့ ရည်ရွယ်ပါတယ်”ဟု ပြောကြားခဲ့သည်။

ရှန်ဟိုင်းတွင် ကျင်းပသည့် နည်းပညာ ပြပွဲ၌ လျူက တရုတ်နိုင်ငံသည် (၂၀၁၃)ခုနှစ် ကတည်းက ပညာ ရပ်ဆိုင်ရာ အထူးအဖွဲ့တစ်ခုကို စုစည်းထားပြီး 5Gနည်းပညာကို ကမ္ဘာနှင့် ရင်ဘောင်တန်း လေ့လာမြှင့် တင်နိုင်ရန် လုပ်ဆောင်နေခဲ့ကြောင်းလည်း ဆိုသည်။ နည်းပညာနယ်ပယ် လေ့လာသူ အများစုကလည်း တရုတ်နိုင်ငံတွင် 5Gကွန်ရက်ကို (၂၀၂၀)ပြည့်နှစ်၌ အမှန်တကယ် အကောင်အထည် ဖော်လာနိုင် လိမ့်မည်ဟု ယူဆထားကြသည်။ 5Gသည် လက်ရှိ အသုံးပြုနေသည့် အကောင်းဆုံး ကွန်ရက်နည်းပ ညာဖြစ်သော 4Gထက် အဆပေါင်း(၁၀၀)မျှ မြန်နှုန်းပိုမို မြင့်မားနိုင်ဖွယ်ရှိသည်။

ကမ္ဘာ့အကြီးမားဆုံး Mobile Carrier ကုမ္ပဏီကြီးဖြစ်သည့် China Mobile အနေဖြင့် 5G ကွန်ရက်ကြောင့် ပိုမိုကောင်းမွန်သည့် ဝန်ဆောင်မှုများ ထောက်ပံ့ပေးနိုင်သလို ကုမ္ပဏီ၏ ဝင်ငွေ ကဏ္ဍကိုလည်း တိုးပွား အကျိုးဖြစ်ထွန်းစေနိုင်မည်ဟု ကုမ္ပဏီ ဥက္ကဋ္ဌ ရှီဂိုဟွာက ပြောကြားခဲ့သည်။ တရုတ်နိုင်ငံမှ Huawei ကုမ္ပဏီသည်လည်း (၂၀၁၈)ခုနှစ် မတိုင်မီတွင် 5Gနည်းပညာ သုတေသန လုပ်ငန်းများအတွက် ဒေါ်လာသန်း(၅၀၀)မျှ ရင်းနှီးမြှုပ်နှံသွားရန် ရည်ရွယ်ထားပြီး ZTE ကလည်း 5G နည်းပညာကို လေ့လာတီထွင်မည့် ပညာရှင် အဖွဲ့တစ်ခုအား ထူထောင်သွားရန် စီစဉ်နေကြောင်း သိရှိရသည်။ 


Planet Myanmar Network
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...