ကိုယ်ချင်းစာ

မြန်မာမှုနယ်ပယ်မှာ “လူလိုသိပါ၊ ကိုယ်ချင်းစာ” ဟူ၍ရှိသည်။ လူ့အသိ လူပီသမှုကို ကိုယ်ချင်းစာနာ တတ် မှုနှင့် တိုင်းတာခိုင်းနှိုင်းထားပေသည်။ ကိုယ်ချင်းစာတတ်လျှင် လူပီသသူ။ ကိုယ်ချင်းစာတရားမရှိက လူ့အ ဆင့်မှနိမ့်ကျသွားရသည်။
“ကိုယ်ချင်းစာ နာခဲ့ရပြီ” ဟူ၍သီချင်းဖွဲ့သီဆိုကြသည်။ အမှန်မှာကိုယ်ချင်းစာ၍ နာခဲ့ရခြင်းမဖြစ်နိုင်။ ကိုယ့် စိတ်နှင့်နှိုင်း၍သာ ထိုသို့နာခဲ့ရခြင်းဖြစ်လိမ့်မည်။ “ကိုယ့်စိတ်နှင့်နှိုင်းမရိုင်း” ဟုဆိုကြငြားလည်း ကိုယ့် စိတ်နှင့်ခိုင်းနှိုင်း၍ ရိုင်းခဲ့ရသည်များ ရှိတတ်ပါသည်။
ကိုယ်ချင်းစာခြင်းသည် ကိုယ့်စိတ်နှင့်ခိုင်းနှိုင်းခြင်းတစ်မျိုးပင်ဖြစ်သည်။ မှန်၏။ သို့သော်ကိုယ့်စိတ်နှင့် နှိုင်းတိုင်းကိုယ်ချင်းစာတရားဖြစ်မလာနိုင်ပါ။ ရှင်းပါအံ့။ ဥပမာတစ်စုံတစ်ဦးသည် အပြောအဆို မယဉ် ကျေး၊ ကြမ်းတမ်းသည်။ ထို့နည်းတူတခြားသူတစ်ဦးသည်လည်း သူလိုပင်အပြောအဆိုကြမ်းတမ်း၊ မယဉ်ကျေးသူဖြစ်လိမ့်မည်။ ဤသို့တစ်ဖက်လူအား ကိုယ့်စိတ်နှင့်နှိုင်းယှဉ်ကြည့်လိုက်ခြင်း။ ကိုယ်ချင်း စာတရားမှာ ထိုသို့မဟုတ်။ နှုတ်လျှာကြမ်းတမ်း၊ မယဉ်မကျေးစွာ မိမိကတစ်ဖက်သားအပေါ် ဆက်ဆံ လာခဲ့သော် မိမိမည်ကဲ့သို့ခံစားရမည်။ မိမိမကြိုက်လျှင် တခြားလူတစ်ဦးသည်လည်း ကြိုက်မည်မ ဟုတ်။ ကိုယ်ချင်းစာမိခြင်း၏ အစဖြစ်သည်။ ကိုယ့်ထံပြန်လာမည့် သက်ရောက်မှုအပေါ် ကိုယ့်စိတ်နှင့် ခိုင်းနှိုင်း ခံစားလိုက်ခြင်းဖြစ်သည်။ မိမိမကြိုက်မနှစ်သက်သည့် အပြောအဆိုအပြုအမူမျိုးကို တခြားလူ သည်လည်း မိမိကဲ့သို့ပင် ကြိုက်နှစ်သက်မည်မဟုတ်။ ဤအသိသည်ပင် ကိုယ်ချင်းစာနာခြင်း ဖြစ်သည်။ “ကိုယ့် စိတ်နှင့်နှိုင်း မရိုင်း” ခြင်းပင်ဖြစ်သည်။ ကျိုးကြောင်းဆင်ခြင်ကာ နှိုင်းယှဉ်ခံစားမှုရသလို သတ္တလောက တွင် လူသားတွေသာပိုင်ဆိုင်ကြပါသည်။ မွေးရာပါဗီဇတစ်မျိုးဟုပြော၍ရပါသည်။ တိရစ္ဆာန်နယ်ပယ်မှာ ဤအသိမျိုးမရှိ။ ထို့ကြောင့်လည်း “လူလိုသိပါ၊ ကိုယ်ချင်းစာ” ဆိုစကား လူ့နယ် ပယ်မှာ ဖြစ်တည် လာခြင်း၊ တစ်နည်းလူနှင့်တိရစ္ဆာန်နယ်ပယ်ကိုခွဲခြား ကွဲပြားစည်းတားပိုင်းခြားထားသည့် စကားဥပမာဟု လည်း ဆိုနိုင်ပါသည်။
ထို့ကြောင့် လူ့အဆင့်မီသည့် လူသားတစ်ယောက်ပီသမှု မပီသမှုကို ရှေးလူကြီးသူမများက ကိုယ်ချင်း စာတရားနှင့် တိုင်းတာသတ်မှတ်ရာမှ “လူလိုသိပါကိုယ်ချင်းစာ” စကားပြောစမှတ် ဖြစ်လာခဲ့ခြင်းဖြစ် သည်။ တစ်ခါတစ်ရံ လူအချင်းချင်းကြားမှာ ကိုယ်ချင်းစာနာတတ်အောင် ကိုယ်တိုင်ကိုယ်ကျ ခံစားစေ ခြင်းဖြင့် နမူနာပြရသည်များလည်းရှိသည်။ ယင်းတို့အနက်မှ နပိုလီယံ၏ သင်ပြပေးမှုတွေက သွေးလန့် စရာဖြစ်သည်။ ရုရှားစစ်မြေပြင်မှာ နပိုလီယံနောက်လိုက်များနှင့် လူစုကွဲသွားသည်။ တစ်ယောက်တည်း နပိုလီယံကို ရန်သူရုရှားစစ်သားများက ဝိုင်းလိုက်သည်။ နပိုလီယံ သေပြေးရှင်ပြေးပြေးရင်း သိုး မွေးထည် ဆိုင်ထဲ ရောက်သွားသည်။ ရာဇအိနြေ္ဒမဆည်နိုင်။ ကူပါကယ်ပါနှင့်။ မရှက်မကြောက်နိုင် အကူအ ညီတောင်းရသည်။ သိုးမွေးပုံကြီးအောက် ဝင်ပုန်းခွင့်ရသွားသည်။ ရန်သူစစ်သားများ ရောက် လာပြီး ဆိုင်အတွင်း မွှေနှောက်ရှာကြသည်။ နပိုလီယံပုန်းနေသော သိုးမွေးပုံကြီးကို လှံစွပ်တွေနှင့် တစွပ်စွပ် ထိုးမွှေကြသည်။ သိုးမွေးပိုင်ရှင်ခမျာ ရင်တမမနှင့် နောက်ဆုံးပြင်သစ်ကိုယ်ရံတော်တပ်တွေ ရင်တမမနှင့် နောက်ဆုံးပြင်သစ်ကိုယ်ရံတော်တပ်တွေရောက်လာမှ နပိုလီယံအသက်ချမ်းသာရသွား သည်။ နပိုလီယံ အသက်ကို သိုးမွေးပိုင်ရှင်က ကယ်လိုက်ခြင်းဖြစ်သည်။
သို့သော် စကားတစ်ခွန်းကြောင့် နပိုလီယံထောင်းခနဲဒေါသဖြစ်သွားရသည်။ “သိုးမွေးပုံအောက်ရောက် နေချိန်တစ်ခဏမှာ အဆုံးစီရင်ခံရနိုင်တယ်လို့ သိနေတဲ့အခါမှာ ဘယ်လိုခံစားရပါသလဲခင်ဗျာ” ဟူသော အမေးစကားကြောင့် သိုးမွေးဆိုင်ပိုင်ရှင်ခမျာ ချက်ချင်းဖမ်းချက်ချင်းသုတ်သင်ခံရမည့် ဘဝ ဆိုက်ရောက် သွားရသည်။ သူ့ကိုနံရံမှာ ကပ်စေးပြီးမျက်နှာကို ပဝါစည်းလိုက်သည်။
“အသင့်ပြင်ချိန်” ပစ်မိန့်ပေးနေသူကား နပိုလီယံကိုယ်တော်တိုင်ဖြစ်နေသည်။ ပစ်ခတ်ရန် ရိုင်ဖယ်သေ နတ်များပြင်ဆင်သံကို အတိုင်းသားကြားနေရသည်။ စကားတစ်ခွန်းကြောင့် သေရတော့မည်။ သေရ တော့မည်ဆိုသည့်အသိနှင့် သိုးမွေးဆိုင်ပိုင်ရှင်မှာ ဆောက်တည်ရာမရဖြစ်နေသည်။ သူ့ဒူးတွေ တ ဆတ်ဆတ်တုန်နေသည်။ အမျိုးအမည်မဖော်ပြနိုင်သည့် ဝေဒနာတစ်ခုကြောင့် မျက်ရည်တွေစီးကျလာ သည်။
အသင့်ပြင်ချိန်ဆိုပြီး နောက်ထပ်အသံမကြားရ။ သူ့အနီးသို့ချဉ်းကပ်လာသည်။ ခြေသံကိုသာ သိုးမွေး ဆိုင်ပိုင်ရှင်ကြားရသည်။ ထို့နောက် သူ့မျက်နှာမှာစည်းထားသည့် အဝတ်ကိုဖြေပေးသည်။ သူ့အား ဖောက်ထွင်းမတတ် စူးစိုက်ကြည့်နေသည့် နပိုလီယံ၏ မျက်လုံးအစုံ။ “ကဲအခုတော့ မင်းသိပြီမဟုတ် လား” နပိုလီယံ၏ လေသံအေးအေးနှင့် စကားသံ။ သိုးမွေးဆိုင်ပိုင်ရှင်အတွက် တစ်သက်မမေ့နိုင်စရာ အသက်နှင့်ရင်းပြီး ရလိုက်သောဘဝသင်ခန်းစာတစ်ခု။ ကိုယ်ချင်းစာတတ်အောင် သင်ပေးခဲ့သူနပိုလီ ယံအတွက်ကား အသက်သခင်ကျေးဇူးရှင် သိုးမွေးဆိုင်ပိုင်ရှင်အပေါ် ကျေးဇူးဆပ်ခြင်း ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။ ပေးသူမှာ အေးအေးသက်သာနှင့် ရယူသူအတွက်ကားမသက်သာ။ တစ်သက်တာ အမှတ်တရလက်ဆောင် ဖြစ်သွားရသည်။
ရာထူးဌာနန္တရကြီးသူငယ်သူ၊ အသက်အရွယ်အားဖြင့် ကြီးသူငယ်သူမဟူ သေခြင်းတရားနှင့်ရင်ဆိုင် လာရချိန် ခံစားချက်မှာ အတူတူပင်ဖြစ်ကြောင် နပိုလီယံ၏ရိုးသားစွာ ဝန်ခံခဲ့မှုနမူနာတစ်ခု။ အမေး စကားရှိလာခဲ့သူ သိုးမွေးဆိုင်ပိုင်ရှင်ကို မည်သို့ခံစားရသည်ကို ပြောပြ၍ရသည့်အရာမဟုတ်။ ကိုယ် တိုင်ကိုယ်ကျ ခံစားသိစေပြီးမှ ကိုယ်ချင်းစာတတ်အောင် လုပ်ဆောင်ပြခြင်း။
လူသားတိုင်းနှလုံးသားမှာ ကိုယ်ချင်းစာတရားကိန်းအောင်း လမ်းကြောင်းမှန်ပေါ်မှာ လူသားအမြင်ရှိ နိုင်ကြပါစေ။ ။
ကြေးမုံသတင်းစာ
ဇွန် (၂) ရက်၊ ၂၀၁၄ ခုနှစ်
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
ကိုမျိုး (lwanmapyay.blogspot.com)