စကြ၀ဠာအတွင်းက တွင်းနက် (Black Holes) တွေ အကြောင်း (၃)



ဧရာမ တွင်းနက်ကြီးများ (Supermassive Black Holes)

ဧရာမ ဆိုတာကတော့ မြန်မာလို ကြီးမားခြင်း၊ ကျယ်ပြန့်ခြင်းလို အဓိပ္ပါယ်ရပါတယ်။ အင်္ဂလိပ်စာလုံး "Giant" နဲ့ အဓိပ္ပါယ် ဆင်တူပါတယ်။ Supermassive black holes ကျတော့ ထုထည်ကြီးမားလွန်းတဲ့ ဧရာမတွင်းနက်ကြီးလို့ ဘဲ ဆိုရမှာပေါ့..။

အပိုင်း (၂) တုန်းကဖော်ပြခဲ့တဲ့ သေးငယ်တဲ့ တွင်းနက်တွေဟာ စကြ၀ဠာအတွင်းမှာ မှိုလိုပေါက်အောင် များပြားလွန်းလှပါတယ်။ ဒါပေမယ့် သူတို့ရဲ့ ညီအကိုတွေဖြစ်တဲ့ ဧရာမ တွင်းနက်ကြီးများကတော့ စကြ ၀ဠာကြီးကို ကြီးစိုး ချုပ်ကိုင်ထားကြပါတယ်။

ဧရာမ တွင်းနက်ကြီးတွေဟာ ထုထည်ဘယ်လောက်တောင်ကြီးသလဲဆိုရင်.. ကျနော်တို့နေထက် ထုထည် အဆပေါင်း သန်းဂဏာန်းမှ ကုဋေဂဏာန်းထိအောင်ကို ကြီးမားပါတယ်။ အရွယ်အစား အားဖြင့်ကျတော့ ကြယ်လေးတစ်လုံးစာလောက်ပဲ ရှိနေပြန်ပါတယ်။ အဲ့ဒီ့တော့ သူရဲ့ သိပ်သည်းဆဟာ အလွန့်အလွန်ကို ကြီးမားလွန်းလှပါတယ်။

နောက်ပြီး ဒီ ဧရာမ တွင်းနက်ကြီးတွေဟာ ဂလက်ဆီအားလုံးရဲ့ အလယ်မှာ ရှိနေတတ်ပါတယ်။ ကျနော်တို့ နေအဖွဲ့အစည်းတည်ရှိရာ နဂါးငွေ့တန်းဂလက်ဆီရဲ့ အလယ်မှာလည်း ရှိပါတယ်။ (ပုံမှာပြ ထားပါတယ်။) ဂလက်ဆီတွေရဲ့ အလယ်မှာနေပြီး..သူ့အနီးနားမှာရှိတဲ့ ဖုန်မှုန့်များ၊ ဓါတ်ငွေ့များနဲ့ ကြယ်၊ ဂြိုဟ်များစွာကို ဖမ်းယူစားသုံးကာ ထုထည် အရွယ်အစားကို ကြီးထွားစေပါတယ်။

သိပ္ပံပညာရှင်များအတွက် ဒီလို ကြီးမားတဲ့ တွင်းနက်ကြီးတွေ ဘယ်လိုပေါက်ဖွားလာကြ တယ်ဆိုတာ ကတော့ ပဟေဠိတစ်ခုအဖြစ် ရှိနေဆဲပါ။

တချို့သိပ္ပံပညာရှင်များကတော့ ဧရာမ တွင်းနက်ကြီးတွေဟာ သေးငယ်တဲ့ တွင်းနက်တွေစုပေါင်းပြီး ဖြစ် လာတယ်လို့ ယူဆထားကြပါတယ်။ နောက်ပြီး ကြီးမားတဲ့ ဓါတ်ငွေ့တိမ်တိုက်တွေဟာလည်း သူတို့ ဖြစ်ပေါ်မှုကို အကူအညီ အထောက်အပံ့ ဖြစ်စေတယ်လို့လဲ ယူဆထားပါတယ်။ နောက်တစ်ချက်ကတော့ ကြီးမားတဲ့ ကြယ်များ စုပေါင်းပြီး အတူတကွ ပျက်ဆီးရာက ဖြစ်လာတယ်လို့လဲ ယူဆထားကြပါတယ်။

မည်သို့ပင်ဆိုစေ..ကျနော်တို့ ကမ္ဘာပါဝင်တဲ့ နေအဖွဲ့အစည်းကတော့ နဂါးငွေ့တန်းဂလက်ဆီရဲ့ အလယ်က ဧရာမ တွင်းနက်ကြီးကို ဗဟိုပြုပြီး အလင်းနှစ် ၂၆၀၀၀ အကွာမှ လှည့်ပတ်လျက် ရှိနေပါတော့တယ်..။


အာကာသနှင့် စကြ၀ဠာ
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)


ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...